အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ပွဲပြင်းထန်နေသည့် ဆင်ဖြူကျွန်းမှ အရပ်သားများတိမ်းရှောင်ရန် စလင်းပကဖ သတိပေး

စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ပေါင်းစုများက ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ကလည်း လေကြောင်းမှ ဗုံးကြဲ၍ ပြန်လည်တုံ့ပြန်နေသည်။ တိုက်ပွဲများအတွင် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရသွားသည်။

မကွေးတိုင်းထဲမှ စလင်းနှင့်ဆင်ဖြူကျွန်းမှ စစ်တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်မည်ဟု NUG ၏ စလင်းပကဖ ကကြေညာလိုက်ပြီး ဆင်ဖြူကျွန်းမှအရပ်သားများ စလင်းဘက််သို့ ဒီဇင်ဘာ ၂၅ နံနက် ၈နာရီမှ ညနေ ၆နာရီအတွင်း ပြောင်းရွှေ့ကြရန်လည်း သတိပေးလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ များနှင့် မဟာမိတ်များသည် လူဦးရေ ၇ထောင်ခန့်နေထိုင်သော မကွေးတိုင်းထဲမှ ဆင်ဖြူကျွန်းမြို့၏ မြို့ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၂၃ နံနက်ပိုင်းမှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းတွင် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။ 

သုံးရက်တာ စစ်ပွဲအတွင်း ဆင်ဖြူကျွန်း ဆေးရုံ၊ ရဲစခန်းအနီးတဝိုက်၊ မြို့အထွက် နွယ်တမင်တံတား၊ စလင်း-တညောင်လမ်းတို့တွင် ဒီဇင်ဘာ ၂၅ နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံတို့ကဆိုသည်။ 

ဒေသတွင်းတော်လှန်ရေးတပ်များသည် ဆင်ဖြူကျွန်းအနီးမှ ပျူစောထီး ပြည်သူ့စစ်များ အားကောင်းရာ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာကိုလည်း စီးနင်းတိုက်ခိုက်နေသည်ဟု သိရသည်။ ထို့အပြင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြို့များဖြစ်ကြသည့် ပွင့်ဖြူနှင့်မင်းဘူးတို့မှ နေရာအချို့တွင်လည်း စစ်တပ်နှင့် NUG တပ်များ ပစ်ခတ်မှုအချို့ရှိသည်ဟု သိရသည်။

စလင်း-ဆင်ဖြူကျွန်းမြို့အကြား လမ်းတလျှောက်ကိုလည်း စစ်တပ်က တိုက်လေယာဉ်၊ Gyrocopter ဟုခေါ်သည့် အနိမ့်ပျံအသေးစားရဟတ်ယာဉ်များသုံး၍ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။  

“လေယာဉ်ကတော့ နေ့၊ ည တောက်လျှောက်ကိုလာတာ။ ပြည်သူတွေ ထိခိုက်တာတွေရှိတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

NUGလက်အောက်ခံ မင်းဘူးခရိုင်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအတွင်း အရပ်သား ၇ ဦး ဒဏ်ရာရသွားသည်ဟုလည်း ပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့် ဆင်ဖြူကျွန်းနှင့် အနီးတဝိုက်

လက်ရှိတွင် ဆင်ဖြူကျွန်းနှင့် စလင်းမြို့ပေါ်ရှိ အရပ်သားများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းထားသည်​။

“စစ်ရေးထပ်ပြီးတော့ အရှိန်မြှင့်တော့မှာဆိုတော့ မြို့ထဲက ပြည်သူတွေအနေနဲ့ မြို့ထဲကနေ အမြန်ဆုံးရှောင်စေချင်ပါတယ်။ အထိအခိုက်မရှိအောင်လို့ပါ”ဟု NUG ၏ မင်းဘူးခရိုင်စစ်ဌာနမှ တာဝန်ရှိသူက ပြောသည်။

စစ်တပ်သည် ဆင်ဖြူကျွန်းမြို့အပါအဝင် စလင်းမြို့နယ်ကို ဇန်နဝါရီ ၁၁ တွင် ကျင်းပမည့် ရွေးကောက်ပွဲ၏ အပိုင်း ၂ တွင် ထည့်သွင်းထားသော်လည်း နေရာအချို့တွင်သာ မဲပုံးထောင်မည်ဟု ကြေညာထားသည်။ 

စစ်တပ်သည် စလင်းမြို့ပေါ် ရပ်ကွက် ၁၁ ခုကို စိုးမိုးထားပြီး ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ သို့သော် ကျေးရွာအုပ်စု ၉၉ ခုအနက် ၁၄ ခုတွင်သာ မဲပုံးထောင်နိုင်ပြီး ကျန်ကျေးရွာအုပ်စု ၈၈ ခုသည် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သေးဟု စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Related Articles

Back to top button