စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

ငါးပိ၊ အာဆင်းနစ်၊ ယူရီးယားနဲ့ ကျန်းမာရေးအန္တရာယ်

မကြာသေးခင်က ရန်ကုန်မြို့ရဲ့ စျေးတစ်ခုအတွင်း သားငါး ရောင်းတဲ့နေရာကို ရောက်သွားချိန်မှာ အံ့သြစရာ အခြေအနေ တစ်ခုကို တွေ့ခဲ့ရပါတယ်။

ဟင်းသီးဟင်းရွက်တန်းမှာတော့ ယင်ကောင်တွေ တဝီဝီ ပျံသန်းနေပေမယ့် ငါးပိဆိုင်တွေမှာတော့ ယင်ကောင် တစ်ကောင်မှ မရှိသလို၊ ငါးပိပုံထဲမှာလည်း လောက်ကောင်လေးတွေကို မတွေ့ရပါဘူး။ ငါးပိနဲ့လောက် ရွှေနဲ့ကျောက်လို့ ဆိုကြပေမဲ့ ငါးပိဆိုင်တွေရဲ့ အနေအထားက အဲဒီဆိုရိုးစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

မြန်မာတွေရဲ့ ရိုးရာအစားအစာ ငါးပိမှာ ဆိုးဆေး၊ ယင်မနားဆေး၊ လောက်သေဆေး၊ ပိုးသတ်ဆေးတွေ ပါဝင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ နှစ်နဲ့ချီ ရှိခဲ့ပေမယ့်လည်း ငါးပိနဲ့ ပတ်သက်တဲ့ သုတေသနတွေ ထွက်ပေါ်လာခြင်း မရှိသေးသလို စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ လေထဲ တိုက်အိမ်ဆောက်သလို မှုန်ဝါးဝါး ဖြစ်နေဆဲပါ။

ကင်ဆာနဲ့ ရောဂါစုံဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေးပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေချိန်မှာ အစားအစာတွေ ဘေးကင်းလုံခြုံအောင် အစိုးရက ယခုထက်ပိုပြီး ထိထိရောက်ရောက် မလုပ်ဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ငါးပိထဲက အာဆင်းနစ်

ရန်ကုန်မှာ အစားအစာသုတေသီတချို့ရဲ့ အကူအညီနဲ့ စျေးကွက်ထဲက ငါးပိနမူနာတချို့ယူပြီး အစိုးရ အသိအမှတ်ပြုဓာတ်ခွဲခန်း ၁ဝ ခု လောက်ကို မကြာသေးခင်က သွားရောက် ဆက်သွယ်ရာမှာ ဓာတ်ခွဲခန်း ၄ ခုကသာ ငါးပိကို လက်ခံ စစ်ဆေးနိုင်တာ တွေ့ရပါတယ်။ အဲဒီထဲမှာပဲ ဓာတ်ခွဲခန်း၂ခုက အာဟာရတန်ဖိုးတွေကိုသာ စစ်ဆေးပေးနိုင်တာပါ။

ဓာတ်ခွဲခန်းတစ်ခုရဲ့ အဖြေကတော့ မျှင်ငါးပိနမူနာမှာ အာဆင်းနစ် ပါဝင်မှု မရှိပါဘူး။ တခြား ဓာတ်ခွဲခန်း တစ်ခုရဲ့ တွေ့ရှိချက်ကတော့ အာဆင်းနစ်ဓာတ် ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်ထက် ၅ ဆနီးပါး ပိုနေပါတယ်။ ဓာတ်ခွဲခန်းမှူးကတော့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဓာတုဆိုးဆေးကြောင့်လို့ ပုံသေ ပြောလို့မရဘူး၊ ဧရာဝတီတိုင်းဒေသကြီးကထွက်တဲ့ ငါးပိတွေမှာဆို ရေကတစ်ဆင့် ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အစားအသောက်ဆိုင်ရာ ပညာရှင် ဒေါက်တာစိုးခိုင်ကလည်း ဒေသတချို့ရဲ့ မြစ်ချောင်း၊ အင်းအိုင်များက ရရှိတဲ့ ငါးပုစွန်တွေမှာ အာဆင်းနစ်က သဘာဝ အလျောက် ပါဝင်နိုင်သလို၊ ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်မှာလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့ ရှင်းပြပါတယ်။

ရန်ကုန်မြို့က မျှင်ငါးပိသိုလှောင်ထားတဲ့ ငါးပိ ထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခု။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက မျှင်ငါးပိမှာ တားမြစ်ဆိုးဆေး အသုံးမပြုရေး ပညာပေး ဆွေးနွေးနေတာ နှစ်နဲ့ချီ ရှိပါပြီ။ လုပ်ငန်းရှင်အများအပြားကတော့ ငါးပိ ရောင်းပန်းလှရေး လုပ

အာဆင်းနစ် အဆိပ်သင့် ရောဂါလက္ခဏာတွေထဲ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ပါဝင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အသည်းကင်ဆာက ကင်ဆာရောဂါအားလုံးရဲ့ တတိယ အဖြစ်အများဆုံးအဆင့်မှာ ရှိနေကြောင်း ရန်ကုန်၊ လမ်းမတော် မြို့နယ် ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီးရဲ့ မှတ်တမ်းများအရ သိရပါတယ်။

အဲဒီ ဆေးရုံမှာ အသည်းနဲ့ပတ်သက်ပြီးကုသမှု ခံယူနေတဲ့ လူနာများစွာထဲမှာ တစ်ဦးက ၅၆ နှစ် အရွယ် ဒေါ်ခင်ခင်စော ဖြစ်ပါတယ်။

“ရုတ်တရက် ခေါင်းမူးပြီး ကြွက်တက်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်မှပဲကျွန်မမှာ ဆီးချို၊ သွေးတိုးသာမကဘဲ အသည်းကိုပါ ထိနေတယ်ဆိုတာ သိရတာ” လို့ ဒေါ်ခင်စောက ဆိုပါတယ်။

“နေ့တိုင်းစားနေတဲ့ ငါးပိမှာ ဆိုးဆေးတွေ၊ ယူရီးယားတွေ ထည့်တယ်လို့ အပြင်မှာပြောကြတာပဲ။ ငါးပိရည် မပါရင် ထမင်းစားမမြိန်လို့ စားနေတာပဲ။ အခုတောင် သွေးတိုးရောဂါရှိတယ်လို့ ဆရာဝန်ပြောလို့ လျှော့စားနေရတယ်”

သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ အပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက မြင့်မားလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သည့် ရောဂါများကာကွယ်နှိမ်နင်းရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက ပြောပါတယ်။ တခြားရောဂါတွေကြောင့် သေဆုံးသူ ရာခိုင်နှုန်းထက် ထက်ဝက်ကျော် ရှိနေတယ်လို့ သူက ဆိုပါတယ်။

အာဆင်းနစ်အဆိပ်သင့် အစားအစာတွေကြောင့် အသည်း၊ ကျောက်ကပ် ပျက်စီးစေတယ်၊ ရောဂါလက္ခဏာ ပေါ်လာဖို့လည်း ၅ နှစ်မှ ၁၅ နှစ်အတွင်း ကြာတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

အာဆင်းနစ် ပါဝင်တဲ့ရေကို သောက်သုံးရတဲ့ ဒေသက ဒေသခံတွေ အနေနဲ့ ဆီးအိမ်၊ အဆုတ်၊ အရေပြား ကင်ဆာတို့ ဖြစ်စေနိုင်ပြီး အရေပြား ပြဿနာ များ၊ သွေးလည်ပတ်မှုစနစ်၊ ပင်ကို ခုခံအားစနစ် နဲ့ အာရုံကြော စနစ်တွေကို ပျက်စီး ထိခိုက်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စစ်တမ်းက ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ ငါးပိ အလုပ်ရုံတစ်ခုအတွင်း တွေ့ရတဲ့ အရည်ကျို ငါးပိ သိုလှောင်ကန်တစ်ခု။ လုပ်ငန်းရှင်တချို့က ကာလတိုအတွင်း ကုန်ချောထုတ်လုပ်ပြီးစီးချင်တဲ့ အတွက် အရည်ကျိုငါးပိထဲ ယူရီးယားမြေသြဇာထည့်ကြတယ်လို့ အစားအစာ သုတေသီ ဒေါက်တာ ပြည့်ဖြိုးက ဆိုပါတယ်။

ငါးပိ စျေးကွက်

မြန်မာပြည်သား အများအပြား နှစ်သက်ကြတဲ့ ငါးပိကို ဧရာဝတီတိုင်း ဒေသကြီးမှာ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအနှံ့ ဖြန့်ချိနေပါတယ်။

စျေးနှုန်းအနည်းငယ် မြင့်မားတဲ့ မြိတ်၊ ထားဝယ်ဒေသနဲ့ ရခိုင်ပြည်နယ်ထွက်ငါးပိက ဒေသတွင်း စားသုံးမှုများပြီး တခြားဒေသကို တင်ပို့မှု နည်းပါတယ်။

နှစ်စဉ် ငါးပိနဲ့ငံပြာရည်တန်ချိန် ၃,၁ဝဝ၊ ငါးခြောက်တန်ချိန် ၅၃,ဝဝဝ လောက်ကို အလုပ်သမားအင်အား ၆,ဝဝဝ ဝန်းကျင်နဲ့ ထုတ်လုပ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနရဲ့ ခန့်မှန်းစာရင်းတွေမှာ တွေ့ရပါတယ်။

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ငါးပိ၊ ငါးခြောက်ဇုန်မှာ အလုပ်ရုံ ၄ဝဝ ဝန်းကျင်ဟာ မြေအောက်ရေကိုသာ သုံးစွဲကြပြီး ရေသန့်စက်တွေ တပ်ဆင်သုံးစွဲဖို့ တွက်ခြေ မကိုက်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ငါးပိလုပ်ငန်း လုပ်ကိုင်သူတွေက စည်ပင်သာယာရေး ကော်မတီ၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှာ လုပ်ငန်းလိုင်စင်လျှောက်ဖို့ လိုအပ်ပါတယ်။ ငါးပိလုပ်ငန်းရှင် ၂ဝဝ ကျော်က ငါးလုပ်ငန်းဦးစီးဌာနမှာ လိုင်စင်တင်ထားတယ်၊ ဒါဟာ နိုင်ငံတစ်ဝန်း လုပ်ငန်းရှင်အရေအတွက်ရဲ့ ၁ဝ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုတယ်လို့ မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

အရည်ကျို ငါးပိကို စဉ့်အိုးထဲ သိုလှောင်ထားပုံ။ ငါးပိစျေးကွက်ထဲမှာ အရည်ကျို ငါးပိက ရောင်းအား အကောင်းဆုံး ဖြစ်ပြီး ၁ ပိဿာကို လက်ကားစျေး ကျပ် ၃၅ဝ ဖြစ်ပါတယ်။

မျှင်ငါးပိနဲ့ ဆိုးဆေး

ငါးပိဆိုတာ မိသားစု အများစုရဲ့ မီးဖိုခန်းထဲမှာ သိ်မ်းဆည်း သိုလှောင်ထားတဲ့ အစားအစာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ မြန်မာတွေ အမြဲတောင့်တမိတဲ့ အစားအစာ စာရင်းမှာလည်း ငါးပိရည်၊ ငါးပိထောင်းက ထိပ်တန်းမှာ နေရာယူထားပါတယ်။

ရန်ကုန်၊ လမ်းမတော်မြို့နယ်နေ ဒေါ်ခင်မေမြင့်က “ဇာတိမြေဖြစ်တဲ့ သံတွဲကပဲ မျှင်ငါးပိကို မှာပြီးတော့ သုံးတာ။ လတ်ဆတ်တဲ့ မျှင်ကောင်တွေကို ထောင်းထားတဲ့အတွက် အနံ့ ပိုကောင်းတယ်။ အိမ်က ဟင်းချက်တဲ့အခါ မပါမဖြစ်ဆိုတော့ ၁ နှစ်စာလောက်ကို ဝယ်လှောင်ထားရတယ်” လို့ ပြောပြပါတယ်။

ငါးပိမှာ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများကြီးပါဝင်တဲ့အတွက် အရိုးအဆစ် သန်မာစေရုံမက ကျန်းမာရေးအတွက်လည်း များစွာ အကျိုးပြုတယ်လို့ ပညာရှင်တွေဆီက သိရပါတယ်။

ကမ်းရိုးတန်းဒေသမှာ ငါးခြောက်လုပ်ဖို့ စံမမီတဲ့ငါးတွေကို ကြိတ်ပြီး ဆားလူး လိုက်ပါတယ်။ အဲဒီနောက် ပုစွန်ဖွဲခွံ ရောထည့်ပြီး ကြိတ်ရပါတယ်။ လုပ်ငန်းရှင်တချို့ကတော့ မကြိတ်ခင်မှာ ဆိုးဆေးကို ရေဖျော်ပြီး ဖြန်းတယ်၊ သုံးခေါက်လောက် ကြိတ်လိုက်ရင် အရောင်ညီညာတဲ့ မျှင်ငါးပိကို ရနိုင်တယ်လို့ ပြောပါတယ်။

စျေးကွက်မှာ မျှင်ငါးပိ ရောင်းပန်းလှဖို့ ဓာတုဆေး အသုံးပြုလာတာ နှစ်ပေါင်း ၄ဝ ဝန်းကျင် ကြာခဲ့ပြီလို့ သိရပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တားမြစ်တာတွေ ရှိပေမယ့် ငါးပိ ထုတ်လုပ်သူတချို့က တားမြစ်ဆိုးဆေးတွေရဲ့ အန္တရာယ်ကို သိပုံမရကြပါဘူး။ စားသုံးသူတချို့ကလည်း မျှင်ငါးပိ ဆိုတာ အနီရောင်လို့ ထင်မှတ်နေတာတွေလည်း ရှိပါတယ်။

မျှင်ငါးပိ အရောင်နီနေတိုင်းလည်း အရောင်ပါတယ်လို့ ပြောလို့ မရပါဘူး။ ပင်လယ် လေတိုက်တာတွေ ပြောင်းလဲတဲ့အခါ သဘာဝအရောင်ပါတဲ့ မျှင်ငါးပိကို ရရှိနိုင်ပါသေးတယ်။

ငါးပိအလုပ်ရုံ တစ်ခုအတွင်း စဉ့်အိုးထဲ သိပ်ထားတဲ့ မျှင်ငါးပိကို တွေ့ရပုံ။ ရောင်းပန်းလှ၊ တာရှည် အထားခံဖို့ ငါးပိကို ဆေးဆိုးကြတယ်၊ မျှင်ငါးပိမှာ အများဆုံးတွေရတဲ့ တားမြစ်ဆိုးဆေးက Rhodamine B ဖြစ်တယ်လို့ သိရပါတယ်။ ဒီဆိုးဆေး အမျိုးအစားကို သိုးမွေး၊ ပိုးထည်၊ သားရ

အရောင်ထည့်ရခြင်းရဲ့ အားသာချက်ထဲမှာ အရသာ ခါးသက်မသွားခြင်း၊ တာရှည်အထားခံခြင်းတို့ ပါဝင်ကြောင်း ငါးပိလုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ငါးပိလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးရွှေမန်းက “လုပ်ငန်းရှင်တွေ အနေနဲ့ အမြဲတမ်း ဓာတ်ခွဲခန်းကို သွားပြီး စမ်းသပ်နေဖို့ မဖြစ်နိုင်ပါဘူး၊ ငါးပိထွက်တဲ့ အချိန်ကျရင် တစ်ရက်ကို ငါးပိကုန်သည် အယောက် ၆ဝကနေ ၈ဝ အထိ ဘုရင့်နောင် ပွဲရုံကို တင်ပို့နေတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

တားမြစ်ဆိုးဆေး နဲ့ ကင်ဆာ

စားသောက်ကုန်တွေ အရောင်အဆင်း လှ၊ အရသာ ကောင်း၊ တာရှည်ခံဖို့အတွက် ဓာတုဆေး သုံးစွဲတာ ပိုမို များပြားလာကြောင်း စျေးကွက်ထဲ စုံစမ်းမှု အရ သိရပါတယ်။

အစားအစာထဲ အများဆုံးတွေ့ရှိရတဲ့ ဓာတုဆိုးဆေးမှာ အထည်ချုပ်လုပ်ငန်းသုံး Rhodamine B ဖြစ်ကြောင်း၊ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့ လတ်တလော ဖြစ်ပေါ်စေကြောင်း သိရပါတယ်။ ရေရှည်မှာတော့ ခန္ဓာကိုယ်ကြီးထွားမှု ထိခိုက်စေခြင်း၊ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးခြင်းနဲ့ ကင်ဆာ ရောဂါတွေ ဖြစ်ပေါ်စေနိုင်ကြောင်း FDA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဒီဆိုးဆေးအပါအဝင် Auramine O, Sudan Dyes, Orange II တို့ဟာ မြန်မာပြည် အစားအသောက်လုပ်ငန်းအတွင်း အများဆုံး သုံးနေကြတဲ့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေးများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အရည်ကျိုငါးပိအတွက် ကြိတ်ထားတဲ့ ငါးခေါင်း၊ ငါးရိုးတွေကို ရန်ကုန်မြို့ ငါးပိစက်ရုံတစ်ခုအတွင်း ကြမ်းပြင်ပေါ်မှာ ပုံပြီး သိုလှောင်ထားတာ ဖြစ်ပါတယ်။ မြေသြဇာ၊ ဓာတုဆေး မသုံးဘဲ အရည်ကျိုငါးပိ ဖြစ်လာဖို့ဆိုရင် အနည်းဆုံး ၃ လကနေ ၆ လအထိ ကြာကြောင်း သိရပါတယ်။

ဓာတ်ခွဲခန်းမှူး တစ်ဦးကတော့ သူတို့ဆီမှာ Rhodamine B မှတစ်ပါး တခြားတားမြစ်ဆိုးဆေးတွေကို ရှာဖွေ စမ်းသပ်နိုင်တဲ့ နည်းပညာတွေ မရှိသေးဘူးလို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ကင်ဆာရောဂါတွေရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အစားအသောက်က မြစ်ဖျားခံတယ်လို့ မီဒီယာတချို့မှာ ဖော်ပြနေကြတာ ကြာပါပြီ။

၂ဝဝ၈ ခုနှစ်ကကျန်းမာရေး ဝန်ကြီးဌာနက စျေးကွက်အတွင်း မျှင်ငါးပိမှာ တားမြစ်ဆိုးဆေးပါရင် သိမ်းယူပြီး ဖျက်ဆီးခဲ့ပါတယ်။

အစားအသောက်မှာ တားမြစ်ဓာတုဆေး လုံးဝ အသုံး မပြုဖို့ လုပ်ငန်းရှင်တွေကို သတိပေးထားပြီး လိုက်နာမှုမရှိပါက အမျိုးသား အစားအသောက် ဥပဒေ အရ အရေးယူမယ်လို့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ ခုနှစ်က ဧရာဝတီတိုင်း ဒေသကြီးမှာ FDA ရုံးခွဲတစ်ခုကို တိုးချဲ့ခဲ့ပြီး စျေးကွက်ထဲ စစ်ဆေးရာမှာ မျှင်ငါးပိ ရဝ ရာခိုင်နူန်းလောက်မှာ တားမြစ်ဆိုးဆေး ပါဝင်တာ တွေ့ရှိခဲ့ရတယ်လို့ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

ဧပြီကနေ စက်တင်ဘာအတွင်း ဧရာဝတီတိုင်း ဒေသကြီး ကျေးရွာမြို့နယ်တွေက ရရှိတဲ့ မျှင်ငါးပိ နမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားတယ်၊ တားမြစ် ဆိုးဆေး တွေ့ရှိရင် မူလထုတ်လုပ်တဲ့ နေရာအထိ ရှာဖွေ အရေးယူသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ငါးပိ ထုတ်လုပ်တဲ့ နေရာတွေမှာ ဆိုးဆေးအသုံးပြုထားတဲ့ လက်ရာတွေ ရှိနေတုန်းပါပဲ။ သူတို့ ပြောတာက အရင်တုန်းက လက်ကျန်တွေပါလို့တော့ ပြောတယ်” လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

ဇူလိုင်လကလည်း မန္တလေးတိုင်း ဒေသကြီးအတွင်း စျေး ၁၃ ခုက ရရှိတဲ့ ငါးပိ နမူနာတွေရဲ့ ၁၉ ရာခိုင်နှုန်းမှာ တားမြစ်ဆိုးဆေး တွေ့ရှိရကြောင်း FDAက ထုတ်ပြန်ခဲ့ပါသေးတယ်။

သဘာဝဆိုးဆေးတွေ ရှိပေမဲ့ ကုန်ကျစရိတ် ကြီးမားခြင်း၊ တာရှည်မခံခြင်း၊ ရောင်းပန်းမလှခြင်း၊ ဝယ်ယူရရှိဖို့ ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းရှင်တွေက အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ပြင်က ငါးပိ၊ ငါးခြောက် စက်မူဇုန် မြင်ကွင်းတစ်ခု။ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က တားမြစ်ဆိုးဆေးသုံး အစားအစာတွေကို စားသုံးမိရင် ရေရှည်မှာ ကင်ဆာမျိုးစုံ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ယင်မနားဆေးနဲ့ ပိုးသတ်ဆေး

ငါးပိ ရောင်းတဲ့စျေးတွေမှာ ရောင်းချသူတွေဟာ မိရိုး ဖလာ နည်းတွေအရ ဆိုလို့ရှိရင် တစ်နေ့စာကိုပဲ ပုံပြီးရောင်းတာပါ။ လုပ်ငန်းရှင် ဦးရွှေမန်းက “ဆားကို အသုံးပြုပြီး ထိန်းရင်လည်း ရပါတယ်။ နည်းပညာကိုတော့ လုပ်သက်ရင့်တဲ့ လူတွေဆီက သင်ယူ ရတာ တွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။

ငါးပိ ငါးခြောက်တွေမှာ ယင်မနားဆေး အသုံးပြုနေကြတာလည်းကာလ အတော်ကြာနေပြီ ဖြစ်ကြောင်း၊ လောလောဆယ်မှာ ထိန်းချုပ်လို့ရတဲ့ အနေအထားကိုတော့ ရောက်နေပြီ ဖြစ်ကြောင်း လက်တွေ့ကွင်းဆင်းပြီး တွေ့ရတဲ့ အခြေအနေကို ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

ယင်မနားဆေး ထည့်သွင်းထားခြင်း ရှိမရှိကို ငါးလုပ်ငန်း ဦးစီးဌာနနဲ့ စိုက်ပျိုးရေး ဦးစီးဌာနမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေမှာသာ စစ်ဆေးနိုင်တာပါ။

“ဓာတုဗေဒ ဆိုးဆေး၊ ယင်မနားဆေး၊ တာရှည်ခံဆေး မသုံးစွဲဖို့ကျွန်တော်တို့ အသင်းအဖွဲ့က အသိပညာပေး ဆွေးနွေးပါတယ်၊ ဒါပေမယ့် လိုက်နာမှု အားနည်းနေတာ တွေ့ရပါတယ်၊ကျွန်တော်တို့ အဖွဲ့က အာဏာပိုင် အဖွဲ့အစည်း လည်း မဟုတ်တော့ တင်းကျပ်စွာ လုပ်ဆောင်လို့ မရပါဘူး” လို့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

ရန်ကုန် စျေးကွက်အတွင်း လေ့လာတဲ့အခါ Tricholorofon (ထရိုင်ကလိုရိုဖောင်း)လို့ခေါ်တဲ့ ပိုးသတ်ဆေးတစ်မျိုးကို ငါးပိထုတ်လုပ်သူတွေ ဝယ်ယူမှု ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတု ဆေးဝါးကို အစားအစာတွေမှာ ထည့်သွင်း အသုံးပြုရင် ငွေဒဏ်ကနေ ထောင် ၅ နှစ် အထိ ချမှတ်နိုင်တဲ့ ပိုးသတ်ဆေး ဥပဒေ ပုဒ်မ(၃၃)အရ အရေးယူခံရနိုင်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ပြောပါတယ်။

“ပိုးသတ်ဆေး ရောင်းမယ် ဆိုလို့ရှိရင် သုံးစွဲပုံသင်တန်း တက်ရပါတယ်။ သင်တန်း လက်မှတ်ရပြီးမှပဲ ပိုးသတ်ဆေးရောင်းချခွင့် လိုင်စင် လျှောက်ရတာပါ။ ဒါတွေမရှိဘဲ ရောင်းချရင် ပိုးသတ်ဆေး ဥပဒေနဲ့ အရေးယူပါမယ်” လို့ ဦးဝင်းစိုးက ရှင်းပြပါတယ်။

ထရိုင်ကလိုရိုဖောင်းက အမှုန့်၊ အရည်နဲ့ အခဲ ဆိုပြီး ပုံစံ ၃ မျိုးနဲ့ စျေးကွက်ထဲမှာ ရှိတာပါ။ အဲဒီထဲမှာ တရုတ် နိုင်ငံကနေ တရားမဝင် တင်သွင်းတဲ့ အစိမ်းရောင်ပုလင်းကို သုံးစွဲမှုများတယ်လို့ စျေးကွက်ထဲက သိရပါတယ်။

နယ်ဘက်က မှာယူတာတွေကိုလည်း ကားဂိတ်ကနေတစ်ဆင့် ပို့ပေးတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ ရောင်းချသူတွေကလည်း ဓာတုဆေးဝါးတွေနဲ့ ဒီဓာတုဆေးဝါးတွေရဲ့ အန္တရာယ်ကို နားမလည်တာ တွေ့ရပါတယ်။

စျေးကွက်အတွင်း တွေ့ရတဲ့ မျှင်ငါးပိ။ မြန်မာပြည်တစ်လွှား ပုံမျိုးစုံ စီမံပြီး စားသုံးနေကြတဲ့ ငါးပိမှာ ကယ်လဆီယမ်၊ ပရိုတိန်း၊ ဖက်တီးအက်ဆစ်၊ ဇင့်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့(စ်)ဖရတ်၊ ဗီတာမင် အေ၊ ကလိုရင်း၊ ဗီတာမင်ဒီတွေအပြင် တခြားအာဟာရဓာတ်တွေ ပါ

ဆေးအမည်ကိုတောင် မှန်ကန်အောင် မပြောနိုင်ဘဲ လောက်သေဆေး၊ ယင်မနားဆေး အစရှိတဲ့ အခေါ်အဝေါ်တွေနဲ့ ရောင်းချ နေကြတာပါ။

ပိုးသတ်ဆေး တာရှည် အသုံးပြုမိရင် ဉာဏ်ရည်၊ မျိုးပွားစွမ်းအင်၊ ရောဂါဘယဒဏ်ခံနိုင်ရည်ရှိမှုတို့ ကျဆင်း လာခြင်း၊ ပုံမမှန်မွေးဖွားမှု၊ ကင်ဆာရောဂါတို့ ဖြစ်ပေါ်လာနိုင်စေတယ် လို့ ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

“ဘယ်ပိုးသတ်ဆေးကိုမှ အစားအသောက်မှာ ပါဝင်ဖို့် FDA က ခွင့်ပြုထားတာ မရှိဘူး။ အခုမထည့်ဖို့ ညှိနှိုင်းထားတယ်၊ နည်းပညာ ရှာနေတယ်။ ဒီကြားထဲ ကျူးလွန်ရင် အရေးယူမယ်” လို့ သူက ပြောပါတယ်။

ငါးပိထဲက ဓာတ်မြေသြဇာ

သဘာဝအလျောက်ရှိတဲ့ ယူရီးယားဆိုတာက နိုက်ထရိုဂျင်ပါဝင်တဲ့ ဓာတုပေါင်းစပ်မှုဖြစ်ပြီး နို့တိုက်သတ္တဝါတွေက စွန့်လိုက်တဲ့ ဆီးမှာ ပါဝင်ပါတယ်။

အစားအသောက်ရေးရာပညာရှင် ဒေါက်တာစိုးခိုင်က အသားဓာတ်ကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ယူရစ်အက်ဆစ်ဟာ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေတယ်လို့ ပြောပြပါတယ်။

“အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေ အနေနဲ့ ယူရီးယားဓာတ် ပါဝင်မှု မြင့်တဲ့ ကြက်သား၊ ငါး၊ ငါးပိ၊ ငါးပိရည် စတာတွေကို မစားသုံးသင့်ဘူး” လို့လည်း ဒေါက်တာစိုးခိုင်က ပြောပါတယ်။
ဒေါက်တာပြည့်ဖြိုးကလည်း ယူရီးယားနဲ့ ပတ်သက်ပြီး အလားတူ သုံးသပ်ပါတယ်။

“အပူပေး ချက်ပြုတ်လိုက်တဲ့ ယူရီးယားက အငွေ့ပျံသွားတဲ့အတွက် အန္တရာယ်တော့ မရှိလောက်တော့ဘူး။ ဒါပေမယ့် စိတ်ချလက်ချ စားသုံးဖို့ မပြောနိုင်သေးပါဘူး။ တိကျတဲ့ သုတေသနရလဒ်တွေလည်း မရှိသေးပါဘူး” လို့ ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

အရည်ကျိုငါးပိမှာ ယူရီးယားဓာတ်မြေသြဇာကို ထည့်ခြင်းဖြင့် ထုတ်လုပ်မှုကြာချိန်ကို လျှော့ချနိုင်တယ်၊ ယူရီးယားကို မသုံးတဲ့ လုပ်ငန်းရှင်လည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ငါးပိလုပ်ငန်းကိုကာလကြာရှည် လုပ်ကိုင်ဖူးသူ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမျိုးသမီးတစ်ဦးက “တစ်လ အတွင်း ငါးပိဖြစ်စေဖို့အတွက် မြေဆီ(ဓာတ်မြေသြဇာ) အဖြူတစ်မျိုးကို ထည့်ပြီး သိပ်ပါတယ်။ အဲဒီမြေဆီ အဖြူမှုန့်ကိုလည်း ဘုရင့်နောင်ပွဲရုံတန်းက စိုက်ပျိုးရေးဆိုင်တွေက ဝယ်ယူရပါတယ်” လို့ ပြောပြပါတယ်။

ဘုရင့်နောင် ပွဲရုံတန်း စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တွေကိုကွင်းဆင်းလေ့လာ စုံစမ်းတဲ့အခါ ငါးပိကုန်သည်တွေက ယူရီးယားကို အရည်ကျိုငါးပိ ထုတ်လုပ်ဖို့ ဝယ်ယူတယ်လို့ ပြောပေမဲ့ အခုလိုပြဿနာတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ငါးကန်ထဲထည့်ဖို့သာ ပြောဆို ဝယ်ယူမှုတွေ ရှိနေတယ်လို့် သိရပါတယ်။

စိုက်ပျိုးရေးသမားက ယူရီးယား အရည်အသွေးကို သေချာစစ်ပြီးမှ ဝယ်ပေမယ့် ငါးကန်သမားတွေကတော့ စျေးပေါတာကိုသာ ဝယ်ယူလေ့ရှိတယ်လို့ အရောင်းဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးပိထုတ်လုပ်မှုတွေကို သုတေသနလုပ်နေသူ ဒေါက်တာပြည့်ဖြိုးကတော့ ထုတ်လုပ်ပုံလုပ်ငန်းစဉ် အဆင့်ဆင့်မှာ သန့်ရှင်းမှုအားနည်းတယ်လို့ ပြောပြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ငါးပိစက်ရုံတွေမှာဆိုရင် ခေါင်းစွပ်၊ လက်အိတ်တွေနဲ့ အဝတ်အစားအကာအကွယ်တွေကို သေချာသပ်ရပ်စွာ ဝတ်ဆင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ထုတ်လုပ်မှု၊ သန့်ရှင်းမှုတို့ကြောင့် သူတို့ငါးပိကို နိုင်ငံတကာပို့တဲ့အဆင့် ဖြစ်နေပါပြီ။

ငါးပိလုပ်ငန်းရှင်တချို့ သုံးတတ်တဲ့ ပိုးသတ်ဆေးတစ်မျိုးကို တွေ့ရပုံ။ ပုလင်းတံဆိပ်မှာတော့ အဆိပ်ပါဝင်သည် လို့ တရုတ်စာနဲ့ ရေးသားထားပါတယ်။ ပိုးသတ်ဆေးပါဝင်တဲ့ အစားအစာ စားမိရင် မူးဝေ၊ ခေါင်းကိုက်၊ ခံတွင်းပျက်၊ ပျို့အန်၊ ဝမ်းပျက်တာတွေ ဖြစ်တတ်တယ်၊ ပိုးသတ်ဆေး အပြင်း

စားသုံးသူကာကွယ်ရေး

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ချိုက မမှန်မကန် ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို စားသုံးသူကာကွယ်ရေး ဥပဒေအတိုင်း အရေးယူတယ်လို့ ပြောပါတယ်။

“ငါးပိဆိုတာက အမျိုးသားရေး စားကုန်။ ငါးပိ ငါးခြောက် ထုတ်လုပ်တဲ့ ပုံစံက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ငါးပိဆိုတာ စထုတ်ကတည်းက ခြေထောက်နဲ့နင်းပြီး သိပ်တာ” လို့ ဦးမြင့်ချိုက ရှင်းပြပါတယ်။

ဒေါက်တာပြည့်ဖြိုးကတော့ ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စားသုံးသူကာကွယ်ရေး ဥပဒေမှာ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ထောက်ပြပါတယ်။

“အဟောင်းက လိုအပ်ချက်တွေ သိပ်များနေလို့ စနစ်နဲ့ အံမဝင်တော့လို့ အသစ် ရေးဆွဲနေပါတယ်” လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

စားသောက်ကုန်နဲ့ ပတ်သက်တဲ့ မသမာမှုတွေ တွေ့ရင် တိတိကျကျ သတင်း ပေး တိုင်ကြားပါက လာရောက် စစ်ဆေး အရေးယူပါမယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုချိန်ထိတော့ ကျန်းမာရေး ဝန်ကြီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ စားသုံးသူကာကွယ်ရေး အသင်းတွေကို တိုင်ကြားချက်တွေ ရောက်လာတာ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

ဓာတုကင်းစင်တဲ့ ငါးပိ၊ ငါးခြောက်နဲ့ ငံပြာရည်လုပ်ငန်းတွေကို ထောက်ခံစာ ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။

ငါးပိ လုပ်ငန်းရှင် ဦးရွှေမန်းက နိုင်ငံတကာအဆင့်မီ သန့်သန့်ရှင်းရှင်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေသူဟာ နည်းပညာ၊ ငွေကြေး အကန့်အသတ်တို့နဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံအထိ နည်းပညာတွေကို သွားရောက် လေ့လာခဲ့ပေမယ့် တချို့စက်ရုံတွေက ဝင်ရောက် လေ့လာခွင့်တောင် မပေးပါဘူး။ ထုတ်လုပ်မှုအဆင့်ဆင့်တွေကို လက်နဲ့လုပ်တာထက် စက်နဲ့လုပ်တဲ့ စနစ်ကို ရောက်စေချင်နေပြီ။ နိုင်ငံတော် အဆင့်ကူညီပံ့ပိုးမှုတွေနဲ့ အဆင့်မီနည်းပညာတွေ ပံ့ပိုးပေးစေချင်ပါတယ်” လို့ ဦးရွှေမန်းက ပြောပါတယ်။

ငါးပိ၊ ငံပြာရည်ကို နိုင်ငံတကာ လက်ခံဖို့အတွက် ဆိုရင် နည်းပညာမှန်ကန်စွာ၊ သန့်ရှင်းစွာ ထုတ်လုပ်ရမှာပါ။

အကောင်းဆုံးကို ဘယ်လို ထုတ်လုပ်ကြမလဲဆိုတာ အားလုံး ပူးပေါင်းပါဝင်ပြီး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး မလုပ်နိုင်ရင်တော့ နိုင်ငံတကာကိုလည်း မထိုးဖောက်နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း အများပြည်သူအတွက် ကျန်းမာရေး အန္တရာယ်ရှိပြီး ဆုံးရှုံးနစ်နာမှုတွေ ဆက်လက် ကြုံတွေ့နေကြရဦးမှာ ဖြစ်ပါတယ်။ ။

(အလွတ်တန်းသတင်းထောက် စိုးစံထိုက်က ငါးပိလုပ်ငန်းနှင့်စျေးကွက်အတွင်း ကိုယ်တိုင်ကွင်းဆင်းပြီး စုံစမ်းဖော်ထုတ် ရေးသားထားခြင်း ဖြစ်ပါသည်။)

Show More

Related Articles

Back to top button