အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြန်မာပြည်သားများ ယာယီနေထိုင်ခွင့်ကို ရုပ်သိမ်းမည်ဟု အမေရိကန်ကြေညာ

လုံခြုံရေးအရ နေရပ်မပြန်နိုင်သေးသည့် မြန်မာပြည်သားများ အမေရိကန်ပြည်ထောင်စုတွင် ယာယီနေထိုင်ခွင့်ကို ပယ်ဖျက်ရုပ်သိမ်းရန် စီစဉ်နေကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

Temporary Protected Status – TPS ဟု ခေါ်သည့် ယာယီနေထိုင်ခွင့်ရုပ်သိမ်းမှုသည် ဇန်နဝါရီ ၂၆ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ရန်ကြောင့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် မလုံခြုံသည့်အတွက် နေထိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ပြီး ထိုနေထိုင်ခွင့်ကို ပြီးခဲ့သည့် ၅ နှစ်အတွင်း အကြိမ်ကြိမ် သက်တမ်းတိုးပေးထားသည်။

အမိမြေလုံခြုံရေး ဝန်ကြီးဌာန (Department of Homeland Security – DHS) ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအခြေအနေ အတန်အသင့် တိုးတက်လာပြီဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်နိုင်ပြီဟု ၎င်းတို့၏ဝန်ကြီးက ပြောကြောင်း ဖော်ပြထားသည်။

TPS အကာအကွယ်နှင့် ယာယီနေထိုင်သူ မြန်မာပြည်သားများထဲတွင် အများအပြားမှာ ကျောင်းသားများ ဖြစ်ကြသည်၊ အများစုက အမေရိကန်တွင် ခိုလှုံခွင့် လျှောက်ထားကြသည်ဟု သိရသည်။

ယာယီနေထိုင်ခွင့်ရုပ်သိမ်းမှုမှာ အသက်ဝင်ရန် ရက်ပေါင်း ၆၀ ကျန်ရှိနေသည်။ ထိုကာလအတွင်း နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ဆက်လက်နေထိုင်ခွင့်ရရေး ကြိုးပမ်းနိုင်သည်။

ထိုသို့မဟုတ်ပါက အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာရန် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ခြင်း၊ ဖမ်းဆီးနှင်ထုတ်ခံရခြင်း စသည့် အခြေအနေတို့ကို ရင်ဆိုင်ရနိုင်သည်။

မြန်မာနိုင်ငံတွင်မှု အာဏာသိမ်းတပ်နှင့် ၎င်းတို့၏လက်ပါးစေ အဖွဲ့များ၏ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများမှာ နေရာအနှံ့တွင် ပေါ်ပေါက်ဆဲဖြစ်ကြောင်း တွေ့ရသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button