မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးဒေသဖြစ်သော တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ ၊ ထီးခီးကျေးရွာတွင် တစ်ပတ်အတွင်း သုံးကြိမ် ဗုံးကြဲနေသဖြင့် လူ ၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ ရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ဒေသခံများထံက သိရသည်။
အောက်တိုဘာလ ၈ ရက်နေ့၊ ၁၀ ရက်နေ့နှင့် ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်နေ့)တို့တွင် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
ယမန်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ထီးခီးကျေးရွာအတွင်း တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်၍ အဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“မနေ့က ဂျက်ဖိုက်တာတစ်စီး ဗုံးလာကြဲတာပေါ့နော်။ ဆိုင်တစ်ဆိုင် ထိတယ်၊ အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောဒါးကိုက ပြောသည်။
နယ်စပ်အပြင် တနင်္သာရီတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်လာကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာရော သရက်ချောင်းမှာရော ခပ်စိပ်စိပ် ဗုံးကြဲတာတော့ရှိတယ်၊ သုံးသပ်တာကတော့ ရွေးကောက်ပွဲမတိုင်ခင် လေကြောင်းတိုက်ခိုက်မှုကို ပိုလုပ်လာတာပေါ့” ဟု ရဲဘော်စောဒါးကိုက ဆိုသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ကလည်း ထီးခီးကျေးရွာကို လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သည့်အပြင် စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပစ္စည်းများ ပျက်စီးခဲ့ရပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေ ရကြောင်း သိရသည်။
အလားတူ ထီးခီးကျေးရွာကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီကျော်နှင့် မွန်းလွဲ၂ နာရီကျော် အချိန်တို့တွင် Y12 လေယာဉ်ဖြင့် ၁၀ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပြီး ၁၂၀ မမ ဗုံးသီး ၄၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ထိုလေကြောင်းတိုက်ခိုက်မှုများအတွင်း နေအိမ်အချို့ပျက်စီးခဲ့ပြီး ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း လူသေဆုံးမှု မရှိကြောင်း ထားဝယ်ခရိုင်မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထီးခီးကျေးရွာကို အဆက်မပြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံ ၄၀၀ ကျော်ခန့်သည် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်၊ ဥယျာဉ်များတွင် ခိုလှုံနေရကြောင်း ဆိုသည်။
ထိုင်းနိုင်ငံဘက်အခြမ်း ဖူနန်ပရွမ်ရွာနှင့် ထိစပ်နေသည့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ထီးခီး ဒေသရှိ စစ်တပ်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့က ထိုးစစ်ဆင်တိုက်ခိုက်၍ ယခုနှစ် မေလ ၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် ထားသည်။
KNU ထိန်းချုပ်ပြီးနောက် ထိုင်းအာဏာပိုင်များက ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဇူလိုင်လ ၅ ရက်နေ့မှစ၍ ကုန်တင်ယာဉ်များနှင့် လူအဝင်အထွက်ခွင့်ပြုခဲ့သည်။ ယင်းနောက် ထီးခီးဒေသတွင်း နေထိုင်သူများအတွက် စားသောက် ကုန်များရောင်းချရန် ထိုင်းဘက်က ခွင့်ပြုထားခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU ) အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၄) နယ်မြေ အတွင်းပါဝင်သော ထားဝယ်ခရိုင်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်မှာ ပြည်သူများ အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း စောဒါးကိုက ဆိုသည်။
“အခု လေကြောင်းတိုက်ခိုက်မှုဆိုတာက တိုက်ပွဲမရှိတဲ့နေရာ ဖြစ်တယ်၊ ဒေသခံပြည်သူလူထုကို နေလို့မရအောင် အိုးအိမ်ကို အသားလွတ် လိုက်ဖျက်ဆီးတယ်။ ပြီးတော့ KNU ထိန်းချုပ်နယ်မြေတွေ တည်ငြိမ်မှုတွေ လုံခြုံမှုတွေ မရှိအောင် လုပ်ဆောင်တယ်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းတွေကို လိုက်လုပ်တာရှိတယ်၊ ပြည်သူလူထုကို ထွက်ပြေးဖို့ အတွက်” ဟု ရဲဘော်စောဒါးကိုက ပြောသည်။
ထီးခီးဒေသရှိ စစ်ကော်မရှင်တပ်စခန်းများ ဖြစ်သည့် ထီးထာဗျူဟာ၊ ဗောဓိစခန်း၊ ထီးခီးနယ်စပ်စခန်းနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်အပါအဝင် အခြားစခန်းများကို KNU က တိုက်ခိုက်သိမ်းပိုက်ထားသည်။
တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း တိုက်ပွဲနှင့် လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀,၃၀၀ ကျော်အထိရှိခဲ့သည်ဟု တနင်္သာရီအခြေစိုက် လေ့လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် FE5Tanintharyi က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုအထဲတွင် ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့်ခွာရသူ အနည်းဆုံး ၄၀၃၀၀ ကျော်ပါဝင်ပြီး မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်များတွင် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၄၀၀၀၀ ကျော်ရှိခဲ့သည်။



