စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင် တပ်သားများက လယ်ရေသွင်းနေသည့် ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဝက်လက်မြို့နယ် တောင်ဘက်ကပ်လျှက်ရှိ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နှင့် ရွှေဘိုမြို့အခြေစိုက် စစ်ကော်မရှင်တပ်သားများသည် နိုဝင်ဘာလ ၃ ရက်နေ့က စပြီး စစ်ကြောင်းနှစ်ခုဖြင့် ဝက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ရွှေဘိုမြို့နယ်တွင် ခြေကုပ်ယူထားသည့် စစ်ကော်မရှင်တပ်သားများကလည်း ယနေ့ (နိုဝင်ဘာလ ၅ ရက်နေ့) တွင် ဝက်လက်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာနေသည်ဟု သိရသည်။
ဆားတောင်မြို့ဘက်မှထွက်လာသည့် စစ်ကော်မရှင် တပ်သားများသည် ယမန်နေ့ (နိုဝင်ဘာလ ၄ ရက်နေ့)
က ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာချိန် လှထွေရွာအနီး လယ်ထဲရေသွင်းနေသည့်အမျိုးသားသုံးဦး ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။
လှထွေဒေသခံ သုံးဦးသည် ည ၂ နာရီခန့်က ရွာအရှေ့ဘက် လယ်ကွင်းထဲသို့ ရေသွင်းနေချိန်တွင် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်တပ်သားများ၏ ပစ်ခတ်မှုကြောင့် အသက် ၅၈ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးပြီး အသက် ၃၄ နှစ်အရွယ် နှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသား နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ဒေသအခြေစိုက် နွေဦးအောင်ပွဲ တော်လှန်ရေးအင်အားစု တာဝန်ရှိသူ တစ်ဦးကပြောသည်။
“စစ်ကြောင်းက ညဘက်အပျောက်လာတဲ့အချိန် သူတို့ကိုတွေ့သွားလို့ ပစ်သတ်တာ သူတို့ကိုမြင်သွားလို့ လယ်တွေကြားထဲက အပျောက်လာတာ သူတို့နဲ့ထိပ်တိုက်တွေ့သွားတာ သူတို့လမ်းကြောင်းပေါ် ကျသွားတာ ပစ်သတ်ထားခဲ့တာ”ဟုအထက်ပါ နွေဦးအောင်ပွဲ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို လှထွေရွာနှင့် ရေတွင်းကုန်းရွာကြားရှိ စပါးခင်းအတွင်း တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ဆားတောင်မြို့မှ ထွက်လာသည့် စစ်ကြောင်းကို ရွှေဘို- မန္တလေး- မြစ်ကြီးနား လမ်းပေါ်ရှိရွာသာကြီးတွင် ခြေကုပ်ယူထားသည့် စစ်ကော်မရှင်တပ်သားအချို့က သွားရောက်ကြိုရန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။
ထိုစစ်ကြောင်းသည် ဝက်လက်မြို့နယ် မောက်ကဒီးရွာအား စီးနင်းကာ ဒေသခံများကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး အချို့ကို ပြန်လွှတ်ပေးပြီး အချို့ကို ဆက်ဖမ်းထားသည်ဟုလည်း အထက်ပါ နွေဦးအောင်ပွဲ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောသည်။
“စစ်ကြောင်းထိုးတဲ့အခါမှာ လမ်းကြောမကျွမ်းတော့ နယ်မြေခံတွေကိုဖမ်းတယ်။ ဖမ်းပြီးလမ်းကြော မေးတယ် လွတ်တဲ့သူလည်း လွတ်လာတယ် မလွတ်တဲ့သူလည်း မလွတ်သေးဘူး။ ခန့်မှန်းကတော့ အထဲမှာ ၁၀ ယောက်၊ ၁၅ ယောက်လောက်တော့ မလွတ်သေးဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအနီး စစ်ကော်မရှင်တပ်နှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ထိုတိုက်ပွဲတွင် စစ်ကော်မရှင်က လေကြောင်းမှအပြင်းအထန်ပစ်ခတ်တုံ့ပြန်ခဲ့သည်။

ရွာသာကြီးရွာသည် ရွှေဘို – မန္တလေးလမ်းနှင့် ဝက်လက် -မုံရွာလမ်းလေးခွဆုံတွင်ရှိပြီး ထိုရွာ၌ စစ်ကော်မရှင်တပ်သားများသည် ၂၀၂၂ ခုနှစ်ကတည်းက အထိုင်ချ တပ်စွဲထားသည်။
အောက်တိုဘာလ လကုန်ပိုင်းတွင်လည်း ရွာသာကြီးရွာသို့ စစ်အင်အားဖြည့်တင်းခဲ့သလို နိုဝင်ဘာလ လဆန်းတွင် စစ်ကိုင်း၊ ဆားတောင်မြို့ဘက်မှ ထွက်လာသည့် အင်အား ၁၅၀ ခန့်ပါ ထပ်ပေါင်း အင်အားဖြည့်ထားသည်။
ယနေ့ နံနက်ပိုင်းတွင် ရွာသာကြီးမှထွက်လာသည့် စစ်ကြောင်းက အနီးဝန်းကျင်ရှိ ရွာများကို စစ်ကြောင်းထိုးနေပြီး ရွာတောင်ကုန်းနှင့် တမာကုန်းရွာကိုလည်း နေ့လယ်ပိုင်းက စတင်မီးရှို့နေကြောင်း ဒေသတွင်း စစ်ရေးအခြေအနေများကိုဖော်ပြနေသည့် Wetlet informational network တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ဝက်လက်မြို့မြောက်ဘက် ကပ်လျှက်ရှိ ရွှေဘိုမြို့နယ်မှထွက်လာသည့် စစ်တပ်စစ်ကြောင်းတစ်ခုသည်လည်း ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် ရွှေဘို – မန္တလေး လမ်းမကြီးပေါ်ရှိ စိုင်နိုင်ကွေ့ ရွာကို ပစ်ခတ်စီးနင်းနေသည်ဟု သိရသည်။
ဝက်လက်မြို့နယ်ကို ဖြတ်သန်းသွားသည့် ရွှေဘို – မန္တလေးလမ်းပေါ်တွင် စိုင်နိုင်ကွေ့၊ လှတောနှင့်ရွာသာကြီးတို့တွင် စစ်တပ်က အခိုင်အမာခြေကုပ်ယူထားသည်။
“တောင်ဘက်ကလာတဲ့စစ်ကြောင်းက ရွာသာကြီးကိုလာပြီးတော့ ရွာသာကြီးပတ်ပတ်လည်ကို နယ်မြေ ရှင်းလင်းမယ်လို့ယူဆတယ်။ ရွှေဘိုဘက်က စစ်ကြောင်းကတော့ ရွှေဘိုတောင်ဘက် တကြောကို နယ်မြေရှင်းလင်းရေး လာချင်တယ်လို့ယူဆတယ်။ စိုင်နိုင်ကွေ့က စခန်းကိုလည်း ညအင်အားဖြည့်တင်းမယ်လို့ ယူဆရတယ်”ဟု Wetlet informational network မှတာဝန်ရှိသူ ကပြောသည်။
ဝက်လက်မြို့နယ်သည် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များထဲတွင် မပါဝင်သော်လည်း မြို့မြောက်ဘက် အမှတ် (၈) လေ့ကျင့်ရေးတပ်အခြေစိုက်ရာ ရွှေဘိုမြို့နယ်နှင့် မြို့တောင်ဘက်ရှိ စစ်ကိုင်းမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပမည့်မြို့နယ်များဖြစ်သည်။
စစ်ကော်မရှင် စစ်ကြောင်းများကြောင့် ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းမှ ရွာသာကြီး၊ထုံးဘို၊ တံတားဦး၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း၊ ကျီးကန်တောင်ရွာ၊ မြောက်ရွာ၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ရင်းမတော၊ ကိုကို့စု၊ ငှက်ပြောတော၊ တကောင်းတောင်၊ ကဒူးစသည့် ကျေးရွာများအပါအဝင် ဝက်လက်နှင့် ရွှေဘိုနယ်စပ်ရှိ စိုင်နိုင်လေး၊ စိုင်နိုင်ကြီးနှင့် အုန်းနှဲဘုတ်စသည့် ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အနွေးထည်တို့ လိုအပ်နေသည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်မည့် ရွေးကောက်ပွဲအပိုင်း (၁) ကိုမြို့နယ် ၁၀၂ မြို့နယ်၌ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး စစ်ကိုင်းတိုင်းမှ မြို့နယ် ၁၂ ခုပါဝင်သည်။ ရွေးကောက်ပွဲလုပ်မည့် မြို့နယ်အချို့တွင် စစ်တပ်က စစ်ရေးအရှိန်မြှင့်နေပြီးအရေးပါသည့် လမ်းပိုင်းများ နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။




