
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟု စွပ်စွဲ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်စီးနင်းခဲ့ရာ ရွာသားများက ဝိုင်းဝန်းခုခံကြသဖြင့် တစ်နာရီကျော်ကြာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
“ဦးဇင်းကျောင်းရဲ့ အနောက်ဘက်မှာ သင်တန်းပေးတယ်လို့ သတင်းရလို့ ဝင်လာတာလို့ ပြောတယ်။ စစ်သင်တန်းပေးတယ်ဆိုပြီး အကြောင်းပြတာပေါ့။ ဦးဇင်းတို့မှတ်ပုံတင်တွေရော၊ စာရွက်စာတမ်းတွေ အကုန်သိမ်းသွားတယ်။ စားစရာတွေလည်း အကုန်စားသောက်သွားတာ။ လက်ဖက်ခြောက်ကအစ မချန်ခဲ့ဘူး” ဟု ကျောင်းထိုင်ဆရာတော် ဦးသုဇာတက မိန့်သည်။
ယနေ့ (ဇွန် ၈ ) နံနက် ၇ နာရီအချိန်က ဒီပဲယင်းမြို့နယ်တောင်ဘက် ၁၀ မိုင်အကွာရှိ ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က အင်အား၃၀ ခန့်ဖြင့် ပစ်ခတ်စီးနင်းမှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း – PDF) က ဒေသလက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့၍ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
“ပစ်တာတွေက ဦးဇင်းကျောင်းထဲမှာပဲ။ ရွာသားတွေက ကျောင်းထဲမှာရှိတဲ့ စစ်သားတွေကို လှမ်းပစ်တာ။ သူတို့တွေက လက်နက်ကြီးနဲ့ပစ်တော့ ကလေးတွေက ရှေ့မတိုးရဲဘူး။ လက်နက်ကြီးနှစ်လုံးသုံးတယ်။ တိုက်ပွဲဖြစ်နေချိန်ပစ်တာတွေက သစ်ပင်တွေပဲမှန်တာ။ ရွာသားတွေက မခံနိုင်လို့ တိုက်ပွဲဖြစ်တယ်။ တစ်နယ်လုံးမှာရှိတဲ့ PDF တွေက လာကူကြတယ်”ဟု ဦးသုဇာတက မိန့်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းနှင့် နှစ်မိုင်ကျော်အကွာတွင် စစ်ကားသုံးစီးကို ရပ်ခဲ့ကာ လယ်ကွင်းများကို ခြေလျင်ဖြတ်၍ ဝင်လာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ဒေသခံများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြန်လည်မဆုတ်ခွာမီ စစ်ကောင်စီတပ်က ကျောင်းတိုက် ပြတင်းပေါက်မှန်တံခါးများ၊ အခန်းများကို ရိုက်ခွဲဖျက်ဆီးခဲ့သည့်အပြင် ဆိုင်ကယ်လေးစီးနှင့် ငွေကျပ် ၁၅ သိန်းကို ယူဆောင်သွားခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။
“ဒီပဲယင်းမြို့နယ်အကုန်လုံးက ဝိုင်းတိုက်ကြမယ်ဆိုပြီး အသံလွှင့်လာတော့ သူတို့က တွေ့ရာ ရမ်းပစ်သွားတာ။ တိုက်ပွဲက ဟိုဘက်(စစ်တပ်) ဒီဘက်(ရွာသား) ထိခိုက်မှုတော့ မရှိပါဘူး။ ကျောင်းကိုတော့ အတော်ဖျက်ဆီးခဲ့ပါတယ်”ဟု ဆရာတော် ဦးသုဇာတက ပြောသည်။
ယနေ့တိုက်ပွဲအတွင်း ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လမ်း၌တွေ့သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အရာတော်ဘက်သို့ ချီတက်သွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာ၌လည်း လက်နက်ပြုလုပ်နေသည်ဟု စွပ်စွဲ၍ စစ်တပ်က နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားသုံးဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။
“အိမ်တစ်အိမ်ကို ဖျက်ပစ်လိုက်တယ်။ သစ်သားအိမ်၊ ဝါးကပ်ကာပေါ့ဗျာ။ ရိုက်ဖျက်ပစ်တာ။ သူတို့ (စစ်တပ်) က ရွာထဲကို ဝင်လာကတည်းက သေနတ်ဖောက်ပြီး ဝင်လာကြတာ”ဟု စစ်တပ်၏ စီးနင်းမှုကို ကြုံတွေ့ရသည့် အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်လုပ်တူမီးသေနတ်ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် မေ ၂၇ တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်ကတော့ အိမ်မှာမရှိဘူး။ အဖေ့ကို ခေါ်သွားတယ်။ ကျွန်တော့်အိမ်အရှေ့ဘက်က ဝက်သားခုတ် (ဝက်သတ်နေ) နေတဲ့သူကိုလည်း ခေါ်သွားတယ်။ လောလောဆယ်တော့ ရွာသားတွေက ရှောင်နေကြတာတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ကင်မွန်းတော်ရှိ နေအိမ်သုံးလုံးကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် အဖိုးတန်ပစ္စည်းများကို ယူဆောင်၍ ဆိုင်ကယ်၊ ဗီဒီယိုများကို ရိုက်ခွဲဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံအချို့က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ချောင်းဦး၊ ဒီပဲယင်းမြို့နယ်များအတွင်း စစ်ကောင်စီက လက်နက်ရှာဖွေမည်ဟု အကြောင်းပြ၍ ဇွန်လဆန်းပိုင်းမှစ၍ တစ်ရွာပြီး တစ်ရွာ ဝင်ရောက်စီးနင်းလျက်ရှိရာ ဒေသခံများကလည်း လက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံလျက်ရှိသည်။
ယဉ်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကင်မွန်းတော်ရွာ ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ စစ်ကောင်စီထံ စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပေ။