လွန်ခဲ့သည့် ဆယ်နှစ် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးမှုဟောပြောချက်များကို အနီရောင်အင်္ကျီဝတ် လူပင်လယ်ကြီးကြားထဲ တိုးဝင်ကာနားထောင်ခဲ့ရသည်ကို ထိုစဉ်က အသက် ၂၀ အရွယ် ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦး ထင်ထင်ရှားရှားမှတ်မိနေသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ တိုက်ခန်းတစ်ခန်းရှေ့ရှိ လမ်းကျဉ်းလေးထဲတွင် ကျောင်းနေဘက်သူငယ်ချင်းများနှင့်အတူ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လူအုပ်ကြီးကြား တိုးဝှေ့နားထောင်ခဲ့ကြသည်။
မိန့်ခွန်းကြာချိန်က မိနစ်အနည်းငယ်သာ ရှိခဲ့သော်လည်း လူအုပ်ကြီး၏ အားပေးထောက်ခံသံများကြားတွင် လူငယ်တစ်ဦး၏ စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှု ရောပြွမ်းခံစားနေခဲ့ရသော်လည်း နိုင်ငံအတွက် မျှော်လင့်ချက်များကမူ ထိုအမျိုးသမီး၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
“အဲ့ဒီတုန်းက မဲဆွယ်စည်းရုံးရေးကာလက လူပင်လယ်ကြီးလိုပဲလေ။ အချိန်ပေးပြီး ကိုယ်ထောက်ခံတဲ့သူ လာမယ့်အချိန်ကို သွားစောင့်ကြရတာ၊ အနီရောင်အလံတွေနဲ့ ယာဉ်တန်းတွေ၊ လူအုပ်ကြီးတွေနဲ့ တစ်မြို့လုံး ပွဲတော်ကြီးလို စည်ကားနေခဲ့တာ”ဟု ယခု အသက် ၃၀ အရွယ်ရှိပြီဖြစ်သော အထက်ပါ အမျိုးသမီးက ပြောသည်။

သို့သော် ယခုစစ်ကော်မရှင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ထိုအချိန်ကကဲ့သို့ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားခံစားမှုများ မမြင်တွေ့ရတော့ပေ။ ထိုစဉ်က ရွေးကောက်ပွဲ မဲဆွယ်တေးသီချင်းသံများသည် ပြည်သူတို့အတွက် မျှော်လင့်ချက်နှင့် အနာဂတ်နိုင်ငံအတွက် အားတက်မှုကို ဖြစ်စေခဲ့သည်။
ယခုမူ ထိုမဲဆွယ်တေးသီချင်းသံများ မကြားရတော့ဘဲ တိတ်ဆိတ်မှုသာ လွှမ်းမိုးထားသည်။ ရန်ကုန်မြို့ လမ်းမများ၊ ရပ်ကွက်များနှင့် အခြားဒေသများတွင် အားမာန်အပြည့်ဖြင့် တက်ကြွနေကြသည့် လူအုပ်ကြီးများကိုလည်း မတွေ့ရတော့ပါ။
ယခုရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများတွင် လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ရပ်ကွက်အချို့တွင် ရွေးကောက်ပွဲသီချင်းများကို အသံချဲ့စက်ဖြင့် လှည့်လည်ဖွင့်ခြင်းနှင့် ဆန်၊ ဆီ၊ ကြက်ဥတို့ကို လျှော့ဈေးဖြင့် ရောင်းချခြင်းတို့သာ တွေ့ရပြီး လူထု၏စိတ်ဝင်စားမှု အလွန်နည်းပါးနေသည်ကို ငြင်းမရပေ။
“အိမ်ရှေ့ထိလာခေါ်လည်း လူတွေက မလိုက်တော့ပါဘူး။ လက်ကမ်းစာစောင် လာပေးရင်တောင် စိတ်မဝင်စားကြပါဘူး” ဟုအထက်ပါ အမျိုးသမီးက ပြောသည်။

ဥပေက္ခာနှင့် အကြောက်တရား
ရန်ကုန်မြို့ခံ အများစုသည် ယခုရွေးကောက်ပွဲကို စိတ်မဝင်စားကြဘဲ မဲပေးရန် ဆန္ဒမရှိကြကြောင်း ဆိုကြသည်။ ယခင်ရွေးကောက်ပွဲကာလများတွင် မိမိအမည် မဲစာရင်းတွင် ပါဝင်မှုရှိမရှိကို စစ်ဆေးကြသော်လည်း ယခုအခါ ထိုကဲ့သို့ စိတ်ဝင်စားမှုမရှိတော့ပေ။ ယခုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ကျင်းပမည့် ရွေးကောက်ပွဲအဖြစ်သာ ရန်ကုန်မြို့ခံများက ရှုမြင်ထားကြသည်။
“မဲလည်း မပေးချင်ဘူး။ ပါတီတွေကိုလည်း မသိဘူး။ အပြောင်းအလဲဖြစ်လာမယ်လို့လည်း မထင်ဘူး” ဟု တာမွေမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျွန်မတို့ တစ်အိမ်လုံး မဲမပေးဘူးလို့ ဆုံးဖြတ်ထားပါတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် အမည်မဖော်လိုသည့် အသက် ၃၀ ကျော် အမျိုးသမီးကဆိုသည်။
သို့သော် ဥပေက္ခာအောက်တွင် အကြောက်တရားလည်း လွှမ်းမိုးမှုများရှိနေသည်ကိုလည်း တွေ့မြင်ရသည်။ ရပ်ကွက်မဲရုံများတွင် မဲစာရင်း စစ်ဆေးကြည့်ရှုပြီးခြင်း ရှိမရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဖိအားပေးမေးမြန်းမှု၊ စစ်ကော်မရှင် ထိန်းချုပ်ထားသည့် မီဒီယာများမှတဆင့် မဲပေးရန်လှုံ့ဆော်မှု၊ ရွေးကောက်ပွဲကို နှောင့်ယှက်သည် ဆိုကာ လူရာနှင့်ချီကို ဖမ်းဆီးထားသည့် ဖြစ်ရပ်များက ပြည်သူတို့၏ အကြောက်တရားကို ပိုစေပြီး စစ်ကော်မရှင်၏ တစ်ဖက်လှည့် ဖိနှိပ်မှုအဖြစ် ရှုမြင်နိုင်သည်။
“မဲမထည့်လို့ရရင်တော့ မထည့်ဘူး။ ကိုယ့်အတွက် သက်ရောက်မှုမရှိရင်တော့ ဒီအတိုင်းပဲနေမယ်။ ရန်ရှာ ဖိအားပေးလာရင်တော့ ထည့်ရမှာပေါ့။ ကိုယ်တွေက သူများတွေလို အပြင်(နိုင်ငံခြား)လည်း မထွက်နိုင်သူဆို တော့လေ” ဟု အဆိုပါအမျိုးသမီးက သူမ၏စိုးရိမ်မှုကို ပြောပြသည်။
ရွေးကောက်ပွဲအတွက် လူထုပါဝင်လာစေရန် ဖိအားပေးမှုများ ကြုံတွေ့နေရသောကြောင့် နေ့စဉ်အပြင်ထွက် အလုပ်လုပ်ကိုင်နေရသည့် ဖခင်ဖြစ်သူ ဘေးကင်းရေးအတွက် မဲမပေးလိုသော်လည်း မဲပေးရမည့် အခြေဆိုက်နေသည်ဟုလည်း ထားဝယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။“သူတို့က လူစိတ်ရှိတဲ့သူတွေမဟုတ်ဘူးလေ၊ တစ်အိမ်လုံးမဲမထည့်ဘဲနေရင် ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ မြင်တယ်။ အဖေကတော့အပြင်မှာ အလုပ်လုပ်နေတာဆိုတော့ လုံခြုံရေးအရတော့ မဲထည့်ဖို့ပြောထားတယ်”

ရန်ကုန်မြို့ တစ်နေရာတွင် စိုက်ထူထားသည့် ပါတီတစ်ခု၏ မဲဆွယ်ဆိုင်းဘုတ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − ကံကောင်း)
နိုင်ငံအနှံ့ ဆန့်ကျင်သံ
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သံများသည် ရန်ကုန်မြို့တစ်မြို့တည်းသာ မဟုတ်ပေ။ တော်လှန်ရေးအားကောင်းသည့် နယ်မြေများနှင့် တိုင်းရင်းသားဒေသများတွင်လည်း အတုအယောင် ရွေးကောက်ပွဲအဖြစ် ဆန့်ကျင်ကြရန် တိုက်တွန်းထားကြသည်။
စစ်တပ်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် ပြည်သူများကို အကြမ်းဖက် ဖြိုခွဲခဲ့သည်။ ထိုအခြေအနေများမှ နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီး တော်လှန်ရေးအင်အားစုများက နယ်မြေများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။
စစ်တပ်သမိုင်းတွင် ထိုကဲ့သို့ နယ်မြေဆုံးရှုံးမှုမရှိခဲ့သည့် စစ်ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာလထဲတွင်လည်း တော်လှန်ရေး ထိန်းချုပ်နယ်မြေများရှိ ဆေးရုံ၊ဆေးခန်း အပါအဝင် အရပ်သား ပစ်မှတ်များကို ခပ်စိပ်စိပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့်အရပ်သား ရာနှင့်ချီသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုသို့သော စစ်ကော်မရှင်၏ လုပ်ရပ်သည် ရွေးကောက်ပွဲပြီးသည့်တိုင် စစ်အာဏာရှင်တို့၏ သရုပ်သကန်ကို ဆက်လက်ပေါ်လွင်နေမည့် လုပ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ ယခု ရွေးကောက်ပွဲသည်လည်း တိုင်းပြည်ကို အုပ်ချုပ်နေသည့် အာဏာရှင် လူတစ်စုအတွက်သာ အကျိုးရှိစေမည့် ရွေးကောက်ပွဲ၊ စစ်တပ်ကသာ အောင်ပွဲခံရန် ဇာတ်တိုက်ထားသည့် ဟန်ပြလုပ်ပွဲတစ်ပွဲမျှသာဖြစ်သည်ကို ငြင်းမရနိုင်ပေ။
“ဒီရွေးကောက်ပွဲရလဒ်က ကြိုတင်သိပြီးသားပါ။ စစ်ကောင်စီဘက်ကပဲ အနိုင်ရမှာပါ ပြည်သူတွေကို ဆက်ပြီး ဖိနှိပ်နေဦးမှာပါ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် National University of Computer Studiesတွင် ပညာသင်ကြားနေသည့် အသက်၂၀ အရွယ် နရီက ပြောသည်။
“နိုင်ငံရေးအပြောင်းအလဲအနေနဲ့ကတော့ ဒီရွေးကောက်ပွဲက ၁၀၀ ရာခိုင်နှုန်း ပြည်သူ့အကျိုးပါမှာ မဟုတ်ပါဘူး။ အာဏာသိမ်းထားတဲ့ လူတစ်စုရဲ့ အကျိုးအတွက်ပဲဖြစ်ပါလိမ့်မယ်”ဟုလည်း နရီက ပြောသည်။

ရွေးကောက်ပွဲအပြီး စိုးရိမ်မှု
တော်လှန်ရေးထိန်းချုပ်နယ်မြေများတွင်မူ ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင် လေကြောင်း အန္တရာယ် အပြင် စစ်တပ်ထိန်းချုပ်မှုများကြောင့် ကုန်စည်ပစ္စည်းများ ရှားပါးပြတ်လပ်သည့် အခြေအနေများ ဆိုးသထက်ဆိုးလာမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်ဟုလည်း လက်ရှိတိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှ လူငယ်တစ်ဦးကဆိုသည်။
“ကျွန်တော်တို့ဘက်မှာ နေ့တိုင်း၊ ညတိုင်းလာကြဲလို့ ကျောင်းတွေလည်းပိတ်ထားရတယ်။ တော်လှန်ရေး ထိန်းချုပ်နယ်မြေဆိုတော့ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာ လေကြောင်းအန္တရာယ်ပိုဆိုးလာမှာကို စိုးရိမ်နေကြတယ်” ဟုအဆိုပါ အမျိုးသားကပြောသည်။ အင်တာနက်နှင့် ဆက်သွယ်ရေးဖုန်းလိုင်းများဖြတ်တောက်ခံထားရပြီး လေကြောင်းဗုံးကြဲမှုအန္တရာယ်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စာသင်ကျောင်းများ ပိတ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ မြေပြင်တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားသည့် လူထုသပိတ်များကို တခြား တော်လှန်ရေး နယ်မြေများကဲ့သို့မလုပ်ဆောင်နိုင်ဘဲ လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင် နေရသည်ဟုလည်း သူက ပြောသည်။

“အဝေးပြေးလမ်းမတွေကလည်း ပိတ်ထားတာဆိုတော့ ကုန်တွေလည်းမရောက်၊ ကုန်တွေပြတ် ဈေးတွေတက်၊ လယ်စပါးတွေလည်း ဈေးမရှိတော့ တောင်သူတိုင်းအရှုံးနဲ့ ရင်ဆိုင်နေကြရတယ်”ဟု စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည့် စစ်ဘေးရှောင်ဒေသခံများ၏ အခက်အခဲကို ပြောသည်။
မြန်မာနိုင်ငံတောင်ဘက်စွန်း ထားဝယ်မြို့နယ်တွင်လည်း ပါတီဆိုင်းဘုတ်အချို့ကို လယ်ကွင်းထဲက စာခြောက် ရုပ်ပမာ စိုက်ထူထားသည်ဟု ထားဝယ်ဒေသခံ လူငယ်ကဆိုသည်။ စစ်တပ်နှင့် နီးစပ်သည့် ရပ်ကွက်များ၊ ကျေးရွာအချို့တွင် သာ မဲဆွယ် စည်းရုံးမှုအချို့ကိုသာမြင်တွေ့ရပြီး ဒေသခံအများစုက မဲထည့်ရန်ထက် မိမိစားဝတ်နေရေးကိုသာ ပူပန်နေရသည်ဟုလည်း သူက ဆိုသည်။
“ဘယ်သူ့ကိုပဲမဲထည့်ထည့် သူတို့ (စစ်တပ်) လူတွေပဲရမှာဖြစ်လို့၊ အတုအယောင်ဟန်ပြရွေးကောက်ပွဲဖြစ်လို့ မထောက်ခံဘူး။ မဲလည်းသွားပေးမှာမဟုတ်ဘူး။ ရွေးကောက်ပွဲကိုလည်း လုံးဝယုံကြည်မှု မရှိပါဘူး”ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်တိုင်ပါဝင်မဲပေးခဲ့ဖူးသည့် အသက်၂၃ နှစ် အရွယ် ထားဝယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မျှော်လင့်ချက်မဲ့ ရွေးကောက်ပွဲ
ရှမ်းပြည်နယ်တောင်ပိုင်း အချို့ဒေသများတွင်လည်း အိမ်ထောင်စုစာရင်း စစ်ဆေးမှုများနှင့် မဲပေးရန် ဖိအားပေးမှုများ ရှိနေသော်လည်း လူထုပါဝင်မှု နည်းပါးနေသည်ဟု ဒေသခံများက ဆိုသည်။
“အဖြေကို ပြည်သူတွေက ၂၀၂၀ နိုဝင်ဘာမှာပဲ ပေးပြီးသားပါ” ဟု ကျောင်းသူတစ်ဦးက ပြောသည်။ “အဲဒီတုန်းက အနီရောင်အင်္ကျီတွေ ဝတ်ပြီး မိန့်ခွန်းနားထောင်ရတာတွေကိုတော့ အခုထိ မှတ်မိနေပါသေးတယ်” ဟု ထိုကျောင်းသူက ပြောသည်။
သေနတ်သံ၊ လေကြောင်းဗုံးကြဲသံများနှင့် ပြည်သူများ၏ ငိုကြွေးသံများကြားတွင် ကျင်းပမည့် ယခုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန် သို့မဟုတ် စစ်မှန်သည့် ဒီမိုကရေစီအတွက် နိုင်ငံရေးထွက်ပေါက်တစ်ခု မဟုတ်ကြောင်း လူထုအများစုက သဘောပေါက်နားလည်ထားကြသည်။

သို့သော် အာဏာရှင် စစ်တပ်က နည်းမျိုးစုံဖြင့် ဖိအားပေး အတင်းအကျပ် မဲပေးခိုင်းမှုကြောင့်လည်း အသက်ဘေးနှင့် လုံခြုံရေးအတွက် စိုးရိမ်ရသည့် ပြည်သူအချို့သည် အကြောက်တရားကြောင့်သာ မဲရုံများသို့ ရောက်သွားနိုင်သည်။ သို့သော်လည်း ပြည်သူတို့၏ စစ်မှန်သော ဆန္ဒမဲများသည် လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အဆုံးအဖြတ်အဖြေကို ပေးပြီးသားဖြစ်သည်။ ယခု ရွေးကောက်ပွဲသည်မူ ‘မသာကနေ အသုဘဖြစ်သွားသည့် ပုံစံမျိုးသာ’ ဖြစ်ပြီး မည်သည့်အပြောင်းအလဲမျှ ရှိလာမည်မဟုတ်ကြောင်း ခံယူထားကြသည်။
“မသာကနေ အသုဘဖြစ်သွားတဲ့ ပုံစံမျိုးလောက်ပါပဲ လုံးဝပြောင်းလဲမှုရှိမှာ မဟုတ်ဘူး။ လူထုက သူတို့ ထုတ်ပြောလို့မရတဲ့ ဥပဒေတွေရှိလို့ အဲ့ဒါတွေကြောင့် ငြိမ်နေတဲ့သဘောပဲရှိတယ်။ မတရားဉပဒေတွေနဲ့ ဖိနှိပ်နေလို့ လူထုကလည်း ဒီဟာကို အကြောက်တရားနဲ့ ထုတ်မပြောရဲတာပဲရှိတာလေ” ဟု ထားဝယ် ဒေသခံ အမျိုးသားက ပြောလိုက်သည်။



