အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ထိန်းချုပ်သည့် လားရှိုးမြို့ပေါ် ရပ်ကွက် ၃ ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်

စစ်ကော်မရှင်က ရွေးကောက်ပွဲလုပ်ရန် ရက်အနည်းငယ်သာ ကျန်တော့ချိန်တွင် လားရှိုးမြို့ပေါ်တွင် တစ်ရက်တည်း ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက် သုံးခုတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က တစ်ရက်အတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားသည်ဟု လားရှိုးမြို့ခံများ ထံက သိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်)  နံနက် ၁၀ နာရီခန့်က အမှတ် (၁၂) ရပ်ကွက်၊ မန်ဆူဘုရားလမ်းကြားအနီး ပေါက်ကွဲသံ စတင်ကြားရသည်ဟု ဆိုကြသည်။

“အသံမိုင်းလို့ ပြောတယ်။ မန်ဆူနားဘုရားနားကနေ ကြားရတယ်။ ဘယ်နားမှာ ဖြစ်တယ်ဆိုတာတော့ တိတိကျကျ မသိရဘူး” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့နောက် ညနေတွင် အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက် လားရှိုးမြို့မ ဈေးအနီးရှိ အမှိုက်ပုံ၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။

“မန်အိုင် အတက်နားက အိမ်နားမှာ အမှိုက်မီးရှို့တော့ ပေါက်ကွဲတယ်လို့ ပြောတယ်။ အသံတော့ တော်တော်ကျယ်တယ်” ဟု အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုအပြီး တစ်နာရီခန့်အကြာတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်ဟု မြို့ခံများကို ကိုးကား၍ သိရသည်။

“လက်လုပ်မိုင်းလို့ ပြောရမယ်။ ပုလင်းနဲ့ လုပ်ထားတာ။ (အမှတ် ၂ ရပ်ကွက်) ဈေးအမှိုက်ပုံထဲမှာ ကွဲတာ။ ရပ်ကွက် (၂) ရုံးနဲ့ လည်း နီးတယ်။ လူတွေတော့ ဘာမှ မဖြစ်ဘူး” လို့ လားရှိုးမြို့ခံ နောက်တစ်ယောက်က ပြောသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်သုံးခုတွင် လူထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဟု မြို့ခံများက ပြောကြသည်။

“ ၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ၂၀၂၃ ခုနှစ်အတွင်း လားရှိုးမြို့ပေါ် ရပ်ကွက်များ၌ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။

လားရှိုးမြို့အား ကိုးကန့်တပ် (MNDAA) က စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးပြီးနောက် ရှစ်လခန့် အကြာတွင် ယခုကဲ့သို့ တစ်ရက်အတွင်း ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံများက ဆိုသည်။

“အခါတိုင်းရက်တွေက စစ်တပ် ခြံစည်းရိုးနားတွေမှာ ကွဲတာမျိုးရှိတယ်။ ပြီးတော့ တောစပ်နားတွေမှာလည်း ထင်းခုတ်ရင်း မိုင်းနင်းမိတာမျိုး ရှိတယ်ဗျာ။ မိုင်းလက်ကျန်တွေ ကွဲတာတော့ ခဏ ခဏ ကြားရတယ်။ အခုလို တစ်ရက်တည်း ဆက်တိုက်တော့ မကွဲပါဘူး။ ဒီတစ်ခါတော့ ထူးဆန်းနေတာ” ဟု လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့အား ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ်က လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုနှင့် MNDAA ထိန်းချုပ်သည့် ကျေးရွာအုပ်စု ၉ ခုတွင် ရွေးကောက်ပွဲ လုပ်ရန် ပြင်ဆင်နေသည်ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူများထံက သိရသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ သီတင်းပတ် နှစ်ပတ်စီခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ် ဇန်နဝါရီလ မကုန်မီ သုံးပိုင်းလုံးပြီးစီးရန် ရည်ရွယ်ထားသည်။ 

သို့ရာတွင် MNDAA ပြန်ကြားရေးဌာနနှင့် နီးစပ်သူများကမူ MNDAA ထိန်းချုပ်သည့် အထူးဒေသ (၁) အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် ပေးမည်မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုထားသည်။

လားရှိုးမြို့ပေါ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၅) အုပ်စုရှိပြီး လူဦးရေ သုံးသိန်းနီးပါး နေထိုင်သည်။

“၁၀၂၇” စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်က လားရှိုးမြို့ကို အလုံးစုံ သိမ်းပိုက်ခဲ့ပြီး တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်တပ်ထံ ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။

သို့သော်လည်း လားရှိုးမြို့နယ်ရှိ ကျေးရွာအုပ်စု (၇၅) အုပ်စုနှင့် လားရှိုး–မိုင်းရယ်လမ်း၊ သီပေါ–လားရှိုးလမ်း ပေါ်ရှိ ကျေးရွာများကို MNDAA က ဆက်လက် ထိန်းချုပ်ထားသည်။

Related Articles

Back to top button