နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တောင်ဘက်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်း ကို ယနေ့(အောက်တိုဘာလ ၈ ရက်) နံနက်အစောပိုင်းတွင် စစ်ကော်မရှင်လေတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် နှစ်ဦး ထက်မနည်း ထိခိုက်သေဆုံးမှုများရှိကြောင်း စုံစမ်းသိရှိရသည်။
ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းသည် နွားထိုးကြီးမြို့နှင့် ခြောက် မိုင်ခန့်အကွာ မကျီးကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဖြစ်ပြီး ကျောင်းအလယ်တည့်တည့်ကို ထိမှန်ခဲ့ကြောင်း အမည်မဖော်လိုသည့် နွားထိုးကြီးဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ဂျက်ဖိုက်တာ (တိုက်ခိုက်ရေး ရဟတ်ယာဉ်) နဲ့ချသွားတာ။ ကျောင်းအလယ်ခေါင်တည့်တည့်မှာ ကျသွားတာ။ အခုမနက်ခင်းပိုင်းပါပဲ။ နှစ်ခါချသွားတာ။ ဗုံးလေးလုံးလောက်ဖြစ်မယ်”
“ခြေထောက်ပြတ်တဲ့သူရယ်၊ လက်ပြတ်တဲ့သူရယ်ရှိတယ်ပေါ့။ အမျိုးသမီးတွေ သေဆုံးတာရှိတယ်။ သံဃာတော်တွေလည်းပါတယ်။ အခုလောလောဆယ် သေဆုံးတာ နှစ်ယောက်လို့တော့သိထားတယ်” ဟု ၎င်းက ပြောသည်။
ယခုလဆန်းပိုင်းမှစတင်ကာ နွားထိုးကြီး မြို့တောင်ဘက် နွားထိုးကြီးနှင့် မလှိုင်ကားလမ်းမ၏ အရှေ့ဘက်ခြမ်း သူဌေးကုန်းကျေးရွာအနီးစစ်ကော်မရှင်တပ်နှင့် ဒေသအခြေစိုက်တော်လှန်ရေအဖွဲ့များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်သည်။
နွားထိုးကြီးတောင်ဘက် တစ်ကြောကို စစ်ကော်မရှင်က လေကြောင်းမှ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေပြီး ယနေ့မနက်တိုက်ခိုက်မှုတွင် ကလေးငယ်များအပါဝင် အများအပြား ထိခိုက်ဒဏ်ရာရသွားသည်ဟုလည်း နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။ အသေးစိတ်စာရင်းကို ကောက်ယူနေဆဲဟုလည်း ၎င်းကဆိုသည်။
“သက်သက်ကို ဘုန်းကြီးကျောင်းကို ကြဲသွားတာ။ မကျီးကုန်းကတော့ တိုက်ပွဲမရှိဘူး။ နေ့တိုင်းလာကြဲ နေတာဆိုတော့ အဆောက်အအုံတွေပျက်စီးတယ်။ အဓိကတော့ လေကြောင်းပဲ။ နားရင် ခဏပဲ” ဟု ပြောသည်။
တိုက်ပွဲများကြောင့် နွားထိုးကြီးဒေသခံများသည် တိုက်ပွဲမရှိသော ကားလမ်းမအနောက်ဘက်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။သူဌေးကုန်းနှင့် အောင်ပန်းကုန်ရွာမှ ဒေသခံများသည့် မကျီးကုန်းကျေးရွာဘက်သို့ တိမ်းရှောင်ခဲ့ကြပြီး ယနေ့နံနက် တိုက်ခိုက်မှုကြောင့် အောင်ပန်းကုန်ရွာဒေသခံ စစ်ဘေးရှောင်အများအပြား ထိခိုက်ခဲ့သည်ဟုလည်း သိရသည်။ ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့ပြီးနောက် မန္တလေးတိုင်းအတွင်း နယ်မြေစိုးမိုးမှု အသာစီးရရန် ကြိုးပမ်းလာနေသည်။ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အတွင်း ဒေါ်သီတာယုမွန်ဦးဆောင်သည့် ပျူစောထီးတပ်များနှင့် စစ်တပ်ပူးပေါင်းအဖွဲ့များက လေကြောင်း ဗုံးကြဲခြင်း အပြင် လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြု၍ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်နေသည်။
ထိုသို့တိုက်ခိုက်ရာတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများရှိသလို စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့မှုကြောင့် အရပ်သားများသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်းရှိသည်ဟု ဒေသခံများကပြောသည်။
တိုက်ခိုက်ရေး လေယာဉ်များ၊ ပါရာမိုတာ (စက်တပ်လေထီး)နှင့် ဂျိုင်ရိုကော်ပရာ (နှစ်ယောက်စီး ရဟတ်ယာဉ် ငယ်) များ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လူသေဆုံးထိခိုက်မှုများလည်း ရှိနေသည်။
ဧရာဝတီမြစ်အရှေ့ဘက် ဖိုခနောက်ဆိုင် တည်ရှိသည့် မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့သည် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည်။
မြေပြင်စစ်ကြောင်းများ မစိုးမိုးနိုင်သည့် စစ်ကော်မရှင်သည် ၎င်းတို့အားသာသည့် လေကြောင်းကို အားပြု တိုက်ခိုက်လေ့ရှိသည့်။ ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ အခါကြီးရက်ကြီးသမယတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုကျေးရွာ သီတင်းကျွတ်မီးထွန်းပွဲကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲချခဲ့မှုကြောင့် ကလေးများ၊ အရပ်သားများနှင့် ကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် သေဆုံးသူ နှစ် ဒါဇင်နီးပါးရှိပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရခဲ့သည်။



