မန္တလေးမြို့လယ် လူစည်ကားသည့် ဈေးချိုတော်အနီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် လူသိများသည့် သပိတ်ခေါင်းဆောင်သုံးဦး ဦးဆောင်၍ ရွေးကောက်ပွဲ မဲမထည့်ရေး ဆန္ဒပြခဲ့ကြရာ နောက်တစ်နေ့ညနေတွင် စစ်တပ်က အဆိုပါဈေးကို အင်အားသုံး ဖျက်ဆီးခဲ့ပြီး ဈေးသည်များကို ခြိမ်းခြောက်ခဲ့ကြောင်း မြို့ခံများထံက စုံစမ်းသိရှိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် မန္တလေးမြို့ ၂၉ လမ်း (၈၄ လမ်းနှင့် ၈၅ လမ်းကြား) လူစည်ကားသည့် အထင်ကရဈေးချိုတော်တွင် နာမည်ကျော် မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း ၊ ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်း ၊ မုံရွာသပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုးတို့ပါဝင်သည့် လူတစ်စုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ရွေးကောက်ပွဲမဲမပေးရေး လူထုဟောပြောစည်းရုံး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပြီး ပြည်သူလူထုကလည်း ထောက်ခံအားပေးခဲ့ကြသည်။
အဆိုပါဆန္ဒပြရုပ်သံအား သပိတ်အင်အားစုများက ယမန်နေ့(ဒီဇင်ဘာလ ၄ ရက်နေ့) ညနေပိုင်းတွင် ထုတ်ပြန် ပြီးနောက် မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှ အရာရှိအချို့ ဦးဆောင်သည့် ပျူစောထီးများ ၊ ထွေအုပ်၊ ရဲ၊ စည်ပင်၊ အပြာရောင်ယူနီဖောင်းဝတ် လက်နက်ကိုင်များ ပါဝင်သော အင်အား၂၀၀ ကျော် က ညပိုင်းမှစတင်၍ ယနေ့ နံနက်အထိ အဆိုပါဈေးတန်းကို ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။
ဈေးဆိုင် ၅၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ဈေးကို ပိတ်ထားကြောင်း ဈေးအနီးနေထိုင်သည့် မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့အဖွဲ့စုံအင်အား ၂၀၀ ကျော်လောက်နဲ့ လာဖျက်ဆီးသွားတယ်။ ဈေးဆိုင်တွေ၊ ပျံကျဈေးသည်တွေ ထိုးထားတဲ့ တဲတွေရောပေါ့နော်။ ဆိုင်ခန်းပေါင်း ၅၀ လောက်ကို ဖျက်ဆီးသွားတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါအခြေအနေကို စစ်တပ်ဝါဒဖြန့်စာမျက်နှာများကလည်း “အကြမ်းဖက် တေဇာဆန်းအားပေး လမ်းဘေးဈေးသည်များအား ရှင်းလင်းခြင်း”ဟူသည့် ခေါင်းစဉ်ဖြင့် ဓာတ်ပုံများနှင့်တကွ ရေးသားဖော် ပြထားကြသည်။
ဆန္ဒပြဟောပြောရာတွင် ပါဝင်သည့် ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက စစ်ကော်မရှင်၏ လုပ်ရပ်သည် တရားမျှတသည့် ရွေးကောက်ပွဲ ဟုတ်မဟုတ် သက်သေပြနေကြောင်း ပြောသည်။
“ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေ ဖက်ဒရယ်တွေ ပါးစပ်ကနေ တဖွဖွပြောနေပေမဲ့လို့ တကယ့် လုပ်ရပ်ကတော့ အာဏာရှင်အကျင့်အကြံ၊ အာဏာရှင်လုပ်ရပ်၊ အာဏာရှင်အပြောအဆိုတွေဆိုတာ ဒီဈေးကို ဒီလိုမျိုး မတရားသဖြင့်ဖျက်လိုက်တာက သက်သေပြနေပါတယ်” ဟု သူကဆိုသည်။
“ လူထုရဲ့လွပ်လပ်စွာ ပြောရေးဆိုခွင့်၊ လူထုရဲ့လွပ်လပ်စွာ နိုင်ငံရေး လှုပ်ရှားခွင့်တွေကို နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ဖိနှိပ်၊ ကန့်သတ်ပြီးတော့မှ ဖြစ်လာမယ့်ရွေးကောက်ပွဲ၊ လုပ်လာမယ့်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ဘာမျှော်လင့်စရာမှမရှိဘူးဆိုတာက ဒီလိုမျိုးအကြမ်းဖက်လုပ်ရပ်က သက်သေပြနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
၎င်းက ဈေးသူဈေးသားများနှင့်မန္တလေးမြို့သူမြို့သားအားလုံးကို ကျေးဇူးတင်ကြောင်း၊ လူထုအားဖြင့်သာ ယခုကဲ့သို့ လှုပ်ရှားမှုမျိုး ဆောင်ရွက်နိုင်ကြောင်း ပြောသည်။

စစ်တပ်က ဦးဆောင်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် အဆိုပါဟောပြော ဆန္ဒပြမှုပြုလုပ်နေချိန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်တက္ကသိုလ်သင်တန်းဆင်းပွဲအတွက် ပြင်ဦးလွင်မြို့သို့ရောက်ရှိနေပြီး မန္တလေးမြို့သို့လည်း လာရောက်မည်ဖြစ်ရာ မြို့တွင်းမြို့ပြင်၌ စစ်တပ် အင်အားအများအပြားလုံခြုံရေးရယူထားချိန် ဖြစ်သည်။
ဆန္ဒပြရာနေရာသည် ဈေးချိုတော်အနီး စစ်တပ်ဂိတ်များ၊ ၂၆ လမ်းတစ်လျှောက် စစ်တပ်ဂိတ်များ အပြင် မန္တလေးနန်းတွင်းနှင့် နီးကပ်သဖြင့် စစ်တပ်က ၎င်းတို့အလိုရှိနေသည့် သပိတ်ခေါင်းဆောင်များကိုယ်တိုင် လာရောက် ဆန္ဒပြခြင်းအတွက် အမျက်ဒေါသထွက်နေခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
ထို့ပြင် စစ်တပ်က ရွေးကောက်ပွဲဖြစ်မြောက်ရေးအပြင်းအထန်ကြိုးပမ်းနေချိန် ယခုကဲ့သို့တော်လှန်ရေး အင်အားစုများက မြို့လယ်ခေါင်နေရာ၌ဆန္ဒပြသွားခြင်းအတွက် အရှိုက်ထိသွားကြောင်း အထက်ပါမြို့ခံ အမျိုးသားက မှတ်ချက်ပြုသည်။
“သူတို့ဘက်က အတုအယောင်ရွေးကောက်ပွဲကို အောင်မြင်အောင်လုပ်ဖို့ကြိုးစားနေချိန်မှာ အခုလို မြို့လယ် ခေါင်မှာ ဆန္ဒတက်ပြသွားတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ခေါင်းတုံးပေါ်ထိပ်ကွက်ခံရသလို နာကျင်သွား တာဖြစ်တဲ့အတွက် ရှက်ရမ်း ရမ်းပြီးလုပ်တယ်လို့ မြင်မိပါတယ်”ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တွင် ယခုလဆန်းမှစတင်ကာ စစ်ကော်မရှင်လက်နက်ကိုင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းလိုက်စစ်ကာ မဲလာပေးရန် ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ လုပ်နေသည်ဟု မြို့ခံများထံက သိရသည်။
နိုင်ငံအနှံ့စစ်မျက်နှာများနေသည့် စစ်ကော်မရှင်တပ်သည် ၎င်းတို့၏နိုင်ငံရေးထွက်ပေါက်အဖြစ် လာမည့် ဒီဇင်ဘာလ၂၈ ရက်နေ့မှ စတင်ကာ “ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ” ဟု ကြွေးကြော်၍ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။
ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟု ဆိုကာ နာမည်ကျော်အနုပညာရှင်များအပါအဝင် ပြည်သူအများ အပြားကိုလည်း ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းကာ ပုဒ်မများတပ်၍ ဖမ်းဆီးအရေးယူနေသည်။
စစ်ကော်မရှင်က ၎င်းတို့အုပ်စိုးသည့် မြို့ကြီးများတွင် ရွေးကောက်ပွဲအတွက် ယင်းကဲ့သို့အားထုတ်ကြိုးပမ်းနေသကဲ့သို့ တော်လှန်ရေးအင်အားစုများကလည်း အဆိုပါရွေးကောက်ပွဲကို မဲ မထည့်ကြရန် No Vote ကမ်ပိန်းများပြုလုပ်ကာ လှုံ့ဆော်နေကြသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရားမဝင်အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ကြောင်း တော်လှန်ရေးအင်အားစုများက ကြေညာ ထားကြသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မန္တလေးမြို့သို့ ရောက်ရှိနေပြီး ယနေ့နံနက်၌ မန္တလေးမြို့ အထင်ကရ မဟာမုနိမြတ်စွာဘုရားကြီးသို့ သွားရောက်လည်ပတ်နေပြီး စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးအထူး တင်းကျပ်ထားသည်။




