အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သြစတြေးလျရုပ်သံပလက်ဖောင်း Kick က စစ်တပ်ဝါဒဖြန့်ရုပ်သံလိုင်းများကို လက်မခံ

‘ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick က မြန်မာစစ်အုပ်စုကို ၂၄ နာရီ ပြည့်‌အောင်ပင်လက်မခံဘဲ ကန်ထုတ်ခဲ့' သည်ဟု Justice For Myanmar ကဆိုသည်။

Kick အမည်ရ သြစတြေးလျအခြေစိုက် နည်းပညာကုမ္ပဏီသည် စစ်တပ်၏ ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေသည့် ရုပ်သံလိုင်းများကို ၎င်းတို့၏ ပလက်ဖောင်းများကနေ ဖယ်ရှားပစ်လိုက်ကြောင်း ယင်းသို့ဖယ်ရှားရန် တောင်းဆိုခဲ့သည့် Justice For Myanmar က သတင်းထုတ်ပြန်ထားသည်။ 

MRTV HD၊ MITV၊ MRTV News၊  MRTV Farmers၊ MRTV Sports၊ MRTV NRC နှင့် MRTV Entertainment အစရှိသည့် စစ်တပ်ထိန်းချုပ်မှုအောက်မှ ရုပ်သံလိုင်း ခုနစ်လိုင်းကို Kick ကုမ္ပဏီက ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း Justice For Myanmar ကဆိုသည်။

ထိုရုပ်သံလိုင်းများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch မှ ဖယ်ရှားခံရပြီးနောက် Kick ကိုပြောင်းသုံးရာ ‘Kick က မြန်မာစစ်အုပ်စုကို ၂၄ နာရီ ပြည့်‌အောင်ပင် လက်မခံဘဲ ကန်ထုတ်ခဲ့’ သည်ဟု  Justice For Myanmar ကဆိုသည်။

စစ်တပ်သည် MRTV Website နှင့် မိုဘိုင်းအပလီကေးရှင်းတို့မှ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ရန် Kick ကုမ္ပဏီ၏ ပလက်ဖောင်းကို အသုံးပြုရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး Kick ကုမ္ပဏီ၏ ဖယ်ရှားအရေးယူလိုက်မှုသည် စစ်တပ် အမုန်းစကား၊ သတင်းမှားနှင့် ဝါဒဖြန့်လွှင့်နေမှုများကို ကန့်သတ်လိုက်နိုင်ခြင်းဖြစ်ကြောင်း JFM က ဆိုသည်။  

မဲဘုန်းမြို့အခြေစိုက်သည့် Kick ကုမ္ပဏီသည်  ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နှင့် ၎င်း၏ စီးပွာဘက် BiJan Tehrani တို့က ပိုင်ဆိုင်သည်။  

Justice For Myanmar ၏ တောင်းဆိုမှုကြောင့် စစ်တပ်က ၎င်းတို့ သတင်းဌာနများအတွက် အသုံးပြုနေသည့် ပလက်ဖောင်းများကို နည်းပညာကုမ္ပဏီကြီးများက ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖယ်ရှား ပိတ်ပင်မှုများ ရှိလာခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်ကလည်း စစ်တပ်၏ ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာများကို Facebook၊ YouTube၊ Twitchနှင့်  Mediafire တို့ကလည်း ဖယ်ရှားအရေးယူမှုများပြုလုပ်ခဲ့သည်။ 

Amazon ကုမ္ပဏီပိုင် ရုပ်သံလွှင့်တင်နိုင်သော ပလက်ဖောင်း Twitch သည် MRTV၊ MITV နှင့် မြန်မာ့ရေဒီယို တိုက်ရိုက်ထုတ်လွှင့်နေသည့် လိုင်း ၁၄ ခုအား ၎င်းတို့၏ ဝက်ဘ်ဆိုဒ်နှင့် Google၊ Apple App stores များရှိ ၎င်းတို့၏ မိုဘိုင်း Apps များမှ ဖယ်ရှားခဲ့သည်ဟုဆိုသည်။ 

ထို့အပြင် Facebook နှင့် ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝက်ဘ်ဆိုဒ်တို့သည်လည်း မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးထုတ်ဝေသည့် ရတနာပုံသတင်းစာ၏ အကောင့်များကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ 

အလားတူ Facebook ကလည်း စစ်တပ်ထိန်းချုပ်ထားသည့် MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ကြောင်း၊ YouTube သည်  MITV စာမျက်နှာကို ဖယ်ရှားရန် ကနဦးငြင်းဆိုခဲ့သော်လည်း ယမန်နေ့တွင် ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း JFM က ထုတ်ပြန်ထားသည်။   

လူမှုကွန်ရက်ပလက်ဖောင်းများသည် ရွေးကောက်ပွဲကိစ္စအပါအဝင် စစ်တပ်၏ ဝါဒဖြန့်ချိရေးအတွက် အရေးပါသည့် ထောက်တိုင်များအဖြစ် အထောက်အပံ့ပေးနေသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူများအား အရေးယူ၍ အကြောက်တရားဖြန့်ချိရေးအတွက် အရေးပါးသည့် ကဏ္ဍတွင် ရှိနေသည်ဟု ဒီဇင်ဘာလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် JFM က ဝေဖန်ထားသည်။

Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နှင့် ApkPure စသည့် နည်းပညာကုမ္ပဏီများအနေဖြင့်လည်း စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေသည့် လူမှုကွန်ရက် စာမျက်နှာများကို ဖယ်ရှားအရေးယူပေးရန် JFM က တောင်းဆိုထားသည်။ 

Related Articles

Back to top button