ဧရာဝတီမြစ်ကမ်းဘေး မန္တလေးတိုင်း၊ စဉ့်ကူးမြို့၏ တောင်ဘက် ကျေးရွာနှစ်ရွာကို စစ်တပ်က ယခုရက်ပိုင်း သိမ်းပိုက်လိုက်ရာ မြို့အနီးအနားကို ခြိမ်းခြောက်နိုင်သည့် ၁၀ မိုင်ခန့်အကွာအဝေးသို့ ရောက်ရှိလာပြီး လက်ပံလှကျေးရွာကို ဗုံးကြဲနေသည်ဟု သိရသည်။
ဒီဇင်ဘာလဆန်းအတွင်း စဉ့်ကူးနယ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ငါးရက်ဆက် တိုက်ပွဲပြင်းထန်နေရာ စဉ့်ကူးမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာ မန္တလေး- မြစ်ကြီးနားလမ်းမကြီးပေါ်မှ တရော်ပင်နှင့် ရွှေပြည်ကျေးရွာတို့ကို သိမ်းပိုက်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်) တွင် ညောင်ဝန်းရွာအနီးအထိ စစ်တပ်ရောက်လာသည်ဟု တော်လှန်ရေး စစ်ရေးရင်းမြစ်များထံက သိရသည်။
စစ်ကော်မရှင်တပ်သည် ဒရုန်းနှင့်လက်နက်ကြီး အလွန်အကျွံသုံး၍ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ် ဆင်လာသောကြောင့် နယ်မြေများတဖြည်းဖြည်းဆုတ်ခွာပေးနေရသည်ဟု စဉ့်ကူးနယ်မှ စစ်ရေးရင်းမြစ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့က စဉ့်ကူးဘက် စထိုးလာကတည်းက စစ်ကြောင်းနှစ်ကြောင်း၊ သုံးကြောင်းခွဲပြီးတော့ထိုးလာတာ။
မြေပြင်ရယ်လို့က (တော်လှန်ရေးဘက်က) သာတာပေါ့။ (စစ်တပ်က) အဓိက ဒရုန်း တအားသုံးတယ် ။ ဒရုန်းနဲ့ လက်နက်ကြီးနဲ့ တအားဖိသုံးတဲ့အခါကြတော့ ဒီဘက်က ဆုတ်ဆုတ်ပေးနေရတာ”ဟု ၎င်းက ဆက်ပြောသည်။
ယနေ့နံနက်တွင် ရွှေပြည်ကျေးရွာကို လက်လွှတ်လိုက်ရကြောင်း ခုခံစစ်တွင်ပါဝင်နေသည့် ပြင်ဦးလွင်ခရိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။
“ရွှေပြည် မဝင်အောင် ရက်ပိုင်းလောက် ခုခံနိုင်ခဲ့သေးပေမဲ့ ဒီနေ့ မနက်တော့ ပေးလိုက်ရပြီ။ ရန်သူ့ စစ်ကြောင်းတွေက နေရာအများအပြားကနေ ဖြန့်ခွဲထိုးစစ်ဆင်လာတာ”ဟု ထိုသူက ဆိုသည်။
စစ်ကော်မရှင်တပ်၏ ဒရုန်းထိုးစစ်ကြောင့် တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက် ခုခံနေသော်လည်း တဖြည်းဖြည်းနောက်ဆုတ်နေရကြောင်း ထိုသူက ဆက်ပြောသည်။
“ရန်သူက အခု လေယာဉ် သိပ်မသုံးပေမဲ့ ဒရုန်းကတော့ တရစပ်သုံးနေတုန်းပဲ။ ရွှေပြည်မရောက်ခင် ကပ်လျက် ရွာကို ရောက်လာချိန်မှာလည်း ဒရုန်းကတော့ ကျွန်တော်တို့ဘက်က တပ်တွေအတော်ခံရတယ်။ ဆက်ပြီးတော့ ရသလောက်တော့ ခုခံနေတုန်းပဲ”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ရွှေပြည်ရွာ မြောက်ဘက် နှစ်မိုင်ခန့်အကွာမှ ညောင်ဝန်းကျေးရွာကို ဆက်လက်ထိုးစစ်ဆင်နေ သည်ဟု ယနေ့ မွန်းလွဲတွင် သိရသည်။
အလားတူ ယနေ့ မွန်းလွဲတွင် မန္တလေး-မြစ်ကြီးနားလမ်းပေါ် ရှိ ညောင်ဝန်းရွာ၏ မြောက်ဘက် ခြောက်မိုင်ခန့်အကွာ စဉ့်ကူးမြို့ အရှေ့ဘက် လေးမိုင်ကျော်အကွာ လက်ပံလှရွာကို လေကြောင်းမှ ဗုံးကြဲနေသည်ဟု သိရပြီး အထိအခိုက်ကို Myanmar Now က စုံစမ်းနေဆဲ ဖြစ်သည်။
ဗုံးကြဲခံရသည့် လက်ပန်လှရွာသည် အဆိုပါ လမ်းမကြီးဘေးရှိ စည်ကားသည့် ကျေးရွာကြီးဖြစ်ပြီး ယခင်ကတည်းက လေကြောင်းဗုံးကြဲမှု အကြိမ်ကြိမ်ခံထားရသည်။
စဉ့်ကူးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) က ယမန်နှစ် ဇူလိုင်လအတွင်း တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး မန္တလေးတိုင်းအတွင်း စစ်ရေးအရ အခြိမ်းခြောက်ခံရဆုံး ဒေသဖြစ်လာနေသည်။
လက်ရှိတွင် စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ နှင့် အမှတ် (၁၂၂၂) တပ်ရင်းနှင့်မြင်းခြံ ခရိုင်တပ်ရင်းအချို့က ခုခံကာကွယ်နေကြပြီး၊ MDY-PDFတပ်ဖွဲ့ဝင်များက တပ်ဆုတ်သွားသည်ဟု ပါဝင်တိုက်ခိုက်နေသူများက ပြောကြသည်။
ဒေသခံ၊ တပ်ရင်းတပ်ဖွဲ့များဖြစ်သောကြောင့် ရေရှည်ခုခံကာကွယ်နိုင်ရန် ခက်ခဲသည်ဟု စဉ့်ကူးနယ်မှ စစ်ရေးရင်းမြစ်အမျိုးသားက မှတ်ချက်ပြုသည်။
“စဉ့်ကူးက လက်လွှတ်ရနိုင်ခြေက များတယ်။ MDY-PDFကလည်း နောက်ဆုတ်သွားကြပြီ ။ တိုက်ခိုက်ရေး အတွက် နည်းနည်းပါးပါးလောက်ပဲချန်ကြပြီး အကုန်ရွှေ့ကုန်ကြတာ။ အဲဒီတော့ ပြည်သူတွေကလည်း တော်တော် ကို မုန်းနေကြတဲ့အပိုင်းတွေ ရှိတယ်ပေါ့။ အဲဒီတော့ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေပဲ ကာနေကြတာ ” ဟု အထက်ပါစစ်ရေးရင်းမြစ်က ဆက်ပြောသည်။

ဘယ်ပြေးရမှန်းမသိသော စစ်ရှောင်များ
စစ်တပ်က မတ္တရာနယ်ကို ပြန်လည်ရယူ ထိန်းချုပ်သွားပြီး နိုဝင်ဘာလ၂၆ ရက်နေ့မှစ၍ မြောက်ဘက်ကပ်လျက် စဉ့်ကူးမြို့နယ်အတွင်း စတင်ထိုးဖောက်ခဲ့ခြင်းဖြစ်ရာ သီတင်းပတ် နှစ်ပတ်အတွင်း ယခု မြို့အနီးနားအထိ ရောက်လာသည်။
စဉ့်ကူးနယ်တွင် လာရောက်ခိုလှုံနေသော မတ္တရာနှင့် သပိတ်ကျင်းမှ စစ်ရှောင်များအပြင် စဉ့်ကူးဒေသခံ ပြည်သူများသည်လည်း စစ်ဘေးရှောင်နေကြရပြီး တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်နေကြောင်း ဒေသခံများထံက သိရသည်။
သုံးမြို့နယ်ပေါင်းပြီး ဒေသခံ သောင်းချီ တိမ်းရှောင်နေကြရရာ မန္တလေးတိုင်းအတွင်း တော်လှန်ရေး ထိန်းချုပ်မြို့သည် တကောင်းတစ်မြို့သာ ကျန်ရှိပြီး ယခုနှစ်အတွင်း မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာတို့ကို လက်လွှတ်လိုက်ရသည်။
စဉ့်ကူးမြို့သည် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်ရှိ စိုက်ပျိုးရေးနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများဖြင့် အသက်မွေးကြသည့် ဒေသဖြစ်သည်။
လက်ရှိတွင် စစ်ဒဏ်၊ ဗုံးဒဏ်ကြောင့် မြို့ထက်ဝက်နီးပါး ပျက်စီးနေသည့် စဉ့်ကူးမြို့ကို ဒေသခံများလည်း အလုံးအရင်းဖြင့်စွန့်ခွာနေကြရာ အခက်အခဲပေါင်းစုံကြုံတွေ့ရသည်ဟု စဉ့်ကူးမြို့ခံ အမျိုးသမီးတစ်ဦး က ပြောသည်။
“ရွှေ့နိုင်တဲ့သူတွေကတော့ ရွှေ့သွားကြတာပေါ့။ မရွှေ့နိုင်တဲ့သူတွေကတော့ တောင်ပြေးရမှာလား မြောက် ပြေးရမှာလားကိုမသိတော့တဲ့ အခက်အခဲတွေ အများကြီးရှိတယ်”ဟု ယင်းအမျိုးသမီးကပြောပြသည်။
ထောင်သောင်းချီသည့်ဒေသခံများလည်း ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မြို့နယ် အနောက်ဘက် စစ်ကိုင်း တိုင်းအတွင်း၊ မန္တလေးမြို့နှင့် နီးစပ်ရာတောတောင်များဆီ ဘေးလွတ်ရာရှောင်တိမ်းနေကြရသည်။
“မန္တလေးဘက်ကိုသွားရင်လည်း အခုဟာက ထုံးကြီးဆိပ်ကမ်းကလည်း သူတို့(စစ်တပ်)က ပိုင်သွားတဲ့အတွက် တော်တော်လေးကို ကွေ့ဝိုက်ပြီးတော့မှ စက်လှေတွေနဲ့သွားမှရမဲ့ အနေအထားဖြစ်သွားပြီ။ ပြည်သူအများစု ရွှေ့မယ်ဆိုလည်း အထက်ဘက်ကို ရွှေ့ရတော့မှာပဲ”ဟု အထက်ပါ စဉ့်ကူး ဒေသခံ အမျိုးသမီးက ဆိုသည်။
” စဉ့်ကူးမြို့ကြီးက လက်လွှတ်ရတော့မှာ။ MDY-PDF ကလည်း ကာမှမကာကွယ်တာ။ သူတို့အဖွဲ့ဝင် မိသားစုတွေကို လိုက်တဲ့သူလိုက်၊ မလိုက်တဲ့သူ ဆယ်သိန်းစီပေးပြီး ထွက်သွားကြတာ တစ်လလောက် ရှိတော့မယ်။ အကုန်ရွှေ့သွားတာ။ပြည်သူကိုတော့ ဘာမှအကျိုးအကြောင်းရယ် မပြောသွားကြဘူး။ ဘာတစ်ခုမှလည်း လုပ်ပေးမသွားဘူး”ဟု ၎င်းက ဆက်ပြောသည်။
MDY-PDF ပြန်ကြားရေးတာဝန်ရှိသူထံ Myanmar Now က ဆက်သွယ်ထားသော်လည်း သတင်းရေးသားချိန် ယနေ့မွန်းလွဲပိုင်းအထိ ပြန်လည်ဖြေကြားခြင်းမပြုပေ။




