အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ်နှင့်BGFက ကျားဖြန့်နှိမ်နင်းနေခြင်းလော၊ သက်သေများဖျောက်ဖျက်နေခြင်းလော

စစ်အာဏာသိမ်းချိန်မှစ၍ ၎င်း၏လုံခြုံရေးစိတ်မချရသဖြင့် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့သို့ လာခဲလှသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နေ့ချင်းပြန် ရောက်လာပြီး၊ စစ်ကော်မရှင်၏ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို “KK Park နေရာအား တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ ထိုပြောဆိုချက်အရ KK Park ကို ရှင်းလင်းရန် မင်းအောင်လှိုင်ကိုယ်တိုင် အမိန့်ပေးခဲ့သည်မှာ ပေါ်လွင်သည်။

ဤနေရာတွင် KK Park ကို မင်းအောင်လှိုင်နှင့် စောချစ်သူ ပူးပေါင်း၍ မိုင်းခွဲဖျက်ဆီး အစဖျောက်ပစ်ခြင်းက မှန်ကန်သောလုပ်ရပ် ဟုတ်ပါ၏လော။ နိုင်ငံတကာရာဇဝတ်မှုခင်းများစွာ ကျူးလွန်ထားသောနေရာ၊ ကျားဖြန့်ရာဇဝတ်ဂိုဏ်းများ ရာဇဝတ်မှုများ မည်ကဲ့သို့ ကျူးလွန်ထားသည်ကို သက်သေအထောက်အထားများ၊ DNA များ စနစ်တကျ စုဆောင်း မှတ်တမ်းတင် လေ့လာဖော်ထုတ်ခြင်းမရှိဘဲ၊ KK Park ကို မိုင်းခွဲဖျက်ဆီး ရှင်းလင်းမှုသည် ကျားဖြန့်နှိမ်နင်းခြင်းထက် ကျားဖြန့်သက်သေခံပစ္စည်းများ ဖျောက်ဖျက်ခြင်းက အဓိကရည်ရွယ်ချက် ဖြစ်နေမည်လား ဆိုသည့် သံသယဖြစ်ဖွယ် မေးခွန်းလည်း ရှိနေပါသည်။ 

အမေရိကန်အစိုးရက DKBA ခေါင်းဆောင် ၄ ဦးကို အရေးယူခြင်း၊ မြဝတီမြို့ တရုတ်ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမည့်တပ်ဖွဲ့ SCSF   ဖွဲ့စည်းခြင်း ကြေညာသည့် တစ်နေ့တည်းတွင် စစ်ကော်မရှင်က KK Park ကို မိုင်းခွဲဖျက်ဆီး ရှင်းလင်းနေကြောင်း အသေးစိတ်သတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးတွင် တိုက်ဆိုင်သည်ဟု မရှိ ဆိုရိုးစကားအရ အမေရိကန်အစိုးရလက်ထဲ KK Park မှ ရာဇဝတ်သက်သေများ ရောက်သွားမည်ကို မင်းအောင်လှိုင် ကြောက်ရွံ့နေသလား စဉ်းစားစရာ ဖြစ်ပါသည်။ 

မင်းအောင်လှိုင်၏ ထိုလုပ်ရပ်သည် တရုတ်ကျားဖြန့်ဂိုဏ်းများ၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာမှ သက်သေခံ အထောက်အထားများကို အစဖျောက်ခြင်းဖြစ်ပြီး၊ ယင်းသည် ကျားဖြန့်ဂိုဏ်းများထံမှ အကျိုးအမြတ် တိုက်ရိုက်ခံစားရယူထားသော စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ BGF/KNA တို့၏ ပါဝင်ပတ်သက်မှု သက်သေ အထောက်အထားများ မကျန်ရစ်စေရန် အပြီးအပြတ်ရှင်းလင်းခြင်းလည်း ဖြစ်သည်။  

ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ဝေဆန်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ထူထောင်ကျူးလွန်သလို၊ စောချစ်သူ သည်လည်း ရွှေကုက္ကိုမြို့သစ်တွင် တရုတ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးပြီး နိုင်ငံတကာအွန်လိုင်း ငွေလိမ်လုပ်ငန်း ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်သည်။ တရုတ်အစိုးရ 

ဖမ်းဝရမ်းထုတ်ချိန်တွင် ဝေဆန်းက မင်းအောင်လှိုင်၏ ဌာနချုပ်  နေပြည်တော်သို့ ရောက်သွားခဲ့သော်လည်း၊ နောက်ဆုံးတွင် မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်အစိုးရထံ အပ်နှံခဲ့ပြီး၊ နေပြည်တော်လေဆိပ်မှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ 

ယခုတစ်ဖန် စောချစ်သူသည် မင်းအောင်လှိုင်၏  အကာအကွယ်ရရှိနေပုံမှာလည်း အထင်အရှားပင်။ တရုတ်ကျားဖြန့်ဂိုဏ်းများ ကင်းရှင်းသော မြဝတီမြို့ ဖြစ်နိုင်သလား ဆိုသည့် မေးခွန်းက စောချစ်သူသည် ဒုတိယမြောက် ဝေဆန်း ဖြစ်လာနိုင်သလား၊ BGF သည် ကိုးကန့်ပြည်သူ့စစ် ကြုံတွေ့ခဲ့ရသော ကံကြမ္မာမျိုး ကြုံတွေ့နိုင် သလား ဆိုသည့် မေးခွန်းနှင့် တိုက်ရိုက်အချိုးကျ နေပါသည်။ 

စောချစ်သူ၏ ကံကြမ္မာက စိတ်ဝင်စားစရာ ကောင်းလာပါသည်။ ယခုအခါ တရုတ်အစိုးရသည် စောချစ်သူ၏ စီးပွားဖက်ဖြစ်သော၊  ရွှေကုက္ကိုမြို့သစ်ကို တည်ဆောက်သူဖြစ်သော ရှီကျီကျန်းကို ထိုင်းအစိုးရထံမှ လွှဲပြောင်းရရှိသွားပြီ ဖြစ်သည်။ ရှီကျီကျန်းထံမှ စောချစ်သူ ကျူးလွန်ထားသော ပြစ်မှုများ၏ သက်သေအထောက်အထားများ တရုတ်အစိုးရ ရရှိ သွားပါက စောချစ်သူကို ဝေဆန်းကဲ့သို့ ဖမ်းဝရမ်းထုတ်မည်လား၊ သို့တည်းမဟုတ် စောချစ်သူကို ဖမ်းဝရမ်း ထုတ်ရန် ပြင်ဆင်နေသော ထိုင်းအစိုးရက လက်ဦးမှု ရယူမည်လား၊ သို့တည်းမဟုတ် အမေရိကန်အစိုးရ၏ SCSF ၏ ဖမ်းဆီးအရေးယူခြင်း ခံရမည်လား၊ မင်းအောင်လှိုင်ကိုယ်တိုင် စစ်တပ်ပါဝင်ပတ်သက်ထားသော ကျားဖြန့်အမှုကို ဖုံးဖိရန် စောချစ်သူကို အစဖျောက်ရန် ကြိုးပမ်းမည်လား စောင့်ကြည့်လေ့လာစရာ ကောင်းလှသည်။  

မြဝတီနယ်စပ်က တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးထားသော လက်နက်ကိုင်တပ်ဖွဲ့များထဲ စစ်တပ်ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ကို မင်းအောင်လှိုင် ဆက်လက် “ဘူးခံ” ငြင်းဆိုဦးမည်လား၊ ကျားဖြန့်ငွေများ စစ်တပ်စီးပွားရေးလုပ်ငန်းများထဲ မည်မျှစီးဝင်နေသနည်း စသည့် အရေးကြီးသော မေးခွန်းများ ရှိနေပါသေးကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button