အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ရေးတင်းမာနေသည့် လားရှိုးတွင် ကိုးကန့်တပ်က စစ်သုံ့ပန်း ၂၀၀ ကျော် ပြန်လွှတ်

ရှမ်းမြောက်တွင် စစ်ကော်မရှင်က လားရှိုး-သီပေါ-မိုင်းရယ်လမ်းပိတ်ထားသဖြင့် နှစ်ဖက် စစ်ရေး တင်းမာနေချိန် ကိုးကန့်တပ်က ရဲများ၊ တပ်သားနှင့် အခြားအဆင့်များ ပါဝင်သော သုံ့ပန်း ၂၀၀ ကျော်ကို ပြန်လွှတ်လိုက်သည်။

စစ်ကော်မရှင်တပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ စစ်ရေး တင်းမာနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်သုံ့ပန်း ၂၀၀ ကျော်ကို MNDAA တပ်က ပြန်လွှတ်ပေးလိုက်သည်ဟု လားရှိုးမြို့ခံများထံက သိရသည်။

ယမန်နေ့ နံနက်က လားရှိုးမြို့မှ သိန္နီမြို့အထွက်လမ်းပေါ် ကချင်ကုန်းရွာ လမ်းအသုံးပြုခကောက်ခံရေး စခန်းဟောင်းနေရာတွင် အဆိုပါစစ်သုံ့ပန်းများအား စုဝေးထားပြီးနောက် စစ်တပ်ထံ ပြန်လွှဲပေးလိုက် ခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံများက ဆိုသည်။

“အရင် အေးရှားလ်ဝေါဂိတ်ကွင်းထဲမှာ စုထားပြီး  အေတီတံတားဘက်ကနေ  လွှဲလိုက်တာပဲ။ သူတို့ကို ဘယ်ကနေ ခေါ်လာတယ်တော့ မသိဘူး။ စစ်သားတွေ သူတို့ ပြန်ပို့လိုက်တာ” ဟု  လားရှိုးမြို့ခံ အမျိုး သမီးတစ်ဦးက ပြောသည်။

စစ်တပ်က ပြန်လွတ်လာသည့် စစ်သုံ့ပန်းများအား လားရှိုးမြို့လေယာဉ်ကွင်းအနီးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) စိုက်ပျိုးရေးခြံသို့ ခေါ်ဆောင်သွားသည်ဟု မြို့ခံနောက်တစ်ဦးက ပြောသည်။

“ လေယာဉ်ကွင်းနား စိုက်ပျိုးရေးခြံထဲ ခေါ်လာတယ်။ အဲမှာ မိသားစုတွေက သွားကြည့်နေကြတာ။ မပါ တဲ့သူတွေကတော့ လိုက်စုံစမ်းနေကြတာပေါ့၊ စားစရာတွေ သွားပို့တဲ့သူတွေလည်းရှိတယ်” ဟု ထိုသူက ပြောပြသည်။ 

ပြန်လွတ်လာသူများတွင် ရဲတပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး  တပ်သားနှင့် အခြားအဆင့်များ ဖြစ်သည်ဟု မြို့ခံများထံက သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် လားရှိုးမြို့အား MNDAA တပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ဩဂုတ်လဆန်းတွင် လားရှိုးမြို့ကို သိမ်းပိုက်ခဲ့သည်။

ထိုသို့ သိမ်းပိုက်စဉ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနှင့်  ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့  အပါအဝင် စစ်ကော်မရှင်တပ်သား၊ မိသားစုဝင် ၄၀၀၀ ကျော်ကို MNDAA  က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူများထဲမှာ စစ်သုံ့ပန်းမိသားစုဝင် ၃၀၀၀ ကျော်အား  ယမန်နှစ်တွင် ပြန်လွှတ်ပေးခဲ့ပြီး စစ်ကော်မရှင်တပ်သား ၁၀၀၀ ကျော်အား ဆက်လက် ဖမ်းဆီးထားသည်။

ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများအား ကွမ်လုံနှင့် လောက်ကိုင်မြို့များတွင် ထိန်းသိမ်းထားပြီး  သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေး မကောင်းသူများအား မကြာခဏဆိုသလို MNDAA က လွှတ်ပေးခဲ့သည် ဟု ပြန်လွှတ်လာသူများနှင့် နီးစပ်သူများထံက သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ကိုးကန့်တပ်မတော် (MNDAA) မှ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ တွင် ပြန်လွှဲပေးခဲ့စဉ်။ ဓာတ်ပုံ- The Kokang)

“ငယ်တဲ့သူတွေ ၊ ရာထူးကြီးတဲ့သူတွေ၊ ပညာရှင်တွေဆိုရင်တော့ ဆက်ထားတယ်။ အသက်ကြီးတဲ့သူ တွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေတော့ ကြိုကြားကြိုကြား လွှတ်ပေးတယ်။ အသိတွေထဲက လွတ်လာသူတွေ ပါလာတယ်” ဟု ပြန်လွတ်လာသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်‌နေ့တွင်  ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်သုံ့ပန်း ၅၀ ဝန်းကျင်အား MNDAA တပ်က ပြန်လွှတ်ပေးခဲ့သည်။

လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ဆေးတပ်ရင်း၊ ဝန်တင်တပ်ရင်း၊ အမှတ် (၆၂၆) ထောက်ပို့တပ်ရင်း၊ အမှတ် (၈) ပညာရေးတပ်၊ ခလရ-၆၈ တပ်ရင်း ၊ သံချပ်ကာတပ်ရင်း၊ စစ်လက်နက်ပစ္စည်းတပ်၊ ယာဉ်သိုလှောင်ရေးတပ်၊ ဆောက်လုပ်ရေးတပ်၊ ဆက်သွယ်ရေးတပ်များ အပြင် ခြေလျင်နှင့် ခြေမြန်တပ်ရင်းအချို့ သီးသန့်အခြေစိုက်ထားသည်။

ဖမ်းဆီးခံရထားရသူအများစုမှာ အဆိုပါတပ်ရင်းတပ်ဖွဲ့များမှ အများဆုံး ဖြစ်သည်ဟု စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများအဆိုအရ သိရသည်။
လားရှိုးမြို့နယ်တွင် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၇၀ကျော်၌ လူဦး ရေ သုံးသိန်းကျော်နေထိုင် သည်။

တရုတ်နိုင်ငံ၏ ဖိအားကြောင့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကော်မရှင်ထံ  ပြန်လွှဲပေးခဲ့ရသော် လည်း၊ လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၇၀ ကျော်ကို MNDAA က သိန္နီခရိုင်အတွင်း ထညိ့သွင်း ထားကာ ဆက်လက်အုပ်ချုပ်နေသည်။

လားရှိုးမြို့နှင့် မိုင် ၄၀ အကွာ မိုင်းရယ်မြို့နှင့် သီပေါမြို့အစပ်ထိ MNDAA က ထိန်းချုပ်ထားသည်။

စစ်ကော်မရှင်ဘက်မှ လားရှိုး-မိုင်းရယ်လမ်းနှင့် သီပေါ -လားရှိုးလမ်းပိုင်း မှ MNDAA တပ်ဖွဲ့ဝင်များ  ဆုတ်ခွာပေးရန် ယခုလဆန်းတွင် တောင်းဆိုခဲ့ရာ  ဆွေးနွေမှု အဆင်မပြေဖြစ်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ သီပေါ-လားရှိုးလမ်းနှင့် မိုင်းရယ်-လားရှိုးလမ်းအား ယခုလ ၁၄ ရက်နေ့တွင် ပိတ်လိုက်သည်။

နောက်တစ်ရက် (နိုဝင်ဘာလ ၁၅ ရက်နေ့) တွင် မိုင်းရယ်-လားရှိုးလမ်းပိုင်းအား ပြန်ဖွင့်ပေးထားသော် လည်း သီပေါ-လားရှိုးလမ်းအား ဆက်လက်ပိတ်ထားသည်ဟု ရှမ်းမြောက်ဒေသခံများထံက  သိရသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းများ၌ နှစ်ဖက်တပ်များ အင်အားများ ဖြည့်တင်းထားကြပြီး ယခင်ထက် စစ်ဆေးမှုများ တင်းကျပ်နေသည်။

Related Articles

Back to top button