အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမြို့တွင် ရွေးကောက်ပွဲ မဲလာထည့်ရန် တစ်အိမ်တက်ဆင်း ဖိအားပေး

စစ်ကော်မရှင်လက်နက်ကိုင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းလိုက်စစ်ကာ မဲလာပေးရန် ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ လုပ်နေသည်ဟု သိရသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၌ ရွေးကောက်ပွဲတွင် မဲလာထည့်ကြရန် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လက်နက်ကိုင်များပါဝင်သောအဖွဲ့များက တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖိအားပေးခြိမ်းခြောက်မှုများ လုပ်နေသည်ဟု မြို့ခံများက ပြောသည်။

မြို့နယ်အသီးသီးရှိ ရပ်ကွက်များတွင် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေး ရုံးအဖွဲ့ဝင် ၁၀ ဦးခန့်စီက တစ်အိမ်တက်ဆင်း အိမ်ထောင်စုဇယားနှင့် တိုက်စစ်ဆေး၍ မဲစာရင်း လိုက်လံ စစ်ဆေးပေးပြီး မဲ မထည့်ပါက ဖြစ်လာနိုင်သည့်အန္တရာယ်များရှိနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“တစ်အိမ်တက်ဆင်း သူတို့လိုက်ဖိအားပေးနေပါတယ်။ လက်နက်တွေ ပါတယ်။ တချို့ကျ အရပ်ဝတ်၊ တချို့ကျ စစ်ဝတ်နဲ့၊ စစ်သားတွေလည်း ရပ်ကွက်လူကြီးတွေကို လိုက်လံပြီးတော့ ကာကွယ်ပေးတဲ့ပုံစံ မျိုးတွေနဲ့ပေါ့နော်”ဟု အသက်၂၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်မှုထမ်းရန် အကျုံးဝင်သည့်လူငယ်များရှိနေသည့် နေအိမ်များ၊ ကျောင်းသားကျောင်းသူများ၊ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အား မဲပေးထောက်ခံခဲ့ကြသည့်နေအိမ်များကို ပစ်မှတ်ထားပြီး  ပိုမိုတင်းကျပ်စွာ စစ်ဆေးကြောင်း သိရသည်။ 

ထို့ကြောင့် အဆိုပါသူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ကာ မဲထည့်ရန်ပင် စီစဉ်နေကြသည်ဟု အထက်ပါ မြို့ခံက ပြောသည်။

“ကျောင်းသားတွေဆို မဲမထည့်ရင် စာမေးပွဲဖြေခွင့်မရအောင် လုပ်မယ် ကြားတယ်ပေါ့။ Grade 12 တို့ တက္ကသိုလ်တို့မှာ ဖြေခွင့်မရအောင် လုပ်မယ်တို့ ၊ နောက်ပြီး စစ်မှုထမ်းအကျုံးဝင်တဲ့သားသမီးတွေကို ဘာလုပ်မယ်ညာလုပ်မယ်တို့ ပြောဆိုခြိမ်းခြောက်ကြတယ်”ဟု ၎င်းက ဆိုသည်။

“တချို့ကကြောက်နေကြတော့ ပေးကြမယ်လို့တော့ ကျွန်တော်ထင်မိပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းနှင့် ၁၉ လမ်း အနီး နန်းရှေ့ရပ်ကွက်အချို့တွင် လဝက၊ စစ်တပ်၊ ပျူ၊ ရဲတို့ပါသည့် အင်အား၂၀ ကျော်ဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ထောင်စုဇယားများ စစ်ဆေးကာ မဲပေးရန် ဖိအားပေးပြောဆိုမှုများ ပြုလုပ်ကြောင်း၊ထိုသို့ပြုလုပ်နေစဉ် လမ်းတစ်လျှောက်ကိုလည်း စစ်ကားများက လုံခြုံရေးယူပေးထားကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်အချို့တွင် ရပ်ကွက်ရုံး၌ မဲစာရင်းလာရောက် စစ်ဆေးကြရန် လက်နက်အသင့်ချိန်ရွယ်ထားသော စစ်သားများပါသည့် ကားဖြင့်လိုက်လံကြေညာနေရာ လူထုအား ခြိမ်းခြောက်သည့်ပုံစံဖြစ်နေသည်ဟု သံလျက်မှော်အနောက်ရပ်ကွက်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောပြသည်။

“မဲစာရင်းစစ်ဖို့ လာအော်တဲ့ကားမှာကိုက လက်နက်အသင့် ချိန်ထားတဲ့ စစ်ဝတ်နဲ့ ပျူတွေပါတယ်။ သူတို့ပုံစံက ခြိမ်းခြောက်သလိုကြီး”ဟု ၎င်းက ပြောသည်။

နိုင်ငံအနှံ့စစ်မျက်နှာများနေသည့် စစ်ကော်မရှင်တပ်သည် ၎င်းတို့၏နိုင်ငံရေးထွက်ပေါက်အဖြစ် လာမည့် ဒီဇင်ဘာလကုန်ရက်များတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပမည်ဟု ကြွေးကြော်ထားပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေး အပြင်းအထန်စီစဉ်လျှက်ရှိသည်။

စစ်ဗိုလ်ချုပ်များ ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကသာ အနိုင်ရရှိမည့် အတုအယောင် ရွေးကောက်ပွဲဟု အများစုက ယုံကြည်ကြပြီး၊ ရွေးကောက်ပွဲကို ဝေဖန်ပါက ဖမ်းဆီး ထောင်ချနေသည့်အခြေအနေတွင် လွတ်လပ်သည့်ရွေးကောက်ပွဲမဖြစ်နိုင်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်ကြသည်။

အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်များကိုချိပ်ပိတ်ပြီး တိုက်ပွဲဖြစ်ရာနေရာများရှိ နေအိမ်များကို မီးရှို့မှုများကျူးလွန်နေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား အများစုက စိတ်ဝင်စားမှု မရှိရာ မဲစာရင်းစစ်ဆေးရန်ပင် ၎င်းတို့က အပြင်းအထန်အားထုတ်နေကြရသည်။

ထို့ပြင် လူမှုကွန်ရက်တွင် ‌ရွေးကောက်ပွဲအားနှောင့်ယှက်သည့် အရေးအသားများရေးသားသည်ဟု ဆိုကာ နာမည်ကျော်အနုပညာရှင်များအပါအဝင် ပြည်သူအများအပြားကိုလည်း ကြီးလေးသည့်ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူထားသည်။

စစ်ကော်မရှင်က ၎င်းတို့အုပ်စိုးသည့် မြို့ကြီးများတွင် ရွေးကောက်ပွဲအတွက် ယင်းကဲ့သို့အားထုတ်ကြိုး ပမ်းနေသကဲ့သို့ တော်လှန်ရေးအင်အားစုများကလည်း အဆိုပါရွေးကောက်ပွဲ၌ မဲ မထည့်ကြရန် No Vote ကမ်ပိန်းများပြုလုပ် လှုံ့ဆော်နေကြသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၃ ရက်နေ့) ကလည်း မန္တလေးမြို့လူစည်ကားသည့် ဈေးနေရာတစ်ခု၌  တော်လှန်ရေးအင်အားစုများက “မဲမထည့်ရေး”အသိပေးစာရွက်များကြဲချ ဆန္ဒပြခဲ့ကြသဖြင့် စစ်ကော်မရှင်တပ်က  ဆန္ဒပြသူများကို အပြင်းအထန်လိုက်လံရှာဖွေနေပြီး ဖမ်းမိလျှင်သတ်ပစ်မည်ဟုဆိုကာ မြို့တွင်းမြို့ပြင် စစ်ဆေးလျှက်ရှိသည်။

ပုံစာ- မန္တလေးမြို့ဈေးတစ်ခုအတွင်း မဲမပေးရေးဆန္ဒပြမှု ယမန်နေ့က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ -Screenshot)

၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒရှိသည့် မဲတစ်ပြားအား ပေးခဲ့ပြီးဖြစ်သည့်အတွက် ထပ်မံ မဲပေးရန်မရှိ၊ ထို့ပြင် ငလျင်ဒဏ်နှင့်နိုင်ငံရေးဒဏ်များကြောင့် ယိမ်းယိုင်ပြိုလဲနေသည့် ပြည်သူများကို မကူညီဘဲ စစ်ကော်မရှင်က အာဏာတည်ဆောက်ရေးသာ ကြိုးပမ်းနေသည်ဟု ချမ်းအေးသာစံမြို့နယ်မှ မြို့ခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“ကျွန်တော်တို့မန္တလေးနဲ့စစ်ကိုင်းမှာ ငလျင်ကြောင့်ရော နိုင်ငံရေးကြောင့်ရော စီးပွားရေးတွေယိမ်းယိုင် ပျက်စီးကုန်တယ် ။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ပြိုလဲနေတဲ့အချိန်မှာ စစ်အုပ်စုက ငလျင်မှာ ပါဝင်ကူညီတာ မရှိဘဲနဲ့ သူတို့အနေနဲ့ အတင်းအဓမ္မ အာဏာတည်မြဲရေးကိုသာ လုပ်နေတာရှုတ်ချပါတယ်”ဟု ထိုသူက ဆိုသည်။

မန္တလေး၊ စစ်ကိုင်းနှင့် အလယ်ပိုင်းဒေသမြို့များတွင်  ယခုနှစ် မတ်လ နောက်ဆုံးပတ်က လှုပ်ခဲ့သော ငလျင်ကြောင့်  ယနေ့အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြရဆဲဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲ ပဋိပက္ခ၊  ရေကြီးရေလျှံခြင်းနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သည့် ငလျင် အပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ဆင့်ကဲ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း ပါရှိသည်။

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့၏ နောက်ဆုံးထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ မလုံလောက်မှု အတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” ဖြစ်နေပြီး ၂၀၂၃ ခုနှစ်အတွင်း  မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူဦးရေ ကမ္ဘာ့အမြင့်မားဆုံးနိုင်ငံ  အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

နိုင်ငံတကာအသိမှတ်ပြုခံရရေးအတွက် စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားရာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပသွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများအား တိုင်ကြားနိုင်ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြည်သူလူထုအား အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်း ဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်း ဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်လည်း ဖြစ်သည်ဟု NUG ပြည်ထဲရေး က ဆိုသည်။

မဲထွက်ပေးရန်၊ကြိုတင်မဲပေးရန် အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများရှိပါက သက်သေ နှင့်တကွ တိုင်ကြားနိုင်ကြောင်း ပြစ်မှုထင်ရှားပါက ကျူးလွန်သူများကို ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသည်။

Related Articles

Back to top button