အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကုက္ကိုနှင့် ကျောက်ခတ်ရှိ ငွေလိမ်ဂိုဏ်းများကို အရေးယူမည်ဟု စစ်ကော်မရှင်ဆို 

အမေရိကန်နှင့်တရုတ်အစိုးရများက အာရုံစိုက်လာသောကြောင့် ၎င်းတို့နှင့် စီးပွားရေးပနံသင့်သော ကရင် လက်နက်ကိုင်နှစ်ဖွဲ့ ထိန်းချုပ်ရာ ရွှေကုက္ကိုနှင့် ကျောက်ခတ်ရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု များကို အရေးယူမည်ဟု စစ်ကော်မရှင်က ကြေညာသည်။

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လည်မှုများကို  နှိမ်နင်းမည်ဟု စစ်ကော်မရှင်က ကြွေးကြော်ပြီးနောက်  ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်နေ့) တွင် ရွှေကုက္ကို စီးနင်းခံရပြီး လူ ၃၀၀ ကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

ရွှေကုက္ကိုမြို့သစ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခု၏ ဝင်းအတွင်း ဝင်ရောက်စီးနင်းရာတွင် တရုတ် နိုင်ငံသားအများစု ပါဝင်သော နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းဆီးပြီး ကွန်ပျူတာပစ္စည်းများ၊ လက်ပ်တော့များနှင့် မိုဘိုင်းဖုန်း အလုံးရေ တစ်သောင်းကျော် သိမ်းဆည်းရမိကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်။

စစ်တပ်က ထုတ်ပြန်သော ရုပ်သံဖိုင်တစ်ခုတွင် အဆောက်အအုံများပေါ်သို့ စစ်သားနှင့်ရဲ ၊ BGF များက အပြေးအလွှားတက်နေပြီး  ကွန်ပြူတာများ၊ ပစ္စည်း၊ စားပွဲများ၊ လူအနည်းငယ်သာ တွေ့ရှိရသည်။ 

သိမ်းဆည်းရမိသောပစ္စည်းများကို စစ်ဆေးမှုလုပ်မည်ဖြစ်ပြီး သွားလာမှု တင်းကျပ်စွာ ထိန်းချုပ်ထား ကြောင်းနှင့်  မြန်မာနိုင်ငံသားများသာ ယာယီလက်မှတ်များကို အသုံးပြု၍ ဝင်ထွက်ခွင့်ပြုထားကြောင်း ထိုဒေသကို ထိန်းချုပ်သည့် BGF အရာရှိများက ပြောခဲ့သည်ဟု Thai Enquirer တွင် ယနေ့ ဖော်ပြထားသည်။

မကြာမီရက်များအတွင်း စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် BGF တို့သည် ထိုဒေသတွင် နှိမ်နင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု မျှော်လင့်ရကြောင်း Thai Enquirer သတင်းက ရေးသားသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် အခြေစိုက်သော အဆိုပါလိမ်လည်သည့်လုပ်ငန်းများသည် BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေများတွင် တည်ရှိနေကြပြီး ယခုနှစ် နှစ်ဆန်းမှစတင်၍ ထိုလုပ်ငန်းများကို ဖမ်းဆီးရန် တရုတ်နှင့်နိုင်ငံတကာက အာရုံစိုက်လာကြသည်။

ထို့ကြောင့် စစ်ကော်မရှင်က ဟန်ပြရှင်းလင်းမှုအနေဖြင့် ယခင်လအတွင်း မြဝတီမြို့အရှေ့တောင်ဘက် ငါးမိုင်ကျော်အကွာ မယ်ထော်သလေးကျေးရွာအနီး လေးကေ့ကော်မြို့သစ် အရှေ့မြောက်ဘက် နှစ်မိုင်ကျော်အကွာတွင်ရှိသော  KK Park ကို ဟန်ပြစီးနင်းခဲ့သည်။ BGF ထိန်းချုပ်နယ်မြေဖြစ်သော ထိုနေရာတွင် ဖောက်ခွဲဖျက်ဆီးမှုများ အလျင်အမြန် လုပ်ဆောင်ခဲ့ကြပြီး စစ်တပ်ဝါဒဖြန့် တယ်လီ ဂရမ်များတွင် စစ်သားများကိုယ်တိုင် မိုင်းများတပ်ဆင်နေသည်ကို တွေ့ရသည်။

မစီးနင်းမီကတည်းက လူအများအပြားကို ထိုနေရာများမှ ထွက်ခွာခိုင်းထားခဲ့ခြင်းဖြစ်ပြီး အများစုသည် မြဝတီမြို့နှင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြသည်။ 

နိုင်ငံတကာ အာရုံစိုက်နေချိန် စစ်ကော်မရှင်က နောက်ထပ် နေရာတစ်ခုဖြစ်သော ရွှေကုက္ကိုကို စီးနင်းရန် ပြုလုပ်လာခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်များက ယမန်နေ့ကတည်းက ရောက်ရှိနေကြသည်။ ထိုမတိုင်ခင်ညကတည်းက လူအများအပြား ထွက်ခွာခဲ့ကြပြီးဖြစ်သည်။

ထိုနေရာကိုလည်း KK Park ကဲ့သို့ အလားတူ လုပ်ဆောင်နိုင်ကြောင်း မြဝတီဒေသခံများက ယူဆကြသည်။

ရွှေကုက္ကိုရှိ အဆောက်အဦတစ်ခုကို ဖောက်ခွဲဖျက်ဆီးကြောင်း စစ်တပ်က ထုတ်ပြန်ထားစဉ်။

စစ်ကော်မရှင်က ယနေ့ (နိုဝင်ဘာလ ၁၉ ရက်နေ့) ထုတ် သတင်းစာတွင် ရွှေကုက္ကိုနှင့် ကျောက်ခတ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများအား ဖော်ထုတ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု  ဖော်ပြထားသည်။  အလားတူ KK Park နယ်မြေတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း ပါရှိသည်။

စစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာပိုင်နက်နယ်မြေကို အသုံးချ၍ အိမ်နီးချင်းနိုင်ငံများအပေါ် ရာဇဝတ်မှု ကျူးလွန်နေသူများကို အမျိုးသားရေးတာဝန် အနေဖြင့် တိုက်ဖျက်ရန်  မကြာသေးခင်က သွားရောက်ခဲ့သည့် ကရင်ပြည်နယ်ခရီးစဉ်တွင် ပြောထားသည်။

ထိုကျားဖြန်လုပ်ငန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် နယ်ခြား စောင့်တပ်ဖွဲ့အမည်ခံအဖွဲ့တို့က လုပ်ကိုင်နေကြောင်း  စစ်ကော်မရှင်က ဆိုသည်။

မြဝတီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုကို  BGF ထိန်းချုပ်ပြီး  ကျောက်ခတ်ဒေသကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)  ထိန်းချုပ်ထားသည်။

ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်သည့် BGF နှင့် DKBA  ခေါင်းဆောင်ပိုင်းများသည် အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုကို ခံထားရသည်။

အွန်လိုင်းငွေလိမ်သည့်လုပ်ငန်း ကျားဖြန်နှင့် ဆက်စပ်၍ BGF၏ လူပုဂ္ဂိုလ်နှင့် လုပ်ငန်းကိုးခုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က စက်တင်ဘာလ ၈ ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

ပိတ်ဆို့ အရေးယူမှုတွင် BGF ထိန်းချုပ်ထားသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင် လည်ပတ်နေသည့် လုပ်ငန်း ခြောက်ခု၊ ကမ္ဘောဒီယားအခြေစိုက် လုပ်ငန်း ၁၀ ခုလည်း ပါဝင်သည်ဟု OFAC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒဏ်ခတ်ခံလိုက်ရသည့် လုပ်ငန်းများတွင် ဗိုလ်မှူးကြီးစောချစ်သူ ပိုင်ဆိုင်သည့် ချစ်လင်းမြိုင်ကုမ္ပဏီ၊ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ၊ ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့်စက်မှုလုပ်ငန်းကုမ္ပဏီတို့ပါဝင်သည်။ 

ထို့ပြင် BGF ခေါင်းဆောင် စောချစ်သူ၏သား ဗိုလ်မှူးစောမင်းမင်းဦး မန်နေဂျင်း ဒါရိုက်တာအဖြစ် ဦးဆောင်နေသည့် မြန်မာရထိုက် အပြည်ပြည်ဆိုင်ရာကုမ္ပဏီ လုပ်ငန်းစု၊ ငွေလိမ်ဂိုဏ်းများတည်ရှိရာ ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို လျှပ်စစ်မီး ဖြန့်ဖြူးနေသည့် BGF တပ်နယ် (၂) တပ်မှူး ဒုဗိုလ်မှူးကြီး စောတင်ဝင်း၏ ရွှေမြင့်သောင်ရင်းစက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ရေးကုမ္ပဏီတို့ ပါဝင်သည်။

DKBA ခေါင်းဆောင်များသည် မကြာသေးသည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်အရေးယူမှုခံထားရသည်။

ပိတ်ဆို့ အရေးယူခံရသည့် DKBA ခေါင်းဆောင် လေးဦးသည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး ၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှ၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းနှင့် ဗိုလ်ချုပ် စောဆန်းအောင် တို့ ဖြစ်ကြသည်။

အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် အထူးတပ်ဖွဲ့ဖွဲ့စည်းမည်ဟု အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနက နို၀င်ဘာလ ၁၂ ရက်နေ့မှာပင် ထုတ်ပြန်ခဲ့သည်။

အလားတူ တရုတ်နိုင်ငံဘက်ကလည်း တရုတ် ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ လာအိုနှင့် ဗီယက်နမ် ခြောက် နိုင်ငံပူးပေါင်း၍ ပထမအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် စစ်ကော်မရှင်၏ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်လုပ်ဆောင်မည် ဟု ပြောခဲ့သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် ပိုမိုအာရုံစိုက်မှုများ ဖြစ်လာပြီးနောက် စစ်ကော်မရှင်က ၎င်းတို့ ဩဇာခံ အဖွဲ့များ လုပ်ကိုင်နေသည့် ရွှေကုက္ကိုနှင့် ကျောက်ခတ်ရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ တိုက်ဖျက်ရန်  ကြိုးစားလာခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းငွေလိမ် လုပ်ငန်းများအား တိုက်ဖျက်ရန် အမေရိကန်ဘက်က လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ အမေရိကန်တွင် Hidden Agenda (နက်နဲသော လျှို့ဝှက်ရည်ရွယ်ချက်) ရှိနိုင်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ဖော်ပြောဆိုထားသည်။

သုတေသနအခြေပြု မြန်မာ့အရေးဆောင်းပါးများ ရေးသားနေသည့် မြန်မာနောင်း ပင်တိုင်ဆောင်းပါးရှင် သုတဇော် ကမူ စစ်ကော်မရှင်သည် ကျားဖြန့် ပြဿနာကို အကြောင်းပြ၍ အမေရိကန်တပ်ဖွဲ့များ မြဝတီနယ်စပ်ရှိ ကျားဖြန့် စင်တာများအား ဝင်ရောက် စီးနင်းမည်ကို စိုးရိမ်နေပုံရကြောင်း မှတ်ချက်ပြုသည်။

“ဒါကြောင့်သာ KK Park နဲ့ အခု ရွှေကုက္ကိုကို လက်ဦးမှုရယူ ဝင်ရောက်စီးနင်းပြပြီး အမေရိကန်ရဲ့ ခြေလှမ်းတွေကို ဟန့်တားနေခြင်းဖြစ်တယ်။ အမေရိကန်ဝင်လာမှာကို စကမ (စစ်ကော်မရှင်) တင်မကဘဲ တရုတ်ကပါ စိုးရိမ်နေပြီလို့ သုံးသပ်ရတယ်။ သူတို့ တရုတ်နိုင်ငံသား အများစု ပါဝင်တဲ့ ဒီကျားဖြန့် ရာဇဝတ်ဂိုဏ်းသားတွေကို  တရုတ်ကို မလွှဲဘဲ ၊ အမေရိကန်လက်ထဲ ထည့်မှာကို တရုတ်အစိုးရ စိုးရိမ်နေတာ သေချာနေပါပြီ” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်က ထုတ်ပြန်ထားသည့် ရွှေကုက္ကို စီးနင်းမှု။

စစ်ကော်မရှင်က ထုတ်ပြန်ထားသည့် ရွှေကုက္ကို စီးနင်းမှု။

Related Articles

Back to top button