အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

SSPP ထိန်းချုပ်နယ်မြေရှိ ကျားဖြန့်စခန်းတစ်ခုကို စစ်တပ်ဝင်စီး၊ SSPP ၃ ဦး ဖမ်းဆီးခံရ

စစ်တပ်က ပစ်မှတ်ထားနှိမ်နင်းနေသည့် ကျားဖြန့်လုပ်ငန်းများတွင် ရှမ်းမြောက်အခြေစိုက် SSPP နယ်မြေရှိ စခန်းတစ်ခု စီးနင်းစဉ် SSPP တပ်ဖွဲ့ဝင် သုံးဦးကိုပါ ဖမ်းဆီးလိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ပန်စင်ရွာအနီးရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်ငန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ ဝင် သုံးဦး၊ တရုတ်နိုင်ငံသား ငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်သည်။

လူဦးရေ နှစ်ရာဝန်းကျင်ဖြင့် စခန်းချ လုပ်ကိုင်နေသည့် အဆိုပါစခန်းကို ဝင်ရောက်စီးနင်းချိန် ပစ်ခတ်မှုဖြစ်ပြီး အခြားသူများသည် ထွက်ပြေးလွတ်မြောက်သွားသည်ဟု စစ်ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သီပေါမြို့နှင့် မိုင်းရယ်မြို့အကြားရှိ SSPP/SSA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ စခန်းချနေသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် စစ်ကော်မရှင်ဘက်က ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါစခန်းသည် စခန်းသေးငယ်တစ်ခုသာဖြစ်ပြီး နောက်ထပ် အွန်လိုင်းငွေလိမ် စခန်းကြီးများလည်း ရှိနေသေးသည်ဟု ကျားဖြန့်လုပ်ငန်းအကြောင်း သိရှိထားသည့် ရှမ်းမြောက်ဒေသခံများထံက သိရသည်။

“အရင် တန့်ယန်းဘက်၊ ‘ဝ’ နယ်ဘက်မှာ ဖမ်းဆီးတုန်းက ထွက်ပြေးလာတဲ့အဖွဲ့တွေ ဒီဘက်ကို ရောက်လာတာပါ။ အခုနေရာတွေက ရှမ်းအဖွဲ့တွေ နယ်မြေတွေဖြစ်လို့ သူတို့မသိဘဲ လုပ်လို့မရပါဘူး” ဟု သီပေါမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် SSPP တပ်ဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ နမ္မတူ၊ မိုးမိတ်၊ မဘိမ်း၊ မူဆယ်၊ တန့်ယန်းနှင့် မိုင်းရယ်မြို့များတွင် စစ်ရေးအဓိက လှုပ်ရှားလျက်ရှိသည်။

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် မပါဝင်ဘဲ ကြားနေအဖြစ်သာ ရပ်တည်ခဲ့သည့် SSPP တပ်ဖွဲ့သည် စစ်တပ်နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီး ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။

ကျောက်မဲနှင့် သီပေါမြို့များကို TNLA လက်မှ ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် နိုဝင်ဘာလမှ စတင်ကာ SSPP ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်စခန်းများအား မကြာခဏ ဝင်ရောက်စီးနင်းနေသည်။

ယခုလအစောပိုင်းကလည်း ကျောက်မဲမြို့နယ်အတွင်း SSPP တပ်ဖွဲ့ ထိန်းချုပ်ထားသည့် တောင်ထိပ်ရွာရှိ ကျားဖြန့်စခန်းတစ်ခုအား စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးခဲ့သည်။ 

ထိုစီးနင်းမှုအတွင်း SSPP/SSA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့သည်။

ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေးအတွက် တရုတ်အပါအဝင် နိုင်ငံတကာဖိအားနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်သည် ကျားဖြန့်လုပ်ငန်း ကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူများကို ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဟု ပြောဆိုထားရာ ဆက်ဆံရေးကောင်းမွန်နေသည့် SSPP နှင့် စစ်ကော်မရှင်တို့ကြား မကြာခဏ စစ်ရေးတင်းမာမှုများရှိလာသည်။ 

ကျားဖြန့်လုပ်ငန်းများတွင် SSPP တပ်ဖွဲ့ဝင်များ ဖမ်းမိသည်ဟုဆိုသည့် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ SSPP ပြန်ကြားရေးတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

SSPP တပ်ဖွဲ့၏ ယခုလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ၎င်းတို့ ထိန်းချုပ်ဒေသအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေမချနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

သို့ရာတွင် သီပေါ၊ နမ့်လန်နှင့် မိုင်းရယ်ကြားရှိ ကျေးရွာများတွင် တရုတ်နိုင်ငံသားများပါဝင်သည့် ကျားဖြန့် လုပ်ငန်းများကို SSPP တပ်ဖွဲ့က လျစ်လျူရှုထားကြောင်း ဒေသခံများက ထောက်ပြသည်။

“နမ့်လန်နဲ့ မိုင်းရယ်ကြားက ရွာကြီးတွေမှာ အများကြီးပါပဲ။ မိုင်းခေးရွာမှာဆို စခန်းအကြီးကြီးချပြီး လုပ်နေကြတာပါ။ ဒီနေရာဖမ်းရင် ဟိုနေရာကို ရွှေ့တာပဲ၊ ရှမ်းအဖွဲ့တွေ သိပါတယ်။ ဒီလိုနဲ့ဆို အမြစ်ဖြတ်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်” ဟု နမ့်လန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်နယ်စပ်အနီးရှိ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသများနှင့် ကိုးကန့် ဒေသတို့တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကျယ်ပြန့်လာခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်အစိုးရက နယ်စပ်ရှိ အွန်လိုင်ငွေးလိမ်လုပ်ငန်းများအား စတင်နှိမ်နှင်းခဲ့သည်။

ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် စစ်တပ်လက်အောက်ခံ လောက်ကိုင်ဒေသဦးစီးအဖွဲ့နှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ တရုတ်အစိုးရက ဖမ်းဆီးခဲ့သည်။

တရုတ်အစိုးရဖိအားပေးသဖြင့် UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်သည့်  မိုင်းပေါက်၊ ပန်ဆန်းအပါအဝင် ထိန်းချုပ် ဒေသများအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို  “ဝ” တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် ကိုးကန့်နှင့် “ဝ” တပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ထပ်မံဖမ်းဆီးကာ တရုတ်အစိုးရလက်သို့ အပ်နှံခဲ့သည်။

ထိုသို့ ဖမ်းဆီးမှုများအတွင်း ထွက်ပြေးလွတ်မြောက်လာသည့် တရုတ်နိုင်ငံသားအများအပြားလည်း ရှိခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် တရုတ်နယ်စပ်နှင့် ဝေးကွာသည့် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်၊ ကျေးသီး၊ မိုင်းနောင်၊ တာချီလိတ် မြို့နယ်  အတွင်းပိုင်းကျသည့် ကျေးရွာများသို့ ရွှေ့ပြောင်းလာကာ အွန်လိုင်းငွေလိမ် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည်ဟု ဒေသခံများထံက သိရသည်။

စစ်တပ်က မကြာသေးမီက ပြုလုပ်ခဲ့သော အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့၏ အစိုးရအဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့၍ ဖမ်းဆီးအရေးယူမှု ကြီးကြီးမားမားလုပ်ထားရကြောင်း စစ်တပ်က ဝန်ခံထားသည်။

စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ” ဖွဲ့စည်းထားကာ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးတို့ ပါဝင်ကြသည်။

လက်ရှိတွင်လည်း စစ်တပ်အနေဖြင့် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်းကာ Trilateral Cooperation အနေဖြင့် ကျားဖြန့်တိုက်ဖျက်ရေး ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ပုံစာ- သီပေါနယ် ကျားဖြန့်စခန်းမှ ဖမ်းမိပစ္စည်းများကို စစ်တပ်ဝါဒဖြန့် မီဒီယာအချို့က ဖော်ပြထားစဉ်။

Related Articles

Back to top button