စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင် ခြောက်ဦးကို အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖမ်းဆီးလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်ကွပ်ကဲရေးထံ လွှဲပြောင်းထားကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ပုလဲမြို့နယ်၊ ရေကျောရွာအနီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ခေါင်းဆောင်အား PLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးခဲ့ရာမှ ထိုသို့ ဖမ်းဆီးမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ကျေးရွာပအဖခေါင်းဆောင်ကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် လူအုပ်ထဲသို့ သေနတ်၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် PLA တပ်ဖွဲ့ဝင် ခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည် ဟု ပုလဲမြို့နယ် ပကဖ ဘက်က ဆိုသည်။
“ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စအဝဝကိုတော့ ခရိုင်ကွပ်ကဲရေးမှူးက ဆက်လက်တာဝန်ယူပါမယ်”ဟု ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုနန်းဝင်းက Myanmar Now ကို ပြောသည်။
ဖမ်းဆီးခံထားရသူများအနက် PLA ပုလဲမြို့နယ် နိုင်ငံရေးမှူးတာဝန်ယူထားသည့် ကိုနှင်းမောင် ဆိုသူ ပါဝင်ကြောင်း သိရသည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး PLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ၎င်းတို့ တပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးခံထားရသည့်ကိစ္စအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် ဆွေးနွေးညှိနှိုင်း နေကြောင်း၊ ဆွေးနွေးနေဆဲ ဖြစ်သဖြင့် အသေးစိတ်အချက်များကို ပြောကြားမရသေးကြောင်း ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့) နံနက်က Myanmar Now ကို ပြောသည်။
အဆိုပါဖြစ်ရပ်အပေါ် PLA တပ်ဘက်က အသေးစိတ်တုံ့ပြန်ဖြေကြားခြင်း မရရှိသေးဘဲ NUG လက်အောက်ခံ တပ်ဖွဲ့ များထံက ပြောဆိုချက်များကို ရရှိထားသည်။
၎င်းဖြစ်ရပ်အပေါ် ဆက်လက်ကိုင်တွယ်ဆောင်ရွက်သွားမည့် အခြေအနေနှင့်ပတ်သက်ပြီး NUG ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပုလဲနယ်အတွင်း PLA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း
ပုလဲမြို့နယ်၊ ရေကျောကျေးရွာအနီး ကျောက်ချောလမ်းပေါ်တွင် ရှိသော PLA စစ်ဆေးရေးဂိတ်ကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က တိုက်နယ် ပအဖ ခေါင်းဆောင် ဦးရွှေဝိုင်း ရောက်ရှိလာပြီး စစ်ဆေးဆောင်ရွက်နေမှုများ မလုပ်ရန်၊ လုပ်ဆောင်ပါကလည်း နယ်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုခဲ့သည်ဟု သိရသည်။
ထိုသို့ပြောချိန် PLA တပ်ဖွဲ့ဝင်များက ၎င်းကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြသည်ဟု ဦးရွှေဝိုင်းက ပြောသည်။
“သူတို့ (PLA) က ပြည်သူတွေစီးတဲ့ကားတွေကို စစ်နေကြတာ။ ကျွန်တော်ကလဲ ပြည်သူတွေလမ်းသွား လမ်းလာတွေ အနှောင့်အယှက်ဖြစ်ပါတယ် မစစ်ကြပါနဲ့။ တကယ်လို့ စစ်စရာရှိရင်လည်း နယ်ခံတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးမှ အလုပ်လုပ်ပါလို့ပြောတော့ သူတို့က ခင်ဗျားကဘာလဲ။ ပအဖ တိုက်နယ် တာဝန်ခံ လို့ပြောတာ”
“ ဘာ တိုက်နယ်လဲဆိုပြီး မျက်ခွက်ကို လက်သီးနဲ့ထိုးတာ အဲ့ဒီနားတင် နှစ်ချက်။ အဲ့ဒီပြီးတော့ နောက်နားကို ခေါ်သွားပြီး မျက်ခွက်ကို လေးချက်လောက် ဆက်ထိုးတယ်။ ရင်ဘတ်ကို ဆောင့်ကန်တယ်” ဟု ၎င်းက ဆိုသည်။
ထို့နောက် အနီးရှိ PLA စခန်းသို့ ခေါ်ဆောင်သွားပြီး ၎င်းကို ထိပ်တုံးခတ်ထားခဲ့ကြောင်း ဆက်ပြောသည်။
အသက် ၆၅ နှစ်အရွယ် ဦးရွှေဝိုင်းသည် ၂၀၂၂ ခုနှစ်ကတည်းက NUG အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ချိန်ကတည်းကပင် ရေကျောတိုက်နယ် ပအဖတွင် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
ရပ်ရွာဒေသခံများက ဦးရွှေဝိုင်း ဖမ်းဆီးခံရကြောင်း သိရှိချိန် PLA ဂိတ်ကို လာရောက်၍ ဦးရွှေဝိုင်းကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ရာ နှစ်ဖက် စကားအချေအတင် ဖြစ်ပွားခဲ့သည်။
ထို့နောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဦးရွှေဝိုင်းကို PLA စခန်းမှ ဂိတ်သို့ပြန်လည်ခေါ်ဆောင်လာချိန်တွင် ရောက်နှင့်နေသည့် PDFများ၊ ပကဖများနှင့် ဒေသခံများက ဦးရွှေဝိုင်း၏မျက်နှာတွင် ညိုမည်းဒဏ်ရာများ တွေ့ရှိပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကြသည်။ ယင်းနောက် PLA တပ်ဖွဲ့မှ ကိုနှင်းမောင်က ပစ်မိန့်ပေးခဲ့သည်ဟု ပုလဲ ပကဖဘက်က ဆိုသည်။
PLA တပ်ဖွဲ့ဝင်တစ်ဦးကို ဝင်ရောက်တားဆီးနေစဉ် PLA တပ်ဖွဲ့ဝင်နောက်တစ်ဦး ပစ်လိုက်သည့် ကျည်ဆန်သည် ယင်းမာပင်ခရိုင်၊ အမှတ် (၁၂) တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ညာဘက်လက် ထိမှန်ပြီး လက်သုံးချောင်း ပျက်စီးခဲ့ကြောင်းသိရသည်။
ထို့နောက် ပဋိပက္ခပြင်းထန်လာခဲ့ပြီး PLA တပ်ဖွဲ့ဝင်များမှ လူအုပ်ကြားထဲ လက်ပစ်ဗုံးတစ်လုံးပစ်ခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ပုလဲပကဖ ဘက်က ပြောသည်။
မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့်ထိစပ်နေသည့် ပုလဲမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ကိုထိန်းချုပ်ထား သော်လည်း ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ဆက်သွယ်ရေးအရ အချက်အချာကျသည့် ပုလဲမြို့နယ်တွင် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အပါအဝင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများလှုပ်ရှားကြသည်။
ပုလဲမြို့အနောက်ဘက် ၁၁ မိုင်ခန့်အကွာ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ ကန့်ဒေါင့်ကျေးရွာရဲစခန်းကို PLA ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ ယခုနှစ် ဇွန်လ ၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး နှစ်ပတ်ကျော်အကြာတွင် စခန်းသိမ်းနိုင်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်လေယာဉ်တစ်စီးကို ပစ်ချခဲ့သည်ဟု PLA က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ သက်တမ်းအရင်ဆုံးနိုင်ငံရေးအဖွဲ့ဖြစ်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ၏ အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် လက်နက်ကိုင်တပ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေသည်။
PLA ၏ ဖွဲ့စည်းပုံတွင် စစ်ကိုင်းတိုင်းကို အမှတ် (၁) စစ်ဒေသ၊ တနင်္သာရီတိုင်းကို အမှတ် (၈) စစ်ဒေသ၊ MNDAA ထိန်းချုပ်နယ်မြေတွင် အမှတ် (၉) စစ်ဒေသ၊ TNLA ထိန်းချုပ်နယ်မြေတွင် အမှတ် (၂) စစ်ဒေသဟု ဖွဲ့စည်းထားသည်။




