အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောင်းများဖွင့်ရန် ကြိုးပမ်းနေဟု စာသင်ကျောင်းဗုံးကြဲသည့် စစ်တပ်ခေါင်းဆောင်ပြော

ပြန်လည်ထိန်းချုပ်နိုင်သည့်ဒေသများတွင် ကျောင်းပြန်ဖွင့်ရန် အမိန့်ပေးထားသည်ဟု အာဏာသိမ်းခေါင်းဆောင်က အပစ်ရပ်စာချုပ် ၁၀ နှစ်ပြည့်နေ့တွင် ပြောသည်။

နိုင်ငံအနှံ့ စာသင်ကျောင်းများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးနှင့် ပတ်သက်၍ နောက်မကျစေရေးအတွက် စာသင်ကျောင်းများဖွင့်နိုင်ရန် ကြိုးပမ်းနေကြောင်း ယနေ့ (အောက်တိုဘာ ၁၅) တွင် ပြောသည်။

နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

“ကျွန်တော်မရှက်ပါဘူး။ တစ်ခါတလေတော့လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်လို့ ကျွန်တော့်ကို ပြောကြမှာပဲ။ တကယ့်အမှန်ပါပဲ။ ကျွန်တော်တို့မှာ ပညာရေး အားနည်းချက်ရှိတဲ့အတွက်ကြောင့် ပထမအဆင့်အနေနဲ့ KG+9 အထိ ရအောင် လုပ်ကြဖို့လိုပါတယ်” ဟု သူက ဆိုသည်။ 

မကြာသေးသည့် ရက်ပိုင်းက ပြန်သိမ်းနိုင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် စာသင်ကျောင်းများပြန်ဖွင့်ရန် အမိန့်ပေးထားသလို ကရင်နီ (ကယား) ပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ် ပြန်ဖွင့်နိုင်ရန်လည်း ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။

“ကျောင်းတွေမှာ စနေ၊ တနင်္ဂနွေ ရအောင်သင်ပေး။ သင်ပြီးသလောက်ကို စာမေးပွဲစစ်ပေးလိုက်။ ကျောင်းပိတ်ရက်တွေမှာလည်း ပြန်တက်ခိုင်း။ နွေရာသီကျောင်းပိတ်ရက်လည်း ကျောင်းတက်ခိုင်း၊ ကျန်ခဲ့တဲ့စာတွေပြန်လုပ်။ ပြီးရင်အဲဒီမှာ စာမေးပွဲတစ်ခါ ပြန်စစ်။ ဒီလိုနဲ့ ကလေးတွေမဆုံးရှုံးအောင်ပေါ့။ တစ်နှစ်ဆုံးရှုံးတယ်ဆိုတာ တော်တော်လေးကြီးမားပါတယ်” ဟု အာဏာသိမ်း ခေါင်းဆောင်က ပြောသည်။

၂၀၂၃ မေလ ၄ ရက်နေ့က တိုက်ခိုက်ခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နဘ် ချမ်းသာကျေးရွာ စာသင်ကျောင်း။ (ဓာတ်ပုံ – ပေးပို့)

အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်များကိုလည်း သားသမီးချင်း၊ ကျောင်းသားချင်း၊ မိဘချင်း ကိုယ်ချင်းစာကြရမည်ဟုလည်း သူက ဆိုသည်။

သို့သော်လည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စာသင်ကျောင်း အများအပြား ပျက်စီးခြင်း၊ ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများ သေဆုံးရခြင်းတို့နှင့် ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခြင်း မရှိပေ။

အာစာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် ၄ နှစ်အတွင်း စာသင်ကျောင်း ၂၄၅ ကျောင်း၊ ဆေးပေးခန်းနှင့်ဆေးရုံ ၃၇၀ တို့ကို ဗုံးကြဲတိုက်ခိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။

ကျောင်းများ ပြန်ဖွင့်ပြီး ပညာရေးဦးစားပေးမည်ဟု စစ်ခေါင်းဆောင် ပြောကြားသည့် ထိုအခမ်းအနားသို့  တက်ရောက်သူများထဲတွင်  ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဋ္ဌဟောင်း  စောမူတူးစေးဖိုး၊  ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းတို့ ပါဝင်သည်။

KNU ဥက္ကဋ္ဌဟောင်း   စောမူတူးစေးဖိုးက ဆွေးနွေးပွဲများ ပြန်လည် စတင်သင့်သည်ဟု အခမ်းအနားတွင် မိန့်ခွန်းပြောခဲ့သည်။

“NCA ကို အခြေခံတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည် စတင်ပြီး ပြည်သူအတွက် ငြိမ်းချမ်းရေးအမြန်ရအောင် အားထုတ်ဖို့လိုပါတယ်” ဟု သူက ဆိုသည်။

“နားလည်ယုံကြည်မှုတည်ဆောက်နိုင်သေးလားဆိုတာကတော့ သက်ဆိုင်သူတွေရဲ့လက်ထဲမှာရှိပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စာချုပ်လက်မှတ်ထိုးရုံပဲ မဟုတ်ပါဘူး”

KNU ပြောရေးဆိုခွင့်ရှိသူကမူ ခေါင်းဆောင်ဟောင်း ၂ ဦး၏ လုပ်ရပ်က အဖွဲ့အစည်းမူဝါဒကို ဆန့်ကျင်နေသည်ဟု  Myanmar Now ကို ပြောသည်။

“သူ့သဘောနဲ့သူ သွားတာပါ။ သူတို့တွေက အဖွဲ့အစည်းထဲမှာ ဘာတာဝန်မှလည်း မရှိတော့ပါဘူး။ သို့သော် KNU ရဲ့ သာမန်အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေမှုအပေါ်မှာ ဒီလိုလုပ်ခြင်းဖြင့် KNU ရဲ့ မူဝါဒအပေါ် တာဝန်ခံခြင်း လုံးဝမရှိဘဲ ဖီလာဆန့်ကျင်လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်” ဟု KNU  ပြောရေးဆိုခွင့်ရှိသူ  ပဒိုစောတောနီးက မှတ်ချက်ပေးသည်။

KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုကလည်း ထိုခေါင်းဆောင်ဟောင်းတို့မှာ အာဏာသိမ်းစစ်ကော်မရှင်ဖော်ဆောင်မည့် ငြိမ်းချမ်းရေးအကြောင်း နားလည်သူများမဟုတ်ဟု ဆိုသည်။

“သူတို့ ၂ ယောက်လုံးက အသက်ကလည်း ကြီးပြီး ခန္ဓာကိုယ်ခွန်အားရော စိတ်ခွန်အားရော၊ အတော်လေးကို လျော့ကျနေပြီဖြစ်တယ်။ သူတို့ခွန်အားတွေ မစွမ်းဆောင်နိုင်တဲ့အခါမှာ ငြိမ်းချမ်းရေးတစ်ခုတည်းကိုပဲ လိုလားပြီး စစ်ကော်မရှင်ကို ချည်းကပ်နေတာပေါ့။ သူတို့လိုလားတဲ့ငြိမ်းချမ်းရေးက စစ်မှန်တဲ့ငြိမ်းချမ်းရေးလား၊ အတုအယောင်ငြိမ်းချမ်းရေးလား သူတို့ဝေခွဲမတတ်တော့ဘူး” ဟု သူက ဆိုသည်။

KNU ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြာသေးမီက ကြေညာကာ လက်ရှိခေါင်းဆောင်များကို အမှုဖွင့်လိုက်သည့် အာဏာသိမ်းစစ်ကော်မရှင်က   မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆက်ဆံနေခြင်းဖြစ်ကြောင်း ကရင်လူမျိုး တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက မှတ်ချက်ပေးသည်။

“KNU ခေါင်းဆောင်ဟောင်းတွေကို အသုံးချပြီး KNU ကို နှိပ်ကွပ်ချင်တဲ့ ဆန္ဒရှိနေတယ်လို့မြင်ပါတယ်။ ဒီနေရာမှာသတိထားရမှာက KNU ကိုအကြမ်းဖက်အဖွဲ့ဖြစ်ကြေညာတာက နိုင်ငံရေးအရ အောက်လုံး ထိုးတာပါ။ အခုလို KNU ဥက္ကဋ္ဌဟောင်းနဲ့တကွ တချို့သောသူတွေကို အခမ်းအနားတက်ဖို့ ဖိတ်တာက နိုင်ငံတကာကို လိမ်လို့ရအောင် ပြယုတ်အနေနဲ့လုပ်တာပါ” ဟု စောဘဦးလေးက Myanmar Now ကို ပြောသည်။

KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့က စစ်ကော်မရှင်တပ် ကျင်းပသည့် ထိုအခမ်းအနားသို့ တက်ရောက်ခြင်း မပြုကြရန် အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက် ထုတ်ထားသည်။ 

NCA ၁၀ နှစ်ပြည့်ပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဓာတ်ပုံ –  MRTV)

ယနေ့ ပွဲတက်သည့် နိုင်ငံတကာဧည့်သည်များထဲတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း၊ အိန္ဒိယသံအမတ်ကြီး မစ္စတာ ရှရီ အာဘေး တာကူး၊ ထိုင်းနိုင်ငံမှ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC)၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ်တို့ ပါဝင်သည်။

အင်ဒိုနီးရှားစစ်ဦးစီးချုပ်ဟောင်း၊  ထိုင်းစစ်ဦးစီးချုပ်ဟောင်း၊  ထိုင်းသံအမတ်ဟောင်းတို့လည်း ပါဝင်သည်။

NCA စာချုပ်ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင်ချုပ်ဆိုရာ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့ကပါ အသိသက်သေ အဖြစ် ပါဝင်ခဲ့ကြသည်။

ကနဦးတွင် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ ပါဝင်ပြီး  ၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့လည်း ပါဝင်လာသည်။  

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အခြေစိုက် အင်အားကြီးလက်နက်ကိုင်အဖွဲ့များ ပါဝင်ခြင်း မရှိပေ။

Related Articles

Back to top button