အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတပ်မြို့၌ တိုက်ပွဲများဆက်ဖြစ်နေ၊ ဒေသခံတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယနေ့ (ဇွန် ၈) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မင်းတပ်မြို့နှင့် ၁၀ မိုင်အကွာရှိ ဘုရားစခန်းကျေးရွာနှင့် ယှက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ အဓိကအသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့ တိုက်ပွဲ ၂ နေရာဖြစ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ မနက်က ကျွန်တော်တို့ဘက်က တစ်ဦးကျဆုံးပါတယ်။ ဒီနေ့တော့ လေယာဉ်သံမကြားရဘူး။ လက်နက်ကြီးကတော့ အခုပြောနေရင်းတောင် ထုနေတာ” ဟု ယနေ့ မွန်းလွဲပိုင်းဆက်သွယ်မေးမြန်းချိန်တွင် ၎င်းက Myanmar Now ကို ပြောသည်။

မင်းတပ်မြို့ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အသက် ၁၈ နှစ်အရွယ် ဆလိုင်းလိန်းယောအွမ်ဆိုသူ လူငယ်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူစာရင်းအတိအကျကို အတည်မပြုနိုင်သေးကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကောင်စီက မေလလယ်ပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကာ မင်းတပ်မြို့ခံများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ 

မင်းတပ်မြို့ကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေဆဲဖြစ်ကာ ယနေ့တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ ဒေသခံများထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်စခန်းများနှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသည်ဟု သိရသည်။ 

စစ်ဘေးရှောင်စခန်းများအနီးတွင် စစ်ကောင်စီတပ်က လာရောက်တပ်စွဲနေသဖြင့် စခန်းရှိ ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကာ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များသာ ကျန်ရှိတော့ကြောင်း လုဆယ်စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“အကုန်လုံးက ကမောက်ကမနဲ့ ဟိုပြေးဒီပြေးဖြစ်ကုန်ပြီ။ စခန်းနားနီးလာတော့ ပြေးနေကြတာ။ တချို့က စခန်းကနေ ထွက်သွားတယ်။ ဘယ်ထွက်သွားကြမှန်း မသိဘူး။ ဟိုပျံ့ဒီပျံ့ဖြစ်ကုန်ပြီ။ တချို့လည်း တောထဲမှာ ပြေးတယ်။ အခု စခန်းမှာ ဘယ်ပြေးလို့ပြေးရမှန်း မသိတဲ့လူတွေပဲ ကျန်တော့တယ်” ဟု ၎င်းက ပြောသည်။

မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၈၃၀၀ ကျော်သည် စစ်ဘေးရှောင်စခန်း ၁၈ ခုတွင် ခိုလှုံနေရပြီး စစ်ကောင်စီက ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းများ ပိတ်ဆို့ထားသဖြင့် အစားအသောက်၊ ဆေးဝါးနှင့် ရေများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိများက ဆိုသည်။ 

မင်းတပ်မြို့တွင် ဧပြီလ ၂၄ ရက်က ဆန္ဒပြရင်းအဖမ်းခံရသူ လူငယ် ၇ ဦးကို စစ်ကောင်စီက ပြန်လွှတ်မပေးသည့်ကိစ္စကို အကြောင်းပြု၍ ဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များကို အားကိုးကာ ခုခံတော်လှန်ခဲ့ခြင်းဖြစ်သည်။ 

မေ ၁၃ ရက်မှ ဇွန် ၆ ရက်အထိ မင်းတပ်မြို့နယ်အတွင်း ရွှေအောင်သ၊ မယ်လယ်ကုန်း၊ ယှက်၊ ချောင်းဆုံနှင့် ဘုရားစခန်းကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button