အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်လက်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းများရ

ဒေသတွင်း ရွာစဉ်လှည့်စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်တပ်စစ်ကြောင်း ပျက်သည်အထိ တိုက်ခိုက်ခဲ့ပြီး လက်နက် ၃၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

မကွေးတိုင်း၊ ဝက်လက်မြို့နယ်တွင် နှစ်ပတ်ကျော်ကြာ ရွာစဉ်လှည့်စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်တပ်သည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုက်ခိုက်ခံရပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူများဖြင့် ခုခံသည့်ကြားမှ အထိနာခဲ့ကာ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။ 

အင်အား ၁၂၀ ကျော်ပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်တွင် ဝက်လက်မြို့ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ပုဏ္ဏားကျေးရွာသို့ ဝင်ရောက် စီးနင်းမီးရှို့နေစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့သည်။ 

“ ရွာထဲကိုဝင်ပြီး xxxxက မီးစရှို့နေပြီ။ မီးစရှို့နေချိန် ဒီဘက်ကို ကင်းထွက်တဲ့အချိန် တိုက်ပွဲဖြစ်ပြီးတော့ မီးရှို့တဲ့ကောင်တွေပါ ဝင်လုံးလိုက်တာ”ဟု တိုက်ခိုက်ရာတွင်ပါဝင်သည့် နွေဦးအောင်ပွဲတော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

နံနက် ၈ နာရီခွဲမှ ညနေအထိ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အသေခံဒရုန်းများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသာမက ရွှေဘိုမြို့အခြေစိုက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။ 

“တိုက်ပွဲက ပြင်းထန်တယ်။ ဖိုက်တာနဲ့ လာကြဲတယ်။ ဟောင်ဝစ်ဇာနဲ့ရွှေဘိုကနေ ထုတယ်။ ကာမီကာဇေ (ဒရုန်း)  လေးစီးနဲ့လာချတယ် တိုက်ပွဲဖြစ်နေတုန်း။ ဟောင်ဝစ်ဇာက ရှစ်လုံးလောက်ရှိတယ်။ ဖိုက်တာက သုံးကြိမ် ပုဏ္ဏားထဲကို ကြဲတာ။ အဲ့ဒီကြားထဲကနေမှသိမ်းရတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ 

တပ်မ (၃၃) လက်အောက်ခံ အမှတ် (၁၁) ခြေမြန်တပ်ရင်း၊ အမှတ် (၄၂) ခြေလျင်တပ်ရင်းနှင့်ပျူစောထီး များ ပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် အထိနာပြီး အနောက်ဘက် နှစ်မိုင်ခန့် အကွာရှိ စိုင်နိုင်ကွေ့ရွာ ဘက်သို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။ 

၎င်းတို့ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်က သာလွန်သဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ အထိနာခဲ့ရခြင်းဖြစ်ကြောင်း နွေဦးအောင်ပွဲတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက မှတ်ချက်ပေးသည်။ 

“ ကိုယ့်ဘက်ကလည်း တိုက်စွမ်းရည်မြင့်လာတယ်။ သူတို့ဘက်ကလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်ပြားနေတာ ပစ္စည်းယူဖို့လောက် မီးရှို့ဖို့လောက် အဖျက်သက်သက်ပဲ လုပ်တော့တာ။ အဓိကတော့ တိုက်စွမ်းရည်ပါပဲ”ဟု ဆိုသည်။ 

ပုဏ္ဏားရွာတိုက်ပွဲတွင် ရွှေဘိုခရိုင် တပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ပူးပေါင်းပါဝင်ခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခံ ရသည့် ကျေးရွာများ။ 

ဝက်လက်မြို့နယ်သည် ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်ထဲတွင် မပါဝင်သော်လည်း ကပ်လျှက်ရှိ ရွှေဘို နှင့် စစ်ကိုင်းတို့တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ တော်လှန်ရေးအင်အားစုများအားကောင်းရာ ဝက်လက်နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး နယ်မြေပြန်လည်စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းခဲ့သည်။

ရွှေဘို၊ ဆားတောင်နှင့် အရာတော်နယ်၊ သလဲဘာဘက်မှလာသည့် စစ်ကြောင်း သုံးခုက ဝက်လက်မြို့ နယ်အနောက်ခြမ်းကျေးရွာများကို နိုဝင်ဘာလ ၄ ရက်နေ့မှစ၍ လှည့်လည်စီးနင်းပြီး ဆက်တိုက်မီးရှို့ခဲ့သည်။

စစ်တပ်မီးရှို့မှုကြောင့် ရွှေဘို – မန္တလေး လမ်းဘေးဝဲယာရှိ စိုင်နိုင်လေး၊ ရွှေကျင်၊ လှတော၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦး၊ လိန်ပင်၊ ခေါတော၊ မြင်တော်၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥယျာဉ်မ၊ ရွာသာကြီး၊ သရက်ကြီး၊ ဘုရားပြန်၊ ကျီးကန် (တောင်)၊ ကျီးကန် (မြောက်)၊ ဥတည်ကုန်းတို့အပါအဝင် ရွာ ၂၀ ခန့်မှ အိမ်ခြေရာနှင့်ချီ ပျက်စီးဆုံးရှုံးပြီး အခြေအနေ အသေးစိတ်ကို စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ 

ပုဏ္ဏားရွာကို မီးရှို့ခဲ့သည့် စစ်ကြောင်းသည် ရွှေဘိုမြို့သို့ ပြန်ဆုတ်ခွာသွားခဲ့ပြီး ဆားတောင်ဘက်မှလာသည့် စစ်ကြောင်းနှင့် သလဲဘာမှလာသည့်စစ်ကြောင်းတို့ ပေါင်းထားသော စစ်ကြောင်းသည် 

ဝက်လက်နှင့်စစ်ကိုင်း နယ်စပ်၌ ဆက်ရှိနေဆဲဖြစ်ပြီး ထိုစစ်ကြောင်းတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် အရပ်သားအချို့ ကျန်ရှိနေဆဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုကြသည်။ 

ရှမ်းမြောက်တွင် တရုတ်၏ ကြားဝင်မှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်နှင့်စစ်တပ်က အပစ်ရပ်ခဲ့ပြီး နောက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် နယ်မြေထက်ဝက်ကျော် လက်လွှတ်ထား ရသည့် ချင်းတောင်ကို နယ်မြေပြန်စိုးမိုးမိုင်ရန် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။ 

 စစ်ကိုင်းတိုင်းတွင် ဝင်ရောက်နေသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းများအနက် နိုဝင်ဘာလအတွင်း ကန့်ဘလူနှင့် ခင်ဦးနယ်စပ်ရှိ စစ်ကြောင်းကိုလည်း အထိနာသည်အထိ တိုက်ခိုက်နိုင်ခဲ့သလို  နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ခင်ဦးနယ်စပ် ၊ မုံလှရွာမှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် ယခုလတွင်း  ကန့်ဘလူ၊ ခင်ဦး၊ ဝက်လက်တို့တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရမှု သုံးကြိမ်ရှိပြီဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရသည့်အခြေအနေများကို စာရင်းပြုစုနေသောအဖွဲ့ဖြစ်သည့် Data for Myanmar အဖွဲ့က ပြီးခဲ့သည့်ရက်က ထုတ်ပြန်သည့် အစီအရင်ခံစာအရ ယခုနှစ် မေလအထိ လေးနှစ်ကျော်အတွင်း စစ်တပ်နှင့်လက်အောက်ခံတပ်များ၏ မီးရှို့မှုကြောင့် အိမ်ခြေ တစ်သိန်းတစ်သောင်းကျော် ပျက်စီးခဲ့ရသည့်အနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး အိမ်ခြေ ၇၆,၀၀၀ ကျော် ပြာကျခဲ့ရသည်။  

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပုဏ္ဏားရွာတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ – နွေဦးအောင်ပွဲ)

Related Articles

Back to top button