ကိုးကန့် (MNDAA) တပ်ဖွဲ့ ထိန်းချုပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ကျေးရွာအုပ်စုများ ၏ မဲပုံးများကို လားရှိုးမြို့ပေါ် ပြောင်းရွှေ့လိုက်သဖြင့် မြို့ပေါ်၌ သွားရောက် မဲပေးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
လားရှိုးမြို့တောင်ဘက် ကျေးရွာအုပ်စု ၁၀ အုပ်စုထက်မနည်းတွင် နိုင်ငံရေးပါတီများအား ကိုးကန့်တပ်ဖွဲ့ က မဲဆွယ်ခွင့်ပြုခဲ့ပြီး မဲစာရင်းများ ကောက်ခံခွင့်ပေးခဲ့သော်လည်း ရွေးကောက်ပွဲအတွက် မဲပုံးထောင်ခွင့် ကိုမူ ကိုးကန့်တပ်ဖွဲ့ကခွင့် မပြုဟု ဒေသခံများက ဆိုသည်။
“အစကတော့ ရွာမှာပဲ မဲပေးရမယ်လို့ ပြောတယ်။ အခုကြတော့ ကိုးကန့်က မရဘူးလို့ ပြောတယ်။ မြို့ထဲ မှာပဲ သွားပေးခဲ့ရတယ်” ဟု လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
MNDAA ထိန်းချုပ်သည့် လားရှိုး–မိုင်းရယ်–သီပေါလမ်းပေါ် နမ္မဗောဒ၊ နမ့်ပေါင်၊ ခါးသျှိ၊ စဉ့်အင်၊ ပုန်း ထွန်၊ မယ်ဟန်၊ နောင်မွန် ကျေးရွာအပါအဝင် ကျေးရွာအုပ်စု ၁၀ စုကျော်မှ ဒေသခံများမှာ လားရှိုးမြို့ပေါ် အထိ မဲလာပေးကြရသည်ဟု ဆိုသည်။
“ရွာတွေကနေ ကားတွေနဲ့ လာပေးကြတယ်။ ကျေးရွာအုပ်စုအလိုက် သူတို့ (စစ်ကော်မရှင်ကားအကြိုအပို့) အစီအစဉ်နဲ့ လာပေးကြတယ်” ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မူလက လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် ဟူးမွန်ကျေးရွာအုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားရာမှ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း MNDAA ထိန်းချုပ်သည့် ကျေးရွာအုပ်စု ၁၀ အုပ်စုကို ရွေးကောက်ပွဲကျင်းပရန်မဲစာရင်းများ ထပ်တိုးကောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ မဲစာရင်းကောက်ရာတွင် ကိုးကန့်တပ်ဖွဲ့များ လုံခြုံရေးယူပေးခဲ့သည်ဟု ဒေသခံများ ဆိုကြသည်။
ထို့နောက် ရွေးကောက်ပွဲ မစခင် သုံးရက်ခန့်အလိုတွင် မဲပုံးများအား အဆိုပါကျေးရွာအုပ်စု ၁၀ စုတွင် MNDAA က ထောင်ခွင့်မပေးဘဲ လားရှိုးမြို့ပေါ်သို့ ရွှေ့လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများ၊ နိုင်ငံရေးပါတီ များထံက သိရသည်။
ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးဌာနတာဝန်ရှိသူက အဆိုပါကိစ္စမှာ နားလည်မှုလွဲခြင်းဖြစ်ပြီး အထူးဒေသ (၁ ) နယ်မြေအတွင်း မဲရုံထောင်ခွင့် မပြုကြောင်း ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး နောက် အဆိုပါမဲပုံးများကို လားရှိုးမြို့ပေါ်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။
အဆိုပါကျေးရွာများမှ ဒေသခံများအား ယမန်နေ့ကတည်းက ကြိုတင်မဲ လာပေးခွင့် ပြုခဲ့သည်ဟု အထက်ပါနိုင်ငံရေးပါတီများနှင့် နီးစပ်သူက ဆိုသည်။
“မြို့ပေါ် ရပ်ကွက် (၁) ရန်တိုင်းအောင်ဘုရားနဲ့ စာသင်ကျောင်းတွေမှာပဲ မဲရုံ တွေ ခွဲပြီး ပေးလိုက်ကြတယ် ။ (ကျေးရွာအုပ်စု ၁၀ စုမှ) တစ်ဝက်လောက်တော့ လာပေးတယ်”
“၁ဝ၂၇ စစ်ဆင်ရေး” အတွင်း လားရှိုးမြို့အား ကိုးကန့်တပ်က သိမ်းပိုက်ခဲ့ပြီး တရုတ်အစိုးရ ကြားဝင်မှု ဖြင့် စစ်ကော်မရှင်က မြို့ပေါ် ၁၂ ရပ်ကွက်အား ပြန်လည်လွှဲယူခဲ့သည်။ ကျန်ကျေးရွာအုပ်စုများအား ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းများအရ လားရှိုးမြို့နယ်တွင် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၇၈ စုတွင် လူဦးရေ သုံးသိန်းနီးပါး နေထိုင်ကြသည်။
လက်ရှိ မြို့ပေါ်တွင် မဲရုံပေါင်း ၆၀ ကျော်ရှိမည်ဖြစ်ပြီး မဲပေးနိုင်သူ တစ်သိန်းသုံးသောင်းကျော်ရှိမည်ဟု စစ်ကော်မရှင်နှင့် နီးစပ်သည့် မီဒီယာများက ဖော်ပြသည်။
မြို့ပေါ် ရပ်ကွက်အချို့တွင် နေ့လယ်အထိ မဲပေးသူရှိသော်လည်း မဲရုံအချို့၌ နေ့လယ်ပိုင်းတွင် မဲပေးသူ မရှိသလောက် ဖြစ်သွားသည်ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူများက ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ကျားဖြူပါတီ၊ ကြံခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ အဓိက ဝင်ရောက် ယှဉ်ပြိုင် ကြပြီး စစ်တပ်ကြောထောက်နောက်ခံ ကြံခိုင်ရေး ပါတီက ကြိုတင်မဲများ အပြတ်အသတ် အနိုင်ရထားသည်ဟု တိုင်းရင်းသားပါတီ ကိုယ်စားလှယ် များထံမှ သိရသည်။
ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် လားရှိူးမြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ စု တို့တွင်သာ ရွေးကောက်ပွဲလုပ်မည်ဖြစ်ပြီး ကျေးရွာအုပ်စု ၆၄ စု ၌ ရွေးကောက်ပွဲ မလုပ်ကြောင်း ကြေညာ ထားသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ လည်းကောင်း၊ အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း ၊ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်တွင် ၆၃ မြို့နယ်၌ လည်းကောင်း ကျင်းပမည် ဖြစ်သည်။



