အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုးကန့်တပ်ထိန်းချုပ်သည့် လားရှိုးကျေးရွာအုပ်စု ၉ ခုတွင် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေ

စစ်တပ်နှင့်အပစ်ခတ်ရပ်စဲထားသော MNDAA ထိန်းချုပ် ကျေးရွာအုပ်စု ၉ ခုတွင် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေသည်ဟု သိရပြီး မိုင်းရယ်- လားရှိုးလမ်းပေါ်ရှိရွာအချို့၊ လားရှိုး- သီပေါလမ်းပေါ်ရှိ ရွာအချို့ ပါဝင်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျင်းပရန် ပြင်ဆင်နေသော စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သော ကျေးရွာအုပ်စုအချို့ ပါဝင်နေကြောင်း ဒေသခံများနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်သူများထံက သိရသည်။

မူလက လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ဟူးမွန်ကျေးရွာအုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားရာမှ ယခုရက်ပိုင်းအတွင်း  လားရှိုးမြို့နယ်အတွင်းမှ MNDAA ထိန်းချုပ်သည့် ကျေးရွာ အုပ်စု  ၉ ခုတွင် ရွေးကောက်ပွဲကို ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။

စစ်ကော်မရှင်တပ်နှင့် MNDAA တို့၏ ဆွေးနွေးမှုအရ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာပေးမည်ဟု သတင်းထွက်ပေါ်နေသည့် လားရှိူးမြို့အရှေ့တောင်ဘက်ရှိ မိုင်းရယ်- လားရှိုးလမ်းပေါ်ရှိ နမ့်ပေါင်၊ နမ္မဗောဒ၊ မန်ပျဉ်၊ ခါးသျှိကျေးရွာအုပ်စုများ ပါဝင်သည်။

“အစက မိုင်းရယ်- လားရှိုးအစပ်က ရွာတွေမပါဘူး။ အခုတော့ ပါလာပြီတဲ့။ နမ္မဗောဒ၊ နမ့်ပေါင်ရွာတွေ ပါလာပြီ” ဟု မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာနှစ်အုပ်စုသည် လားရှိူးနှင့် မိုင်းရယ်မြို့နယ် နယ်စပ်တွင်တည်ရှိကြသည်။ 

အလားတူ လားရှိုးမြို့အနောက်တောင်ဘက် လားရှိုး- သီပေါလမ်းပေါ်ရှိ စင့်အင်၊ နောင်မွန်၊ မယ်ဟန်၊ ပုန်းထွန်း၊ ခေးနင်ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပခွင့် ရရှိမည်ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူများထံက သိရသည်။

“စင့်အင်ကနေ မယ်ဟန်ရွာအထိ လားရှိုးဘက်အခြမ်းရွာတွေပါမယ်” ဟု နောင်မွန်ကျေးရွာခံ အမျိုးသား တစ်ဦးက ပြောသည်။

လားရှိုး- သီပေါကားလမ်းဘေးရှိ ကျေးရွာများသာ ပါဝင်မည်ဖြစ်ပြီး အတွင်းကျသော ကျေးရွာများ ပါဝင်မည် မဟုတ်ဟု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် နီးစပ်သူများထံက သိရသည်။

လားရှိုးမြို့ပေါ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ အုပ်စုရှိပြီး လူဦးရေ သုံးသိန်းနီးပါး နေထိုင်သည်။

“၁၀၂၇ “ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်က လားရှိုးမြို့ကို အလုံးစုံသိမ်းပိုက်ခဲ့ပြီး တရုတ်အစိုးရ၏ ကြားဝင်မှုကြောင့် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုကို စစ်ကော်မရှင်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

သို့သော်လည်း လားရှိုးမြို့နယ်ရှိ ကျေးရွာအုပ်စု ၇၅ အုပ်စုနှင့် လားရှိုး- မိုင်းရယ်လမ်း၊ သီပေါ- လားရှိုးလမ်းပေါ်ရှိ ကျေးရွာများကို MNDAA က ထိန်းချုပ်ထားသည်။

စစ်ကော်မရှင်နှင့် အပစ်ရပ်ထားသော MNDAA ထိန်းချုပ်ကျေးရွာအုပ်စု ၉ ခုတွင် ရွေးကောက်ပွဲလုပ်ခွင့် ရသည်ဆိုသည်ကို ရွေးကောက်ပွဲကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ တရားဝင်ထုတ်ပြန် ထားခြင်း မရှိသေးပေ။ 

“မဲလုပ်ဖို့ အိမ်ထောင်စုတွေ လာပေးပါဆိုပြီး ကိုးကန့်ဘက်က တောင်းဆိုလို့ သွားပေးကြရတယ်။ သွားတဲ့ အိမ်တွေကတော့ နည်းပါတယ်။ ဘယ်မှာလုပ်မလဲတော့ မသိဘူး” ဟု ခေးနင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့ထိန်းချုပ်ဒေသများအတွင်း ရွေးကောက်ပွဲ ကျင်းပခွင့်ပြုထားသည့် အခြေအနေနှင့် ပတ်သက်၍ MNDAA ဘက်က တရားဝင်ထုတ်ပြန်ပြောဆိုမှု မရှိသေးပေ။

တအာင်းတပ် (TNLA) ကမူ ၎င်းတို့ ထိန်းချုပ်ထားသည့်ဒေသများတွင် ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင် သေးကြောင်း ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ 

သီပေါမြို့နယ်အတွင်း ကျားဖြူပါတီ၏ မဲဆွယ်ဆိုင်းဘုတ် စိုက်ထူနေသည်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- Sai Kaung Thet San) 

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး  သီတင်းပတ် နှစ်ပတ်စီခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ် ဇန်နဝါရီလ မကုန်မီ သုံးပိုင်းလုံးပြီးစီးရန် ရည်ရွယ်ထားသည်။ 

အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ လည်းကောင်း၊ အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌လည်းကောင်း ကျင်းပသွားမည်ဟု ကြေညာထားရာ လက်ကျန်မြို့နယ်အားလုံးကို အပိုင်း (၃) တွင် ကျင်းပရန် စစ်ကော်မရှင်က လျာထားသည်။

ရွေးကောက်ပွဲ သီတင်းပတ် သုံးပတ်ခန့်သာ လိုတော့သည့်အချိန်တွင် စစ်ကော်မရှင်က ၎င်းတို့ ကျင်းပနိုင်မည်ဟု ယူဆထားသည့်နယ်မြေများအနက် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါး၌ ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း ယခုလ ၅ ရက်နေ့တွင် ကြေညာလိုက်သည်။

ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ဟု၍ နှစ်သုတ်ခွဲ ကျင်းပမည့် မြို့နယ် ၂၀၂ မြို့နယ်ထဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း တိုင်းနှင့်မြို့နယ်အလိုက် စာရင်းများကို ထုတ်ပြန်ခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်းလည်း ပါဝင်သည်။

အပိုင်း (၁) နောင်ချိုမြို့နယ်တွင် ကျေးရွာအုပ်စု ၁၄ စု၊ မူဆယ်မြို့နယ်တွင် မုံးကိုးမြို့ပေါ် ၇ ရပ်ကွက်၊ မန်ဟီးရိုးမြို့ပေါ် ၃ ရပ်ကွက်၊ ပန်ဆိုင်း (ကြူကုတ်) မြို့ပေါ် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၃ အုပ်စုတို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသည်။

အလားတူ အပိုင်း (၂) တွင် မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု ၄ အုပ်စု၊ မိုင်းဖြတ်မှာ ကျေးရွာအုပ်စု ၁ အုပ်စု၊ တန့်ယန်းမြို့နယ်တွင် ၁၆ အုပ်စု၊ မိုင်းရယ်တွင် ၈ အုပ်စု၊ မိုင်းတုံတွင် ၃ အုပ်စု၊ မိုင်းယောင်းတွင် ၈ အုပ်စု၊ မိုင်းယန်းတွင် ၁၅ စု၊ မောက်မယ်တွင် ကျေးရွာအုပ်စု ၁ စုတို့ ရွေးကောက်ပွဲ မကျင်းပနိုင်ပေ။ 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းများအရ လားရှိုးမြို့နယ်တွင် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၇၈ စု ရှိသည့်အနက် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကျေးရွာအုပ်စု ၆၄ စု ၌ ရွေးကောက်ပွဲ မလုပ်ကြောင်း ကြေညာထားသည်။

လားရှိူးတွင် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ စုတို့တွင်သာ ရွေးကောက်ပွဲလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲ လုပ်မည်ဆိုသော အထက်ပါ လားရှိုးမြို့နယ်ထဲမှ ကိုးကန့်ထိန်းချုပ်သောကျေးရွာအုပ်စု ၉ ခုသည် ရွေးကောက်ပွဲမလုပ်မည့် ဒေသများထဲတွင် မပါဝင်ပေ။

ထိုအခြေအနေနှင့်ပတ်သက်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်၊ MNDAA တာဝန်ရှိသူတို့ထံက တုံ့ပြန်ချက် မရနိုင်သေးသောကြောင့် မူလကတည်းက ပါဝင်သည်၊ ထပ်တိုးပါဝင်သည် ဟုတ် မဟုတ် ရှင်းရှင်းလင်းလင်းမသိရသေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အစိုးရလက်ထက် ပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လားရှိုးမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ နှစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာ ပေါင်း ၇၀ ရွာတွင် မဲရုံပေါင်း ၁၄၅ ရုံ ဖွင့်လှစ်ခဲ့သည်။

ယခုရွေးကောက်ပွဲတွင် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၁၀ စုကျော်တွင် မဲရုံပေါင်း ၆၀ ကျော် ဖွင့်လှစ်မည်ဖြစ်ပြီး မဲပေးနိုင်သူ တစ်သိန်းနှစ်သောင်းကျော် ရှိမည်ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူများထံက သိရသည်။

“ ၁၀၂၇ ” စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ စသည့် မြို့များကို TNLA က သိမ်းပိုက်ထားခဲ့ပြီး အဆိုပါ မြို့များအနက် ရှမ်းမြောက်ဒေသရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်တပ်က ပြန်လည် သိမ်းယူထားသည်။

MNDAA ကမူ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ တာမိုးညဲ စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ပါဝင်သည့် ဟိုပန်နှင့် ပန်လုံ နှစ်မြို့ကို MNDAA က တိုက်ခိုက် သိမ်းပိုက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လက်ထဲ လွှဲပြောင်းပေးခဲ့သည်။

တရုတ်အစိုးရ၏ ကြားဝင်မှုကြောင့် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို မြို့ပေါ် ၁၂ ရပ်ကွက်အပါအဝင် ကိုးကန့်တပ်ဖွဲ့က စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးထားသည်။

စစ်ကော်မရှင်တပ်က ပြန်ရရှိထားသည့် မြို့များအနက် လားရှိုးနှင့် နောင်ချိုမြို့များကို ရွေးကောက်ပွဲ အပိုင်း (၁) တွင် ထည့်သွင်းထားသည်။

ထို့ကြောင့် ရှမ်းမြောက်လက်ကျန်မြို့များအနက် မူဆယ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်နှင့် နောင်ချိုမြို့ တို့သည် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်မည်ဖြစ်ပြီး ကျောက်မဲနှင့် သီပေါမြို့ များသည် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်မည်ဖြစ်သည်။

အောက်တိုဘာလအတွင်းက တွေ့ရသော ကွမ်းလုံတံတား။ (ဓာတ်ပုံ-Myanmar Now) 

လှုပ်လှုပ်ရှားရှားမရှိသည့် ရှမ်းမြောက်ရွေးကောက်ပွဲ

ရွေးကောက်ပွဲကျင်းပခွင့်ရရှိသည့် ရှမ်းမြောက်ဒေသ မြို့နယ်များတွင် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ “ဝ” အမျိုးသားပါတီ စသည့် စစ်တပ်နှင့် သဟဇာတဖြစ်သည့် နိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရက်ပိုင်းသာ ကျန်ရှိတော့သော်လည်း ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများကို သိပ်မတွေ့ရဟု ရှမ်းမြောက်ဒေသခံများထံက သိရသည်။

လားရှိုးမြို့အတွင်း အချက်အချာကျသည့် နေရာများတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများက ၎င်းတို့၏ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များ တင်ထားသော်လည်း ယခင်ရွေးကောက်ပွဲများကဲ့သို့ မဲဆွယ်စည်းရုံးမှုများ မတွေ့ရဟု မြို့ခံများက ဆိုသည်။

“လူတွေက သိပ်စိတ်မဝင်စားပါဘူး။ ဘယ်သူတွေ ဝင်ပြိုင်မလဲဆိုတာတောင် မသိကြဘူး။ လမ်းဆုံတွေမှာ ဆိုင်းဘုတ်တွေတော့ ထောင်ထားတာပဲ၊ မဲဆွယ်ဟောပြောတာတွေတော့ သိပ်မတွေ့ရဘူး” ဟု လားရှိုးမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

တရုတ်နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲကဲ့သို့ မဲဆွယ်ပွဲများ မရှိဟု မြို့ခံများက ဆိုသည်။

“မူဆယ်က နယ်စပ်မြို့ဆိုတော့ လူတွေက စီးပွားရေးကိုပဲ စိတ်ဝင်စားကြတယ်။ ဒီမှာတော့ အရင်နှစ်လို ပါတီတွေ မဲဆွယ်တာ သိပ်မရှိဘူး။ ကြံ့ခိုင်ရေးနဲ့ ကျားဖြူပါတီပဲ သူတို့ပါတီဝင်တွေစုပြီး မဲဆွယ်ကြတာပေါ့” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

စစ်တပ်နှင့် UWSA “ဝ” တပ်ဖွဲ့တို့ ပူးပေါင်းအုပ်ချုပ်သည့် တန့်ယန်းမြို့တွင်လည်း မဲဆွယ်ပွဲများ သိပ်မရှိဟု တန့်ယန်းမြို့ခံများက ဆိုသည်။

“အရင်က ကျားခေါင်းပါတီ မဲဆွယ်တုန်းက ရွာတွေထိ အုံးအုံးထနေတာပဲ။ အခုတော့ ဘာမှ မမြင်ရပါဘူး။ ဘယ်သူ ဝင်ပြိုင်မလဲဆိုတာတောင် သိပ်မသိကြဘူး” ဟု တန့်ယန်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကျားခေါင်းပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) စသည့် အင်အားကြီးပါတီများနှင့် ဒေသအခြေစိုက် တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းမြောက်ဒေသအတွင်း NLD၊ SNLD နှင့် TNP စသည့် ပါတီများက နေရာ အများစုကို အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲလုပ်ရန် စီစဉ်နေသည်ဆိုသော လားရှိုးမြို့နယ်ထဲမှ MNDAA ထိန်းချုပ်ကျေးရွာအုပ်စု ၉ ခုပြမြေပုံ။

Related Articles

Back to top button