အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတ္တရာမြို့နယ်တစ်ခုလုံးကိုထိန်းချုပ်ရန် စစ်ကော်မရှင်တပ်ပြန်လည်ကြိုးပမ်း

နောင်ချို−ပြင်ဦးလွင် လမ်းကြောမှ စစ်ကြောင်း၊ မတ္တရာမြို့ပေါ်မှလာသည့် စစ်ကြောင်းများဖြင့် အရှေ့အနောက်ညှပ်ကာ မတ္တရာအရှေ့ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်များက ခွာစစ်အသွင်ဖြင့် ခုခံနေရသည်။

မန္တလေးမြို့၏မြောက်ဘက် မတ္တရာမြို့နယ်အရှေ့ပိုင်း ကျေးရွာအများအပြားကို စစ်တပ်ကထိုးစစ်ဆင် သိမ်းယူခဲ့ပြီး မတ္တရာမြောက်ဘက်ရှိ ကျေးရွာများကိုလည်း ဆက်လက်ထိုးစစ်ဆင်နေရာ မတ္တရာတစ်မြို့နယ်လုံးကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု စစ်ရေးရင်းမြစ်များက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)နှင့် မဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်က ပြီးခဲ့သည့်လမှစတင်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ထိုအခြေအနေသည် မတ္တရာမြို့နယ်တစ်ခုလုံးကို နယ်မြေစိုးမိုးရန် ကြိုးပမ်းလာခြင်းဖြစ်ပြီး တော်လှန်ရေး တပ်များက ခုခံနေရသည်ဟု မတ္တရာမြို့နယ်မှ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောပြသည်။

“မတ္တရာက အခြေအနေမကောင်းဘူးဗျ MDY-PDF ရော (မန္တလေး)ခရိုင် တပ်ပေါင်းစုတွေရော အစွမ်းကုန် ကာကွယ်နေရတယ်” ဟု ပြောသည်။

လတ်တလောတွင် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကင်းရွာ၊ မြောင်ဦး၊ ကျောက်ဆည်လေး၊ စခန်းသာ၊ ပြတိုက်၊ ရှမ်းရွာ၊ ရှားစေးချက်ကြီး၊ ညောင်ပင်သာ၊ မန်ကျည်းကုန်း၊ မြောင်းသစ် စသည့်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က နယ်မြေစိုးမိုးထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်နေ့ကလည်း စစ်ရေးအရအရေးပါပြီး ဆက်သွယ်ရေး အချက်အချာကျသော မတ္တရာ အရှေ့မြောက်ဘက်  အင်ကြင်းမြိုင်ကျေးရွာအနီးရှိ (၁၀၁၄)လေကြောင်းရန် တပ်စခန်းနှင့် မြောက်ဘက်ရှိ ဆည်တော်ကြီး ရေလှောင်တမံတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

စစ်ကော်မရှင်တပ်သည် မတ္တရာမြို့နယ်သို့ တိုက်ရိုက်ထိုးဖောက်နိုင်သည့် အရှေ့ဘက် နောင်ချို− ပြင်ဦးလွင် လမ်းကြောမှ စစ်ကြောင်း၊ မတ္တရာမြို့ပေါ်မှလာသည့် စစ်ကြောင်းများဖြင့် အရှေ့အနောက်ညှပ်ကာ 

မတ္တရာအရှေ့ပိုင်းနှင့်မြောက်ပိုင်းကို ထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်များက ခွာစစ်အသွင်ဖြင့် ခုခံနေသည်ဟုလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“ခုခံကာကွယ်သွားမယ် စစ်တပ်ဘက်က လေကြောင်းနဲ့ ဒရုန်းတွေရော အကုန်ထုတ်သုံးနေတာ။ စစ်တပ်က အခြားနေရာတွေထက်မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းဘက်ကို အကုန်ထုတ်သုံးနေတာ။ ကိုယ့်ဘက်က အင်အားမပြုန်းအောင် ခွာစစ်နဲ့လုပ်နေရတယ်” ဟု ပြောသည်။

မတ္တရာမြို့နယ်နှင့် ကပ်လျက်ရှိသည့် ပုသိမ်ကြီးမြို့နယ်တွင် မင်းကန်၊ ဘုတ်၊ သက္ကယ်ကျင်း၊ မြကန်သာ၊ သရက်ကိုင်း ကျေးရွာများတွင်လည်း အင်အားအများအပြားဖြင့် စစ်ကော်မရှင်တပ်က အထိုင်ချတပ်စွဲထားသည်ဟု သိရသည်။

မန္တလေးမြို့နှင့်မိုင်၂၀အကွာ မတ္တရာမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး(MDY-PDF)တို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မတ္တရာမြို့နယ်ရှိ စစ်ကော်မရှင်စခန်း ၃၀ ကျော်အပြင် ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေ စက်ရုံ အနီးရှိ စစ်စခန်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့် ရွှေတွင်းအနီးရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက်ခဲ့သည်။ ထို့နောက်  မတ္တရာမြို့နယ်တခွင်ကို စစ်ကော်မရှင်တပ်က တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ များပြားခဲ့ပြီး လူနေအိမ်ထောင်နှင့်ချီကာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ လူဦးရေ သိန်းနှင့်ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အကူအညီများလည်း လိုအပ်နေသည်။

Related Articles

Back to top button