မကွေးတိုင်း၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဗဟင်းကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ရှိသူ သုံးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့ ညသန်းခေါင်တွင် ဖမ်းဆီးနှိပ်စက်သဖြင့် တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသူမှာ ထိုရွာ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံ ဦးလှအောင် ဖြစ်သည်။
ထိုနေ့ ညသန်းခေါင်တွင် မြိုင်မြို့၏ အနောက်မြောက်ဘက် ၁၆ မိုင်ခန့်အကွာရှိ ထိုရွာသို့ ပကဖ အဖွဲ့ဝင်များ ကားနှစ်စီးဖြင့် ရောက်လာပြီး အသက် ၄၅ နှစ်ခန့် ရှိပြီဖြစ်သော ဦးလှအောင်၊ ကျေးရွာ ပအဖ အဖွဲ့ဝင်များဖြစ်သော ကိုဝေလု၊ ကိုရဲလေးတို့ကို သေနတ်များဖြင့် ချိန်ကာ ဖမ်းဆီးသွားခဲ့သည်၊ လက်နက်များလည်း သိမ်းဆည်းသွားသည်ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့သုံးယောက်အပြင် G-3 နှစ်လက်နဲ့ ပစ္စတိုတစ်လက်ပါ ပါသွားတယ်၊ ဦးလှအောင်က ညတွင်းချင်းဆုံးတယ်၊ ကျန်တဲ့ နှစ်ယောက်က ဘာဆက်ဖြစ်လဲ မသိရသေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်ကြခြင်းမှာ စစ်သုံ့ပန်းများဟု ယူဆမိခြင်းကြောင့်ဖြစ်သည်ဟု အကြောင်းပြကြောင်း အထက်ပါ အမျိုးသားက ပြောသည်။
ဦးလှအောင် သေဆုံးသွားသည်၊ ရုပ်အလောင်း သင်္ဂြိုဟ်ပြီးဖြစ်သည်ဟု ပကဖ အဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့တွင် ကြောင်းပြန်ခဲ့ကြောင်း အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရှေ့တန်းက ပြန်လာတဲ့ ရဲဘော်တွေ စစ်ဆေးမေးမြန်းတဲ့အချိန်မှာ လက်လွန်သွားတယ်လို့ သူတို့ဘက်က အကြောင်းပြန်ပြီးတော့ အလောင်းကိုလည်း ပြန်မပေးဘူး။ ပြန်မပေးဘဲနဲ့ သင်္ဂြိုဟ်လိုက်တယ်၊ ပြာတော့ပေးမယ်၊ ဒီလိုပုံစံပဲပြောတာ၊ အခုအချိန်ထိလည်း ပြာကရတယ်လို့ မကြားသိရသေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထို့အပြင် ပအဖ အဖွဲ့ဝင်နှစ်ဦး၏ အခြေအနေများကိုလည်း မသိရသေးဘဲ သတင်းအစအန ပျောက်နေသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွက် မြိုင်မြို့နယ် ပကဖ တာဝန်ခံ ကိုခရော့စ်ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
မြိုင်မြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းမှာ ရှေ့တန်းရောက်နေသည့်အတွက် ထိုဖြစ်စဉ်ကို မသိရသေးကြောင်း၊ အုပ်ချုပ်ရေးပိုင်းကသာ သိနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်သည်။
သေဆုံးသူ ဦးလှအောင်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပုန်ကန်ကြစဉ်ကတည်းက အဆိုပါ ရွာတွင် ပအဖ တာဝန်ခံဖြစ်လာသည်၊ ရပ်ရွာနှင့်လည်း သဟဇာတဖြစ်သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
“သူက တာဝန်ယူထားတာက အာဏာသိမ်းပြီး NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ရဲ့ ပသုံးလုံး စဖွဲ့ကတည်းက တာဝန်ယူထားတာ။ အရင်ကတည်းက အခုထိ အသောက်အစားမရှိတဲ့သူ၊ ရပ်ရွာနဲ့ အဆင်ပြေတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။
“ပြောရရင် စစ်ကောင်စီနဲ့ ယှဉ်ပြောရတော့မှာပဲ။ ၂၀၂၁ အာဏာသိမ်းခါစက ဆန္ဒတွေပြတော့ စစ်ကောင်စီက ညက လာဖမ်းသွားတယ်၊ မနက်ကျ အလောင်းပြန်ပို့တယ်ဆိုတာ ဒီပုံစံမျိုးတွေပေ့ါ။ အခုက ဖမ်းသွားတယ် လက်လွန်သွားတယ်၊ အဲဒီလိုမျိုးပြောတယ်။ အလောင်းလည်းပြန်မရဘူး။ ဒါက တော်တော်လေးဆိုးရွားတဲ့ အခြေအနေပေ့ါ”
အဆိုပါသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဒေသခံများအကြား ဝေဖန်မှုမြင့်တက်နေသည်ဟု သူက ဆက်ပြောသည်။
ဖမ်းဆီးနှိပ်စက်မှုမတိုင်ခင် ဖြစ်ရပ်တစ်ခု
နိုဝင်ဘာ ၂၃ ရက် နံနက်တွင် ဦးလှအောင်၊ အဖွဲ့ဝင် ကိုဝေလုတို့က ဗဟင်းကျေးရွာအတွင်း ဆိုင်ကယ်ကိုအသံကျယ်လောင်စွာဖြင့် မောင်းနှင်သည့် လူငယ်အမျိုးသား တစ်ဦးကို ရိုက်နှက်ဆုံးမခဲ့သည်ဟု သိရသည်။
ရိုက်နှက်ခံရသည်ကို မကျေနပ်သည့် အဆိုပါ အမျိုးသားက ထိုနေ့ ညနေ ၆ နာရီခန့်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့် အတူ ထပ်မံရောက်ရှိလာပြီး ၎င်းမှာ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာ၏ တပည့်ဖြစ်ကြောင်း၊ ရိုက်နှက်သူတို့ကို ဖမ်းဆီးခိုင်းမည်ဖြစ်ကြောင်း ကြိမ်းမောင်းခဲ့သည်ဟု သိရသည်။
ထိုသို့ လာရောက် ကြိမ်းမောင်းပြီး နာရီအတန်ကြာတွင် ဖမ်းဆီးမှု ပေါ်ပေါက်ခဲ့သည်ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဗိုလ်လက်ယာ အမိန့်နဲ့ဆိုပြီး လာဖမ်းတာ” ဟု သူက ဆိုသည်။
ဖမ်းဆီးစဉ် အမည်အသုံးပြုမှုနှင့် ပတ်သက်ပြီး Myanmar Now က ဗိုလ်လက်ယာကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ဗဟင်းရွာမှာ မြိုင်မြို့နယ်၏ အနောက်မြောက်ဘက် ၁၆ မိုင်ခန့်အကွာ ပြည်သူကာကွယ်ရေးအဖွဲ့များ ထိန်းချုပ် စိုးမိုးထားသည့် ဒေသတွင်ရှိသည်။ စစ်ရှောင်များပါ ခိုလှုံသည့် ကျေးရွာဖြစ်သည့်အတွက် လူဦးရေ ထောင်နှင့်ချီနေထိုင်သည့် ကျေးရွာဖြစ်သည်။
NUG အစိုးရက ၎င်းတို့ ထိန်းချုပ်စိုးမိုးထားသည့် ဒေသများတွင် ပကဖ၊ ပအဖ နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့ကို ဖွဲ့စည်းထားသည်။ ပကဖ အဖွဲ့မှာ မြို့ရွာကာကွယ်ရေးအတွက် လက်နက်အင်အားအပြည့်အစုံတပ်ဆင်ထားသည့်အဖွဲ့ဖြစ်ပြီး ပအဖ၊ ပလဖ အဖွဲ့တို့ထက် အင်အားတောင့်တင်းသည်။
NUG နယ်မြေစိုးမိုးမှု အားကောင်းသော မကွေး၊ စစ်ကိုင်းစသည့် ဒေသများတွင် ပကဖအဖွဲ့ဝင်တို့၏ သတ်ဖြတ်မှုများ၊ ရိုက်နှက် ခြိမ်းခြောက်မှုများ ရံဖန်ရံခါ ဖြစ်ပွားနေပြီး အချို့ဖြစ်ရပ်များမှာ ယနေ့အထိ အမှုမှန်မပေါ်ပေါက်သလို အရေးယူခံရခြင်းလည်း မရှိပေ။



