အာရက္ခတပ်တော် AA သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဒေသခံ ၄၀ကျော်သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရသူ အရေအတွက်ဟာလည်း ၈၀ကျော် ရှိပါတယ်။
ပြင်းထန်ဒဏ်ရာရထားသူတွေလည်း ဒါဇင်နဲ့ချီ ရှိနေပြီး လက်ရှိမှာ ဆေးဝါးကုသဖို့ အခက်အခဲရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို စစ်တပ်က ကုန်းလမ်း၊ ရေလမ်းကနေ ပိတ်ဆို့ထားတာကြောင့် ငွေကြေးအပြင် ဆေးဝါးမလုံလောက်မှုအခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့လည်း ဒဏ်ရာရလူနာတွေကို ဆေးကုသဖို့ ဆေးရုံသုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေ တတ်နိုင်သလောက်ကူညီပေးကြဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။
မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဂွနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို အခုရက်ပိုင်းမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်ခဲ့တာပါ။
ဒီဇင်ဘာ ၁၀ရက်နေ့ညက မြောက်ဦးဆေးရုံဗုံးကြဲခံရမှုမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၃၃ဦး သေဆုံးပြီး၊ ၇၇ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဲ့ဒီဖြစ်စဉ်မှာ ၂၇ဦးက ဒဏ်ရာပြင်းထန်ပါတယ်။
အဲ့ဒီနောက် ဒီဇင်ဘာ ၁၁ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်ထဲက ငလုံးအထက်ရွာနဲ့ အောက်ရွာကို လေကြောင်းကနေ ဆက်လက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၈ဦးသေဆုံးပြီး၊ ၁၀ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူတွေဟာ ကုသဖို့ ငွေကြေးအပြင် ဆေးဝါးမလုံလောက်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျောက်ဖြူမြို့နယ်က ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အမျိုးသားတစ်ယောက် ပြောပြပါတယ်။ ကျောက်ဖြူမြို့နယ်ဟာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ဒေသဖြစ်တာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေလည်း ဝင်ရောက်မှုနည်းပါးလို့ ပိုပြီးအခက်တွေ့ရတယ်လို့ ဆိုပါတယ်။
သတင်း၊ တင်ဆက် – ညီထွေး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



