အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွှတ်တော်အဆောက်အအုံများကို စက်ယန္တရားကြီးများ၊အလုပ်သမားထောင်ချီဖြင့် တက်သုတ်ရိုက်ပြင်ဆင်နေ 

ငလျင်ကြောင့် ပျက်စီးသွားသည့် လွှတ်တော်အဆောက်အအုံများကို မြေတူးစက်များ၊ ကရိန်းစက်ယန္တရားကြီး များဖြင့် ပြင်ဆင်နေကြပြီး ကုန်တင်ကားကြီးများဖြင့်လည်း ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်နေသည်ကို Myanmar Now က ရရှိထားသည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

ပြီးခဲ့သည့် မတ်လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသော လွှတ်တော်အဆောက်အအုံများကို စက်ယန္တရားကြီးများအပါအဝင် အလုပ်သမား ထောင်နှင့်ချီသုံး၍ စစ်ကော်မရှင်က ပြင်ဆင်နေကြောင်း လွှတ်တော်ဝန်ထမ်းများနှင့် အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

လွှတ်တော်ဝန်းထဲတွင် မြေတူးစက်များ၊ ကရိန်းစက်ယန္တရားကြီးများဖြင့် ပြင်ဆင်နေကြပြီး ၊ကုန်တင်ကားကြီးများဖြင့်လည်း ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်နေသည်ကို Myanmar Now က ရရှိထားသည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

လွှတ်တော် ဂိတ်ပေါက်ဝတွင်လည်း အလုပ်သမားရာနှင့်ချီ၍ အလုပ်ဝင်လုပ်ရန် စောင့်ဆိုင်းနေသည်ကို ထိုရုပ်သံဖိုင်တွင် တွေ့ရှိရသည်။

“တော်တော်လေးကို အင်တိုက်အားတိုက်ပြင်နေတာ၊ ငွေကလည်း မကြာဘူး၊ တန်းထုတ်ပေးတာ သူတို့တအားအရေးတကြီးမို့ ထင်တယ်”ဟု လွှတ်တော်ဝန်းထဲသို့ အဝင်အထွက်ရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ငလျင်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိ အဆောက်အအုံများထဲမှ စစ်ရုံးချုပ်နှင့်လွှတ်တော်အဆောက်အအုံ ပြင်ဆင်တည်ဆောက်ရေးကို စစ်အင်ဂျင်နီယာတပ်(GE) လက်အောက်ရှိအထူးဆောက်လုပ်ရေးတပ်များက တာဝန်ယူထားကြောင်း အင်ဂျင်နီယာ အသိုင်းအဝိုင်းမှစုံစမ်းသိရှိရသည်။

လွှတ်တော်အဆောက်အအုံကို ယခင်အားကစားဝန်ကြီးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးပိုင်ဆိုင်သည့် ACE ဆောက်လုပ်ရေး ကုမ္မဏီပိုင်ရှင် ဦးတင့်ဆန်းက ဆောက်လုပ်ခဲ့သည်။ယခုလွှတ်တော်အဆောက်အအုံ ပြင်ဆင်မှုတွင်လည်း ACE ကုမ္ပဏီပါဝင်သော်လည်းအခြားကုမ္ပဏီများ ပြင်ဆင်မှုတွင် ပါဝင်၊ မပါဝင်ကို အသေးစိတ်မသိရပေ။

လွှတ်တော်အဆောက်အအုံ ပြိုကျပျက်စီးပြီးနောက် နေပြည်တော်ဆောက်လုပ်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့်ကုမ္ပဏီများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ကြရန် အဆောက်အအုံ ပြန်လည်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

လွှတ်တော်အဆောက်အအုံ ပြင်ဆင်ရန် အလုပ်သမားများကို မြို့နယ်အလိုက် ကျေးရွာများမှ အလုပ်ကြမ်းခေါ်ယူ အသုံးပြုပြီး လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားသည်ဟု သိရသည်။ 

မှတ်ပုံတင်များနှင့် နာမည်စာရင်းစာရွက်များကို လွှတ်တော်ဂိတ်ပေါက်ဝတွင် ထားရှိခဲ့ရပြီး လက်ကိုင်ဖုန်းများ ကိုလည်း လွှတ်တော်ဝန်းထဲသို့ ယူဆောင်ခွင့်မပြုဟု လွှတ်တော်ဝန်းထဲသို့ အလုပ်သမားအဖြစ် အလုပ် လုပ်ဖူးသူ ဒေသခံ အမျိုသားတစ်ဦးကဆိုသည်။

လွှတ်တော်ဝန်းထဲတွင် အလုပ်သမားထောင်နှင့်ချီ အင်အားဖြင့် ပြုပြင်မှုများပြုလုပ်နေ၍လွှတ်တော်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဌာန ဝန်ထမ်းများ အလုပ်မရှိဟုလည်းယင်းဌာနမှ ဝန်ထမ်းအမျိုးသားတစ်ဦးက ထပ်မံအတည်ပြုပြောဆိုသည်။

ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံကို တွေ့ရပုံ။

နေပြည်တော်ရှိ ဝန်ကြီးဌာန အပျက်အစီးများနှင့် လွှတ်တော်အပျက်အစီးများကို ငလျင်လှုပ်ခတ်ပြီး ခုနစ်လကျော်ကြာမြင့်ချိန်အထိ စစ်ကော်မရှင်က အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။

ရွေးကောက်ပွဲ ကျင်းပပြီးချိန် လွှတ်တော်ခေါ်ယူရမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ လွှတ်တော် အဆောက်အအုံ ပြင်ဆင်မပြီးပါက ဒက္ခိဏသီရိမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC1)ကို လွှတ်တော် ယာယီအဆောက်အအုံအဖြစ် အသုံးပြုရန် ပြင်ဆင်ထားသည်ဟုလည်းလွှတ်တော်ဝန်ထမ်းအချို့ထံမှ စုံစမ်းသိရသည်။

စစ်ကော်မရှင်သည် ဝန်ကြီးဌာနများနှင့် လွှတ်တော်အဆောက်အအုံများကို ဦးစားပေးပြင်ဆင်နေပြီးလမ်းများပြင်ဆင်ရေးအတွက်ကိုမူ ဘဏ္ဍာငွေ အလုံအလောက် ချထားမပေးဟုလည်း စုံစမ်းသိရသည်။

“လူကြီးတွေသွားမယ့်လမ်းပဲ ဦးစားပေးပြင်ခိုင်းတာ ဒါတောင် ဘတ်ဂျက်ကို ချက်ချင်းမချသးဘူး၊စိုက်လုပ်ထားရတာ၊ အရင်ကဆို လမ်းတွေပျက်ရင် ပိုက်ဆံထုပ်ကားပေါ်တင်ပြီး တန်းပြင်ခိုင်းတာ၊အခု ဘတ်ဂျက်မရှိတော့ ငလျင်ထိထားတဲ့ အချို့လမ်းတွေဆို မပြင်ရသေးဘူး” ဟု လုပ်သက် ဆယ်နှစ်ကျော်ရှိ နေပြည်တော်နေ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

လွှတ်တော်သို့ သွားရောက်နိုင်သည့် အမှတ်(၁) ဂိတ်အဝင် ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကို အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်အရ ထိုအဆောက်အုံများ၏ ခန်းမဆောင်များ၊ မျက်နှာကြက်များပြိုကျပြီး အုတ်နံရံများလည်း ဆိုးရွားစွာပြိုပျက်နေသည်ကို တွေ့မြင်ရသည်။

ပျက်စီးသွားသည့် လွှတ်တော်အဆောက်အအုံများကို စစ်ခေါင်းဆောင်သွားရောက် ကြည့်ရှု့ခဲ့စဉ်။

Related Articles

Back to top button