ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကွပ်ကဲသော ထိုင်း-မြန်မာနယ်စပ် မင်းလက်ပံရွာအခြေစိုက် အွန်လိုင်း ငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် နေရာတွင် လူ ၂၀၀၀ ကျော်တွေ့ရှိထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။
KNU လက်အောက်ခံတပ်ဖွဲ့ဝင်များသည် မင်းလက်ပံရွာကို နိုင်ဝင်ဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး အဆိုပါရွာရှိ DKBA တပ်ဖွဲ့ဝင် ၂၃၀ ကို လက်နက်ဖြုတ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မင်းလက်ပံ ရွာသည် မြဝတီမြို့အရှေ့တောင်ဘက် ရှစ်မိုင်ကျော်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိရာ သောင်ရင်းမြစ်ဘေးတွင် ရှိသည်။
စစ်ကော်မရှင်တပ်သည် ဆုံးရှုံးသွားသည့် နယ်မြေများ ပြန်သိမ်းရန် KNU အား ထိုးစစ်ဆင်နေပြီး စစ်ကော်မရှင်တပ်နှင့်အတူ DKBA တပ်ဖွဲ့ဝင်များသည်လည်း မင်းလက်ပံရွာအနီးတွင် KNU ကို တိုက်ခိုက်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
KNU ကို တိုက်ခိုက်ခဲ့သည့် DKBA တပ်မှူးသည် နိုင်လွင် ဆိုသူ ဖြစ်သည်။
၎င်းသည် အမေရိကန်က ဒဏ်ခတ်အရေးယူထားသော DKBA ခေါင်းဆောင်လေးဦးအနက် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စိုင်းကျော်လှ၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် မင်းလက်ပံရှိ ကျားဖြန့်စင်တာကို လည်ပတ်နေသူ ဖြစ်ကြောင်း KNU ဗဟိုဘက်က ဆိုသည်။
KNU တပ်ဖွဲ့ဝင်များသည် မင်းလက်ပံရွာရှိ DKBA တပ်ဖွဲ့ဝင်များကို လက်နက်ဖြုတ်သိမ်းပြီးနောက် မင်းလက်ပံရွာထဲရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည်ဟု ယူဆရသော အဆောက်အအုံများရှိရာနေရာကို တွေ့ရှိကြောင်း၊ အဆိုပါနေရာကို ဝင်ရောက်စစ်ဆေးရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
KNU သည် နိုဝင်ဘာလ ၂၂ ရက်နေ့မှစတင်ကာ ထိုင်းနှင့် နိုင်ငံတကာတာဝန်ရှိသူများထံ မင်းလက်ပံ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရာ ဝင်းအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်မည့်အကြောင်း အသိပေးခဲ့ပြီး အကြံဉာဏ်များလည်း ရယူခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ကျားဖြန့် လုပ်ငန်းနေရာအတွင်း ဝင်ရောက်စီးနင်းမည့်အစီအစဉ်ကို KNU ဒုဥက္ကဌ ပဒိုစောစဲဂေ နှင့် KNU ခေါင်းဆောင်ပိုင်းများ ပါဝင်သောအဖွဲ့က ညွှန်ကြားမှုများလုပ်ခဲ့ကြောင်းသိရသည်။
ကျားဖြန့်စင်တာအား စီးနင်းခြင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့ ၊ ၂၄ ရက်နေ့တို့တွင် KNU ဘက်ကလုပ်ဆောင်ခဲ့သည်။
ပထမနေ့ဖြစ်သည့် ၂၃ ရက်တွင် အွန်လိုင်းလိမ်လည်မှုလုပ်နေသော အဆောက်အအုံ ၂၀ နှင့် ဆေးရုံတစ်ရုံကို တွေ့ရှိခဲ့ကြောင်း KNU ဘက်ကဆိုသည်။
ဝင်းအတွင်း ပိတ်လှောင်ခံရသည့် လူ ၂၀၀၀ တွေ့ထားပြီး အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်နှင့် မလေးရှားတို့ အပါအဝင် နိုင်ငံပေါင်းရှစ်နိုင်ငံမှ လူပုဂ္ဂိုလ် ၃၉၆ ဦး ဖော်ထုတ်ထားနိုင်ကြောင်း သိရသည်။
ထို့အပြင် လိမ်လည်မှုလုပ်ငန်းများ ရပ်တန့်စေရန် ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများကို သိမ်းဆည်းထားကြောင်း KNU ဗဟိုက ဆိုသည်။ ပထမနေ့အတွင်း စစ်ဆေးစဉ်တွေ့ထားသည့် ထိုင်းနိုင်ငံသား ၂၈ ဦးကို ထိုင်းအာဏာပိုင်များထံ လွှဲထားကြောင်း KNU ကဆိုသည်။
ဒုတိယနေ့တွင် တရုတ်နိုင်ငံသား ၃၃၇ ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦး ၊ ထိုင်ဝမ်နိုင်ငံသား နှစ်ဦး၊ မလေးရှားနိုင်ငံသား နှစ်ဦးနှင့် ဟောင်ကောင်မှ တစ်ဦးတို့ကို ဖော်ထုတ်ထားနိုင်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲပါ Myanmar Future Stars Co. Ltd. ၏ စာရွက်စာတမ်းများ သိမ်းနိုင်ခဲ့ကြောင်း ၊ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ယူဆရသည့် အခန်းများပါ အဆောက်အအုံကိုလည်း တွေ့ထားကြောင်း KNU ဗဟိုဘက်က ဆိုသည်။
လိမ်လည်သည့် အလုပ်လုပ်သော အလုပ်သမားအချို့သည် သေစေနိုင်သည့် လက်နက်များကိုင်ထားပြီး စခန်းမန်နေဂျာများကို သူဌေးလေးဟု ခေါ်ကြသည်ဟု KNU ကဆိုသည်။
အချို့အလုပ်သမားများသည် ထိုင်းအာဏာပိုင်များထံ ၎င်းတို့ကို လွှဲအပ်ခြင်းမပြုရန် KNU အရာရှိများကို လာဘ်ထိုးရန် ကြိုးပမ်းခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။
အွန်လိုင်း လိမ်လည်လုပ်ငန်းတိုက်ဖျက်ရန် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပြီး လက်ရှိအခြေအနေသည် KNU ၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေသည့် အခြေအနေဖြစ်နေကြောင်း ထုတ်ပြန်ချက်အရသိရသည်။
KNU အနေနှင့် အချက်အလက်များကို ဆက်လက်မျှဝေသွားမည်ဟုဆိုသည်။

Photo Credit – ကလိုထူးဘောစစ်ဌာနချုပ် Facebook
DKBA ကွပ်ကဲသည့် မင်းလက်ပံရှိ ကျားဖြန့်ရုံစီးနင်းခံရသည့် ကိစ္စပိုမိုသိနိုင်ရန် DKBA စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်းထံ Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
မြေပြင်အခြေအနေသိသည့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းရင်းမြစ်တစ်ဦးကမူ စစ်ကော်မရှင်တပ်ဘက်က စစ်ကြောင်းထိုးလာမှုကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဘက်က ခုခံနေစဉ် မင်းလက်ပံရွာတွင် တပ်စွဲထားသည့် DKBA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Myanmar Now ကိုပြောသည်။
ပစ်ခတ်မှုကို DKBA မှ ဗိုလ်မှူး စော်ကျော်ကိုမင်း (ခ) သခွားသီးက ဦးဆောင်အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး KNLA ဘက်က ထိခိုက်သူမရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။
“ဗိုလ်ဒါဘောက မင်းလက်ပံထဲ သွားဝင်ရှင်းပြီး သိမ်းပစ်လိုက်တာ။ DKBA က ရဲဘော်တွေက ဘာအတွေ့အကြုံမှမရှိဘူးဆိုတော့ လက်နက်တန်းချတာပေါ့။ DKBA နဲ့ KNU ဘက်က လူကြီးပိုင်းတွေ ညှိနှိုင်းမှုလုပ်တယ်လို့လည်း သတင်းကြားတယ်။ အခုကတော့ ကျားဖြန့်ဆိုက်ကြီးဆိုတော့ KNU က သူတို့လက်ထဲသိမ်းလိုက်ပြီး နိုင်ငံရေးအရပါ ဖြေရှင်းမယ်နဲ့တူတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ မြေပြင်အခြေအနေသိသည့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းရင်းမြစ်က KNU ထုတ်ပြန်ချက်တွင် ပါသည့် DKBA တပ်မှူး နိုင်လွင်သည် ဗိုလ်မှူး သခွားသီး၏ ဆရာဖြစ်ကြောင်း ပြောသည်။
“ဗိုလ်နိုင်လွင်က သခွားသီးရဲ့ ဆရာ။ သခွားသီးက ဒုတပ်ရင်းမှူးဖြစ်တာ တစ်နှစ်တောင်မပြည့်သေးဘူး။ သခွားသီးက အရင်က ကမ်းကူးတဲ့ဂိတ်တွေမှာ လှေမောင်းတဲ့ လှေသမား။ မင်းလက်ပံရွာသားပါပဲ။ အဖွဲ့အစည်းထဲရောက်ပြီး မကြာဘူး။ အရာရှိဖြစ်သွားတာ” ဟု ဆိုသည်။
DKBA ဗဟိုစစ်ဌာနချုပ်ရုံးဘက်ကမူ ဗိုလ်မှူးစောကျော်ကိုမင်း (ခ) သခွားသီးသည် တာဝန်ကို ကျေပွန်စွာထမ်းရန် ပျက်ကွက်ခြင်းနှင့် ပေးအပ်သော တာဝန်ထက် ကျော်လွန်လုပ်ဆောင်ခြင်းတို့အတွက် ၎င်းအားဖမ်းဆီးရန် နိုင်ဝင်ဘာလ ၂၄ ရက်တွင် ကြေညာချက်ထုတ်သည်။
၎င်းကိုတွေ့ရှိပါက ဆုံဆည်းမြိုင်အခြေစိုက် DKBA ဗဟိုစစ်ဌာနချုပ်ရုံးထံအပ်နှံရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
DKBA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားပြီး စစ်ကော်မရှင်က လုပ်မည့် အထွေထွေရွေးကောက်ပွဲကို ဝန်းရံ ကူညီမည်ဟု စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာထားသည်။



