အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့အနီး စစ်တပ်က ကျေးရွာများကို သိမ်းပိုက်နေရာ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်နေ့) ညတွင် ရွာတော်လေးကျေးရွာ တိုးဂိတ်အနီး ရောက်ရှိလာရာ ရက်ပိုင်းအတွင်း စဉ်ကူးမြို့ကို စွန့်လွှတ်ရဖွယ်ရှိကြောင်း တော်လှန်ရေး ရင်းမြစ်များထံက သိရသည်။
စဉ့်ကူးမြို့၏ တောင်ဘက် ခုနစ်မိုင်ကျော်အကွာ ရွာတော်လေးကျေးရွာအနီးသို့ စစ်တပ်ရောက်နေပြီး မြောက်ဘက် နှစ်မိုင်ကျော်အကွာ လက်ပံလှရွာကို အချိန်မရွေး ထိုးစစ်ဆင်နိုင်သည့် အကွာအဝေးအထိ ရောက်လာခြင်းဖြစ်သည်။
အိမ်ခြေ တစ်ထောင်ကျော်ရှိသော လက်ပံလှကျေးရွာ ကျပါက ထိုရွာ၏ အနောက်ဘက် လေးမိုင်အကွာရှိ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များ အချိန်မရွေး လက်လွှတ်လိုက်ရနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
“တစ်နေရာပြီး တစ်နေရာ၊ ကျွန်တော်တို့ နောက်ဆုတ်နေရတယ်။ မြေပြင်စစ်ကြောင်းထက် ဒရုန်းကြောင့်ပဲ ဆုတ်ရတာများပါတယ်။ ဒီညပဲ ရွာတော်လေးရောက်လာပြီ”ဟု စဉ့်ကူးမြို့နယ် ခံစစ်တွင် ပါဝင်တိုက်ခိုက် နေသည့် တပ်ဖွဲ့တစ်ခု၏ တာဝန်ခံက ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းတွင် ပြောသည်။
စစ်တပ် စစ်ကြောင်းများသည် ယမန်နှစ် နိုဝင်ဘာလမှ စတင်ကာ မတ္တရာမြို့နယ်တွင်းမှ တော်လှန်ရေး စိုးမိုးနယ်မြေများကို ထိုးစစ်ဆင် ပြန်လည်ရယူပြီးသည်နှင့် စဉ့်ကူးမြို့နယ်အထိပါ ဆက်တိုက် ထိုးစစ်ဆင် နေခဲ့ရာမှ လက်ရှိအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်သည်။
စဉ့်ကူးစစ်မြေပြင်တွင် ပြင်ဦးလွင်ခရိုင်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ မန္တလေးတိုင်းအောက်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) တပ်ဖွဲ့များအပြင် မြင်းခြံခရိုင်အောက်မှ PDF တပ်ရင်းများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) ၏ တပ်ရင်းအချို့တို့ စုပေါင်းခုခံနေကြသည်ဟု သိရသည်။
စစ်ကော်မရှင်၏ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ခံရမှုတို့ကြောင့် တဖြည်းဖြည်းချင်း နောက်ဆုတ် ပေးနေရကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
မြေပြင်ထိုးစစ်အပြင် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကျောက်မြောင်းမြို့အတွင်းမှ အခြေစိုက် တပ်များကလည်း ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်သလို လက်ပံလှကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၁ ရက် ညနေ ၄ နာရီခန့်က လက်ပံလှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ကပ်လျှက် ပင်လယ်ကြီးကျေးရွာကိုလည်း လေကြောင်းမှ သုံးကြိမ် ဗုံးကြဲ တိုက်ခိုက်ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။
“ပြည်စိုးအောင်ရပ်ကွက်က လူမထိဘူး ။ အိမ်တွေ မီးလောင်တယ် ။ ပင်လယ်ကြီး(ရွာ) ဘက်နားက ထိတယ် ။ တစ်ဦးသေတယ်။ ငါးဦးဒဏ်ရာရတယ်။ စက်တွေနဲ့ပါ အပေါ်ကပစ်သွားတာ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ထိုနေ့ဖြစ်စဉ်ကို ပြောသည်။
ပင်လယ်ကြီးကျေးရွာဗုံးကြဲမှုတွင် ထိုကျေးရွာရှိ အကျဉ်းသားများထားရှိရာ အချုပ်ထောင်ကို ဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ပြီး ကျေးရွာအတွင်း လူနေအိမ်များပေါ်သို့ကျရောက်၍ သေဆုံးထိခိုက်ခြင်း ဖြစ်သည်ဟု စစ်ရေးရင်းမြစ် အမျိုးသားတစ်ဦးကလည်း ပြောသည်။
မန္တလေး-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်တည်ရှိပြီး ရွှေတူးဖော်ရေးလုပ်ငန်းများဖြင့်အသက်မွေးသည့် စဉ့်ကူးမြို့သည် နိုင်ငံအလယ်ပိုင်းစီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့၏ မြောက်ဘက် ၅၄ မိုင် အကွာအဝေးတွင်ရှိပြီး စဉ့်ကူးမြို့နယ်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် MDY-PDF ဦးဆောင်၍ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာအထိ စစ်တပ် ရောက်ရှိလာပါက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနိုင်ပြီး တော်လှန်ရေးတပ်များအတွက် ဆုတ်ခွာလမ်းကြောင်းပင် ကျဉ်းသွားနိုင်ကြောင်း၊ စစ်အုပ်စုအနေဖြင့် စဉ့်ကူး သပိတ်ကျင်းနယ်မြေများကို အစောဆုံးအနေဖြင့် ယခုနှစ်ကုန်၊ နောက်အကျဆုံး အနေဖြင့် ရွေးကောက်ပွဲကာလများ၌ အပြီးသတ်ရရှိသွားနိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ခန့်မှန်းသည်။
“စဉ့်ကူးနယ်မြေတွေကတော့ ၂၀၂၆ ရွေးကောက်ပွဲအပြီးလောက်မှ စစ်တပ်က ရာနှုန်းပြည့်ထိန်းချုပ် သွားနိုင်ဖို့များပါတယ်။ လက်ပံလှ (ရွာ) ကို ကျော်လာရင်တော့ တိုက်ပွဲတွေက ထင်ထားတာထက်ကို ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်ပါတယ်။ ဒေသခံတပ်တွေအတွက်က ဆုတ်လမ်း တဖြည်းဖြည်းကျဉ်း လာပါတယ်” ဟု သူက ဆိုသည်။
“ စဉ့်ကူး၊ သပိတ်ကျင်းဒေသက ဒေသခံတော်လှန်ရေးတပ်တွေအတွက် လှုပ်ရှားစစ်ကစားနယ်မြေ ကျဉ်းလာနေပါတယ်”
လက်ရှိအချိန် စဉ့်ကူးမြို့ကိုပါ အချိန်မရွေး လက်လွှတ်လိုက်ရနိုင်သည့်အခြေအနေတွင် မန္တလေး- မိုးကုတ် ကားလမ်း အပါအဝင် သပိတ်ကျင်းနယ်အတွင်းမှလည်း တစ်ရွာပြီးတစ်ရွာ စစ်တပ် က ရှေ့တိုးလာနေသည်။
သပိတ်ကျင်းမြို့နယ်မှ ဇရပ်ကွင်းရွာကိုလည်း ယမန်နေ့တွင် လက်လွှတ်လိုက်ရကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။
သပိတ်ကျင်းမြို့နှင့် ခုနစ်မိုင်ကျေးရွာတို့တွင် ခြေကုပ်ယူပြီး တောင်ဘက်သို့ ဦးတည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများကို ဇရပ်ကွင်းကျေးရွာတွင် ရက်အတန်ကြာ ခုခံထားနိုင်ခဲ့သော်လည်း ယမန်နေ့တွင် လက်လွှတ်လိုက်ရကြောင်း သပိတ်ကျင်းစစ်မျက်နှာတွင် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဇရပ်ကွင်းရွာအရှေ့ဘက် အုန်းဇုံးကျေးရွာအထိ စစ်တပ်က ရောက်လာပြီး ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်(MNDAA)၊ အာရက္ခတပ်တော် (AA) နှင့် တအာင်းတပ် (TNLA) တို့၏ “၁၀၂၇” စစ်ဆင်ရေး အပိုင်း (၂) တွင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့များအား သိမ်းပိုက်ခဲ့ပြီး မတ္တရာနယ်တစ်ခုလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့သည်။ မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ခဲ့သည်။
ယခုနှစ်အတွင်း သပိတ်ကျင်းမြို့ကို စတင်လက်လွှတ်ရပြီးနောက် မတ္တရာမြို့နယ်ကို ထိန်းချုပ်ခဲ့ကာ စဉ့်ကူးကိုပါ ခြိမ်းခြောက်လာသဖြင့် တကောင်းမြို့နှင့် သပိတ်ကျင်းမြို့နယ် ကြာညှပ်ဒေသသည်သာ စိုးမိုးနယ်မြေအဖြစ် ကျန်ရှိနေမည်ဖြစ်သည်။
သပိတ်ကျင်း၊ စဉ့်ကူးနယ်ကို လက်လွှတ်လိုက်ရပါက မိုးကုတ်မြို့ကို ခြေကုပ်ယူကာ စိုးမိုးနယ်မြေ ချဲ့ထွင်နေသည့် စစ်တပ်ကို တိုက်ခိုက်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့များအတွက် စစ်ရေးလှုပ်ရှားရာတွင် အကန့်အသတ်များလာနိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“စစ်ရေးမှာ ထိုးစစ်ဆင်သူဖြစ်ဖြစ်၊ ခံစစ်ပြင်သူဖြစ်ဖြစ်၊ လှုပ်ရှားစစ်ကစားရတာ ကျဉ်းလာတဲ့၊ အကန့် အသတ်များတဲ့သူက အရေးနိမ့်တဲ့ သဘောရှိပါတယ်။ တချို့ဒေသတွေကို ထိန်းချုပ်ထားနိုင်သေးရင်တော့ အပြောင်းအလဲဖြစ်နိုင်ပေမဲ့ စစ်တပ်က မိုးကုတ်ကို ခန့်မှန်းအင်အား ၄၀၀နဲ့ ၅၀၀ လောက်ဖြည့်တယ်။ မိုးကုတ်ကို ခြေကုပ်ယူပြီး နယ်မြေချဲ့ထွင်မယ်လို့ ယူဆရပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။
စဉ့်ကူး၊ သပိတ်ကျင်းနယ်တို့ကို စစ်တပ်ထိန်းချုပ်မှုအောက် ရောက်သွားပါက ရှမ်းမြောက်ဒေသနှင့် ချိတ်ဆက်ကာ လက်နက်၊ ခဲယမ်းများ ရရှိနေသည့် စစ်ကိုင်း မကွေးဒေသမှ တော်လှန်ရေးတပ်များ အတွက်လည်း အခက်အခဲများပေါ်လာမည်ဟု မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့က ယူဆ ထားကြသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့အား စစ်တပ်လက်မှ ပြန်ရရန် မိုးကုတ်–မိုးမိတ်ဒေသ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းထားပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက အနီးကပ်ကြီးကြပ်ကွပ်ကဲနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းအတွင်း ကျလုနီးပါးဖြစ်နေသော စဉ့်ကူးမြို့၏အခြေအနေနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူထံ Myanmar Now က မေးမြန်းနေဆဲ ဖြစ်သည်။



