အလျင်အမြန် တိုးတက်နေသော ရုရှားနှင့် အာဏာသိမ်း စစ်ကော်မရှင်အကြား ဆက်ဆံရေးကို ခြုံ၍သုံးသပ်ရလျှင် စစ်အာဏာသိမ်းမှု မအောင်မြင်ဘဲ ပြည်တွင်းစစ်မီးကျယ်ပြန့်လာပြီး၊ နိုင်ငံတကာ အကူ အညီ အလွန်အမင်းလိုအပ်နေသော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ – ၂၀၂၅ ခုနှစ် အတွင်း ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်၍ ရုရှားအစိုးရထံမှ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး အကူအညီများ တောင်းခံရယူလျက်ရှိသည်ကို အထင်အရှားတွေ့မြင်နေရသည်။
ထို့အတူ စစ်အာဏာသိမ်းမှု ငါးနှစ်ကာလအတွင်း ရုရှားအစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အာဏာသိမ်း စစ်ကော်မရှင်ကို အကာအကွယ်ပေးလျက်ရှိခြင်း၊ သမ္မတပူတင်ကိုယ်တိုင် မင်းအောင်လှိုင်ကို အသိအမှတ်ပြု လက်ခံတွေ့ဆုံခဲ့ခြင်း၊ ခေတ်မီတိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ မင်းအောင်လှိုင်ကို ရောင်းချ ပေးခဲ့ခြင်းဖြင့် စစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်မှုစွမ်းအား ကြီးမားလာစေရန် တစ်ဖက်တစ်လမ်းက ကူညီလျက်ရှိသည်။
အပြန်အလှန်အားဖြင့် အာဏာသိမ်းစစ်တပ်၏ ရေတပ်နှင့် ရုရှားရေတပ်တို့ မြန်မာပင်လယ်ပြင်တွင် ပူးတွဲ လှုပ်ရှားမှုများ အချိန်တိုအတွင်း ထင်သာမြင်သာရှိလာခြင်းသည် ရုရှား၏ အင်ဒို-ပစိဖိတ်ဒေသ ဩဇာဖြန့်ကြက်ရေး ကြိုးပမ်းမှုတွင် မြန်မာသည် အဓိကမဟာမိတ် ဖြစ်လာနေကြောင်း ညွှန်ပြလျက်ရှိသည်။ စစ်လိုလားသူ အာဏာရှင်နှစ်ဦး၏ အပြန်အလှန် ကူညီပံ့ပိုးသော ဆက်ဆံရေးက အဆုံးတစ်နေ့ မြန်မာပြည်သူများအတွက် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်၏ ဖိနှိပ်မှုယန္တရား ခိုင်မာရေးကိုသာ ဆောင်ကြဉ်းလာမည် ဖြစ်ပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



