ထိုင်း-မြန်မာနယ်စပ် မင်းလက်ပံရွာရှိ ကျားဖြန့်စခန်းအတွင်းမှ လူ ၉၀၀ ကျော်သည် စခန်းကိုစွန့်၍ ထွက်ခွာရန် ဆန္ဒမရှိကြကြောင်း မင်းလက်ပံရွာကို ထိန်းချုပ်ထားသည့် ကရင်အမျိုုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မင်းလက်ပံရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်သည့် စခန်းအမည်သည်Shunda Park ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
စခန်းအတွင်းကျန်ရှိသူ ၁၀၁၆ ဦး၏ အချက်အလက်များကို စစ်ဆေးခြင်းနှင့် လူရေတွက်ခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ တွင် အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက ဆိုသည်။
သို့သော်လည်း လူကိုယ်တိုင်အပြင်ထွက်မလာဘဲ စာရင်းမပေးသူများလည်းရှိနိုင်ကြောင်း သိရသည်။
စခန်းအတွင်းမှ ထွက်ခွာရန် ငြင်းဆန်သည့် ၉၄၂ ဦးတွင် ကာဇက်စတန် အမျိုးသမီး တစ်ဦး၊ အင်ဒိုနီးရှား အမျိုးသမီး တစ်ဦး၊ တရုတ် (ထိုင်ဝမ်) အမျိုးသမီး လေးဦး၊ ဗီယက်နမ် အမျိုးသမီး လေးဦး ၊ လာအို အမျိုးသမီး တစ်ဦးတို့ပါဝင်ပြီး ကျန်လူများသည် တရုတ်နိုင်ငံသားများဖြစ်ကြသည်။
၎င်းတို့ မည်သည့်အကြောင်းကြောင့် Shunda Park မှ ထွက်ခွာရန် ဆန္ဒမရှိကြသည်ကိုမူ KNU ဘက်က ထုတ်ပြောခြင်းမရှိပေ။
KNU အနေဖြင့် စခန်းအတွင်းကျန်သည့် လူ ၉၀၀ ကျော်အတွက် စားနပ်ရိက္ခာများ စီစဉ်ထောက်ပံ့နေရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မင်းလက်ပံ ကျားဖြန့်နှိမ်နင်းမှုအခြေအနေများနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ Myanmar Now က အွန်လိုင်းမှ တစ်ဆင့် စာပို့ထားသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
စခန်းမှ ထွက်ခွာရန် ဆန္ဒပြုထားသည့် ၇၀ ကျော်ကိုမူ ကျားဖြန့်စခန်းဘေးရှိ သောင်ရင်းမြစ်ကမ်းဘေးသို့ ပို့ဆောင်ပေးထားကြောင်း KNU ကဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကျားဖြန့်စခန်းမှ ထွက်ခွာလာပြီး နေရပ်ပြန်လိုသူ ၁၇၇ ဦးသည် ထိုင်းအာဏာပိုင်များဘက်က လက်ခံခေါ်ယူမည်ကို သောင်းရင်းမြစ်ဘေးတွင် စောင့်ဆိုင်းနေကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။
KNU သည် ကျားဖြန့်စခန်းအတွင်းရှိ ၃၅၈၂ ဦးထဲမှ စခန်းအပြင်သို့ ထွက်လိုသူ ၂၆၄၀ (၇၀ ရာခိုင်နှုန်းနီးပါး) ကို ကယ်ထုတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါသည်။
လက်ရှိတွင် အာဏာသိမ်းတပ်သည် မင်းလက်ပံသို့ ဦးတည်၍ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်နေကြောင်း KNU ဗဟိုက ဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသော ကျားဖြန့်လုပ်ငန်းမှ ထွက်ခွာလာသူများ စုဝေးနေသည့် မြစ်ကမ်းအနီး ၁၂၀ မမ လက်နက်ကြီးကျရောက်မှုရှိခဲ့ပြီး ၊ Shunda Park အတွင်းရှိ အဆောက်အအုံတစ်ခုသို့လည်း လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ကဆိုသည်။
လက်နက်ကြီးပေါက်ကွဲမှုအတွင်း လူထိခိုက်မှုမရှိခဲ့ပေ။ လုံခြုံရေးအခြေအနေ ပိုမိုစိုးရိမ်လာရ သဖြင့် လိမ်လည်လုပ်ငန်းလုပ်ရာ စခန်းအတွင်း ကျန်နေသည့် အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးအာမခံရန် KNU အတွက်ခက်ခဲလာနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မင်းလက်ပံရွာမြောက်ဘက် ရှစ်မိုင်အကွာ မြဝတီမြို့ပေါ်တွင်လည်း အာဏာသိမ်းတပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသော တရုတ်လူမျိုးအချို့ ခိုလှုံနေသည့် နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းစဉ် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြဝတီဒေသခံအချို့ထံက သိရသည်။
ပစ်ခတ်မှုသည် မြဝတီမြို့အမှတ် (၄) ရပ်ကွက်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း မြဝတီဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အဲဒီအိမ်မှာ တရုတ်တွေနေတာ။ နေတဲ့ဟာကို ဝင်ဖမ်းတာ တဲ့။ တရုတ်တွေမှာလည်း လက်နက်တွေပါတယ် တဲ့။ သူတို့ကလည်း ခံပစ်ကြတယ်။ နာရီဝက်လောက်ပစ်ကြတယ်။ ခံပစ်ရင်း နဲ့ သူတို့ကများလာတော့ တရုတ်တွေက ထွက်ပြေးကြတယ်” ဟု ၎င်းက ဆိုသည်။
ပစ်ခတ်မှုအတွင်း တရုတ်လူမျိုး နှစ်ဦးသေဆုံးနိုင်ဖွယ်ရှိပြီး ဝင်ဖမ်းသူများဘက်တွင်လည်း ဒဏ်ရာရသူအချို့ရှိနိုင်ကြောင်း မြဝတီဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။



