အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တီးတိန်မြို့နယ် ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ် ပြန်ထိန်းချုပ် 

ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံး တောင်ထိပ်ပေါ်တစ်ခုဖြစ်သော ကနေဒီတောင်ပေါ်တွင် ရှိသော ဆက်သွယ်ရေးစခန်းကို လက်လွှတ်ခဲ့ရသော်လည်း နိုဝင်ဘာ ၁၈ ရက်တွင် ချင်းတော်လှန်ရေးတပ်များက ပြန်ထိန်းချုပ်လိုက်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ပြီးခဲ့သည့်ရက်က စစ်တပ်နေရာဝင်ယူခဲ့သည့် ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF Zoland မှ သိရသည်။ 

အောက်တိုဘာလကုန်တွင် တီးတိန်မြို့မှထွက်လာသည့် အင်အားရာနှင့်ချီပါဝင်သည့် စစ်တပ်က စစ်ကြောင်း ထိုးလာသဖြင့် နိုဝင်ဘာလဆန်းတွင် ကနေဒီတောင်ကို လက်လွှတ်လိုက်ရပြီး နှစ်ပတ်ကျော် အကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ နိုဝင်ဘာ ၁၈ ရက်နေ့ နယ်မြေရှင်းလင်းရေးလုပ်ရင်း ကနေဒီတောင်ကိုဦးတည်တဲ့အချိန်မှာ စကမ (စစ်ကော်မရှင်) တပ်တွေ ထွက်ပြေးသွားတာပါ။ ပစ်ခတ်မှုမရှိပေမယ့် ခဲယမ်းတချို့သိမ်းဆည်းရမိထားပါ တယ်”ဟု PDF Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံး တောင်ထိပ်ပေါ်တစ်ခုဖြစ်သော ကနေဒီတောင်ပေါ်တွင် စစ်တပ် က ဆက်သွယ်ရေးအတွက်အထိုင်ချခဲ့သည့် နေရာဖြစ်ပြီး ၂၀၂၃ နိုဝင်ဘာလကုန်တွင် PDF Zoland က သိမ်းပိုက်ပြီး နှစ်နှစ်ကျော်ကြာအောင်ထိန်းချုပ်ထားနိုင်ခဲ့သည်။ 

နယ်မြေထက်ဝက်နီးပါး လက်လွှတ်ထားရသည့် ချင်းပြည်နယ်ကို စစ်တပ်က အောက်တိုဘာလကုန်မှ စပြီး ကလေးမြို့တောင်ဘက်မှ ထွက်လာပြီး ဝေဘလူမှတဆင့် ဖလမ်းသို့ ဦးတည်သည့် စစ်ကြောင်း တစ်ခု၊ ကလေးမြို့ အနောက်တောင်ဘက်မှ ကလေး-တီးတိန်လမ်းအတိုင်း တက်လာသည့်စစ်ကြောင်း တစ်ခု နှင့် တီးတိန်မြို့မှ တက်လာသည့် စစ်ကြောင်းတစ်ခု တို့ဖြင့် စစ်ကြောင်း သုံးခု ဖြန့်ခွဲကာ ဝင်ရောက် လာသည်။ 

တီးတိန်မြို့ကို စစ်တပ်က လေကြောင်းမှအင်အားဖြည့်တင်းပြီးနောက် အင်အား ၂၀၀ နီးပါးဖြင့် မြို့ တောင်ဘက်သို့ စစ်ကြောင်းထိုးလာပြီး ကလေး – တီးတိန်လမ်းပေါ်ရှိ အချက်အချာကျသည့် ကနေဒီ တောင်နှင့် သိုင်းငင်းစခန်းတို့ကို ယခင်လကုန်က သိမ်းပိုက်ခဲ့သည်။

တီးတိန်မှထွက်လာသည့် ထိုစစ်ကြောင်းနှင့် ကလေးဘက်မှတက်လာသည့် စစ်ကြောင်းတို့မှာ သိုင်းငင်း တွင် ဆုံပြီး တီးတိန် နှင့်ဖလမ်းနယ်စပ်အထိဆက်လက်ထိုးစစ်ဆင်ရာ တိုက်ပွဲများဆက်ဖြစ်နေကြောင်း ချင်းတောင်လှန်ရေးအင်အားစုများထံက သိရသည်။ 

ကနေဒီတောင်ကို ပြန်သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF Zoland တပ်ဖွဲ့ဝင်များ။

ထို့ပြင် ကလေးတောင်ဘက်မှတက်လာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းမှာလည်း ဝေဘူလမြို့ကို ပြန်လည်ထိန်းချုပ်ပြီး ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရ်မြစ်အနီးရောက်ရှိပြီး တိုက်ပွဲများဖြစ်နေ ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောသည်။ 

စစ်ကိုင်းတိုင်း ကလေး၊ မကွေးတိုင်း ဂန့်ဂေါ၊ တီးတိန်၊ ဖလမ်းတို့တွင် စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်နေပြီး လေယာဉ်နှင့် ဒရုန်းအသုံးပြုတိုက်ခိုက်နေသော်လည်း စစ်တပ်ဘက်မှ ထိခိုက်မှုများပြား စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ချင်းလဲန်းကောင်စီ (CC) ကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။ 

စစ်တပ်စစ်ကြောင်းရန်ကြောင့် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့မှ ကျေးရွာပေါင်း တစ်ဒါဇင် ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အနွေးထည်တို့ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း ချင်းတော်လှန်ရေးအင်အားစုများထံကသိ ရသည်။ 

ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် ၃ မြို့နယ်တွင်သာ ခြေကုပ်ယူနိုင်သည့် စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါး နှင့်တီးတိန်မြို့တို့တွင် ကျင်းပမည်ဟုထုတ်ပြန်ကြေညာထားပြီးနောက် ချင်းတောင်ကို အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးစီးနင်းနေသည်။ 

Related Articles

Back to top button