တအာင်းတပ် (TNLA) က လက်လွှတ်မည်ဟု ပြောထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်း ယခုလကုန် နောက်ဆုံးထား၍ စစ်တပ် ပြန်ဝင်လာမည်ဟု မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများထံ က သိရသည်။
တော်လှန်ရေးတပ်များအနေဖြင့် ယခုလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ မြို့မှ ဆုတ်ခွာပေးရမည်ဟု မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“လကုန်ကို ရွှေ့ပြောင်းပေးဖို့ ပြောထားတယ်။ တချို့လည်း ရွှေ့ပြောင်းနေလျှက်ရှိကြပါတယ်။ တချို့ အဖွဲ့တွေကတော့ သိပ်မဆုတ်ခွာချင်ဘူး။ မဟာမိတ်တွေကြားတော့ ဆက်ပြီးညှိနေကြပါတယ်”ဟု ထိုသူက ပြောသည်။
လတ်တလောတွင် တအာင်းတပ် (TNLA) လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့များနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပညာရေး၊ ကျန်းမာရေးရုံးအချို့လည်း ရွှေ့ပြောင်းမှုများ ရှိနေသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့များ မိုးကုတ်မြို့ပေါ်ရောက်နိုင်ရန် TNLA က တာဝန်ယူရမည်ဖြစ်ပြီး အဆိုပါ ကိစ္စအတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တအာင်းတပ်ကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု မိုးကုတ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“လားရှိုးပုံစံအတိုင်း အလွှဲအပြောင်းက ဖြစ်လာမယ်ပေါ့နော်။ စစ်တပ်က တပ်မ နှစ်ခုနဲ့ ဝင်လာမယ်လို့ သိရတယ်။ တအာင်းတပ်ဖွဲ့ ထိန်းချုပ်တဲ့နေရာကနေပဲ ဝင်လာမှာပါ။ ကျန်တဲ့နေရာတွေက PDF တွေရှိတော့ ကျည်ပေါက်ရင် စာချုပ်က ပျက်သွားနိုင်တယ်။ မြို့ခံတွေက စစ်တပ်ဝင်လာမှာကို သဘောမတူတော့ တော်လှန်ရေးအဖွဲ့တွေကြားမှာလည်း ဆက်ညှိနေကြပါတယ်” ဟု ဆိုသည်။
သပိတ်ကျင်း–မိုးကုတ်လမ်း၊ ကျောက်ကြီး ခုနစ်မိုင်လမ်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တာဝန်ယူထားပြီး မိုးကုတ်မြို့ပတ်လည်တွင် မိုးကုတ်ဗျူဟာ၊ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များက စိုးမိုးထားသည်။
မိုးကုတ်-မိုးမိတ်လမ်းနှင့် မိုးမိတ်မြို့အနီး ပတ်လည်တွင် ကချင်လွတ်လပ်ရေးတပ် KIA/PDF နှင့် အညာဒေသ တော်လှန်ရေးတပ်များ စိုးမိုးထားရာ အဆိုပါလမ်းကြောင်းများမှ စစ်တပ်ပြန်ဝင်ရန် မဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA သိမ်းထားသည့် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်တပ်သည် နောင်ချို–မိုးကုတ်လမ်းရှိ ရတနာသင်္ဂီရွာအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
အဆိုပါရွာသည် မိုးကုတ်နှင့် မိုင် ၅၀ ဝန်းကျင်သာ ကွာဝေးပြီး မိုးကုတ်မြို့အထိ တအာင်းတပ်ကစိုးမိုးထားရာ စစ်တပ်စစ်ကြောင်းများ အဆိုပါလမ်းကြောင်းမှ ဝင်လာနိုင်သည်ဟု စစ်ရေးအကဲခတ်များက ခန့်မှန်းထား ကြသည်။
“အကြီးပိုင်းတွေ ရဟတ်ယာဉ်နဲ့ ပို့ရင် ပို့ပေါ့။ ကျန်တဲ့အဖွဲ့တွေက နောင်ချို–ဟိုခို လမ်းကြောင်းကနေပဲ ပြန်ဝင်လာဖို့ များတယ်။ လမ်းကြောင်းလည်း နီးတယ်။ တအာင်းအဖွဲ့လည်း စိုးမိုးတဲ့နေရာဖြစ်တော့ အဲဒီလမ်းကြောင်းကနေပဲ ပိုဖြစ်နိုင်တယ်” ဟု စစ်ရေး အကဲခတ်တစ်ဦးက သုံးသပ်သည်။
စစ်တပ်က မိုးကုတ်မြို့သို့ ပြန်ဝင်လာပါက မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ မိုးကုတ် လမ်းကြောင်းများ ပြန်ဖွင့်လာနိုင်ပြီး ပြည်မနှင့် ရှမ်းမြောက်ဒေသ တော်လှန်ရေးအဖွဲ့များ၏ ထောက်ပို့လမ်းကြောင်းများအပေါ် ထိခိုက်လာနိုင်မည်ဟု ဆိုသည်။
တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်တပ်နှင့် TNLA အကြား ကိုးကြိမ်မြောက် ဆွေးနွေးပွဲအပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ နှစ်ဖက်တပ်များ ရောက်သည့်နေရာတွင် အပစ်ရပ်ထားရန် သဘောတူညီထားကြသည်။
မိုးကုတ်နှင့် မိုးမိတ်အား စစ်တပ်ထံ လွှဲပြောင်းမည်ဖြစ်ပြီး မိုးကုတ်တွင် ဆက်ဆံရေးရုံးထားရန် တအာင်းတပ်နှင့် စစ်ကော်မရှင်တို့ကြား သဘောတူထားသည်။
စစ်တပ်နှင့် တအာင်းတပ်တို့ သဘောတူညီမှုများ၊ မိုးကုတ်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တအာင်းတပ်တို့ကြား ဆွေးနွေးမှုများအား လူထုအား အသိပေးမှုမရှိသည့်အတွက် မိုးကုတ်မြို့ခံများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။
“မြို့ခံတွေက စစ်တပ်ဝင်လာမှာကို သဘောမတူလို့ ရတဲ့ဘက်ကနေ ကူညီခဲ့ကြတာ။ အခုက လူထုကိုဘာမှ မချပြကြတော့ ဘယ်လိုဆက်လုပ်ရမလဲ။ သေချာတာကတော့ စစ်တပ်က ပြန်ဝင်လာမှာပဲ။ လူထုကို ပြန်ပြီး ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဘူးလို့ မပြောနိုင်ဘူး” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြော သည်။
အပစ်ရပ်ရေးအတွက် TNLA က ထိုနှစ်မြို့ကို လွှဲပေးရန် စစ်တပ်နှင့် သဘောတူညီချက်ရပြီးနောက် မိုးကုတ်အခြေစိုက်တော်လှန်ရေးတပ်များက တုံ့ပြန်တိုက်ခိုက်မည်ဟု ပြောဆိုခဲ့ကြသည်။ ယင်းနောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် TNLA နှင့် တော်လှန်ရေးအဖွဲ့များ တွေ့ဆုံမှုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက် ငါးခုရှိပြီး လူဦးရေ တစ်သိန်းဝန်းကျင် နေထိုင်ကြသည်။
စစ်တပ် ပြန်ဝင်လာမည့်သတင်းကြောင့် မြို့ခံအများစု မန္တလေးနှင့် နီးစပ်ရာမြို့များသို့ တိမ်းရှောင်ကြပြီး မြို့တွင်း လူမရှိသလောက် ဖြစ်သွားသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။
“ကျောက်တွင်းတွေ ဖွင့်ပေးထားတော့ ကျောက်တူးတဲ့ လူလောက်ပဲ ကျန်တာ။ စစ်တပ်က အခုရက်ပိုင်း ဝင်လာမယ်လို့ ဆိုတော့ မြို့ခံတွေကတော့ ပြေးပြီ” ဟု အထက်ပါမိုးကုတ်မြို့ခံ အမျိုးသားက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ မြို့များအား TNLA က သိမ်းပိုက်ခဲ့သည်။
အဆိုပါမြို့များထဲမှ တရုတ်ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များအား စစ်တပ်က ယခုနှစ်အတွင်း ပြန်သိမ်းပိုက်ထားသည်။
အလားတူ မိုးကုတ်နှင့် မိုးမိတ်အား စစ်တပ်ထံ ပြန်လွှဲမည်ဖြစ်ရာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း TNLA သိမ်းပိုက်ထားသည့် မြို့ ငါးမြို့သည် စစ်တပ်လက်သို့ ပြန်ရောက်သွားမည်ဖြစ်သည်။
မိုးကုတ်မြို့ အလွှဲအပြောင်း ကိစ္စများရှိနေချိန် စစ်ကော်မရှင်ဘက်မှ ရှမ်းမြောက်ဒေသ လားရှိုး –သီပေါလမ်းနှင့် လားရှိုး–နမ့်လမ်–ရပ်စောက် လမ်းပိုင်းအား ယခုလ ၁၄ ရက်နေ့မှ စတင်ပိတ်ထားပြီး စစ်ဆေးမှုများ တင်းကျပ်ထားသည်ဟု ရှမ်းမြောက် ဒေသခံများထံက သိရသည်။



