၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ (ERO) များ၏ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့သောသမိုင်းကြောင်းက နှစ်ပေါင်း ၇၇ နှစ် ရှိပြီ ဖြစ်ပြီး၊ ထိုကာလအတွင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့သစ်များ ပေါ်ပေါက်ခဲ့ကြသလို၊ ခေါင်းဆောင်သစ် များလည်း မျိုးဆက်လိုက် ပေါ်ပေါက်ခဲ့ကြသည်။
၂၀၀၉ ခုနှစ်တွင် အသစ်ပေါ်ပေါက်လာသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် အဖွဲ့တည်ထောင်သူ ထွန်းမြတ်နိုင်သည် အခြားသော ERO များနှင့်နှိုင်းယှဉ်ပါက သက်တမ်းအလွန်နုပါသည်။ သို့သော် ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုအောက်တွင် ULA/AA လက်ရှိ ရရှိထားသော ရခိုင်ပြည်နယ်ရှိ စစ်ရေး အောင်မြင်မှုများက သက်တမ်းရင့် ERO များပင် မစွမ်းဆောင်နိုင်ခဲ့သော အောင်မြင်မှုအဖြစ် စံချိန်တင်နိုင်ခဲ့ သည်။
“၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့ ထဲတွင် AA သည် ရခိုင်စစ်မျက်နှာတွင် မနားတမ်း စစ်ဆင်နွှဲနေပြီး၊ သိမ်းပိုက်ထားနိုင်ခဲ့သော နယ်မြေများ ပြန်လည်လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း မရှိသေး သော တစ်ခုတည်းသော ERO ဖြစ်သည်။ ထို့အပြင် ကိုးကန့် (MNDAA) နှင့် တအာင်း (TNLA) အဖွဲ့များနှင့် အသွင်ကွဲပြားသော AA တပ်ဖွဲ့၏ ခေါင်းဆောင်မှု၊ နိုင်ငံရေးအမျှော်အမြင်၊ လက်တွေ့ကြိုးပမ်းမှုများက စိတ်ဝင်စား စရာ ဖြစ်လာသည်က မငြင်းနိုင်ပါ။
တစ်ချိန်တည်းမှာပင် ရခိုင်ဒေသတွင် ကာလကြာရှည်တည်ရှိခဲ့သော လူမျိုးရေးပဋိပက္ခကြီး၊ ရခိုင်ပြည်နယ် ပထဝီနိုင်ငံရေး မဟာဗျူဟာအကျိုးစီးပွား ဆုံချက်ဖြစ်နေခြင်း၊ အိမ်နီးချင်းအင်အားကြီး တရုတ်နှင့် အိန္ဒိယ နိုင်ငံကြီးနှစ်ခု၏ အကျိုးစီးပွားများ ကြီးကြီးမားမား တည်ရှိနေခြင်းက အခြား ERO များ ရင်ဆိုင်ရခြင်းမရှိသော အခက်အခဲများကို AA သည် တစ်ပါတည်း အမွေဆက်ခံ ကိုင်တွယ်ဖြေရှင်းလာရသည်။
ထိုအခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်မည်ဆိုလျှင် AA ခေါင်းဆောင် ထွန်းမြတ်နိုင်အတွက် တောက်ပသော အနာဂတ်တစ်ခုက စောင့်ကြိုနေပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းတွင် မြန်မာပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေးနိုးကြားမှုကို ရှေ့ဆောင်နိုင်ခဲ့သော ရခိုင်ဆရာတော် ဦးဥတ္တမ ပြီးလျှင်၊ ရခိုင်လူမျိုးများအကြားတွင်သာမက မြန်မာပြည်သူတစ်ရပ်လုံး၏ အမျိုးသားခေါင်းဆောင်အဆင့်ထိ တက်လှမ်းနိုင်မည့် အခွင့်အလမ်း ရှိနေပါသည်။ ထိုအခွင့်အလမ်းအတွက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ဗိုလ်ချုပ် အဆင့်မှ နိုင်ငံတစ်ခု၏ နိုင်ငံရေးခေါင်းဆောင် အဆင့်သို့ ကူးပြောင်းရန် ထွန်းမြတ်နိုင် ကျော်ဖြတ်ရမည့် အခက်အခဲများက အလွန်များပြားလှသော်လည်း၊ မဖြစ်နိုင်သော အရာ မဟုတ်ပါ။
ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှု အတွေးအခေါ်က အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်လာနေသည်ကို သတိပြုမိပါသည်။ ၎င်းကိုယ်တိုင် မူလက ရည်ရွယ်ချမှတ်ထားခဲ့သော ရခိုင်အမျိုးသားရေး ရက္ခိတလမ်းစဉ် (The Way of Rakhita) သို့မဟုတ် ရခိုင် တစ်မျိုးသားလုံး လွတ်မြောက်ရေးကို AA ၏ အခြေခံအုတ်မြစ်အတွေးအခေါ်အဖြစ် ခိုင်မာစွာကိုင်စွဲထားသည့် တစ်ပြိုင်နက်ထဲမှာပင်၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မှသာ ရက္ခိတလမ်းစဉ် အောင်မြင်နိုင်မည်ဆိုသော၊ လက်တွေ့ အရှိတရားအပေါ် ထင်ဟပ်သော ထွန်းမြတ်နိုင်၏ ပြောဆိုချက်များက AA ကို ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးလမ်းကြောင်းဆီသို့ တွန်းပို့ခဲ့ပြီလား၊ ထွန်းမြတ်နိုင်သည် ရခိုင်အမျိုးသားရေးခေါင်းဆောင်အဆင့်မှကျော်လွန်သော မျှော်မှန်းချက်များ ရှိနေပြီလား၊ ဆိုသည့်အချက်ကို ဤဆောင်းပါးတွင် ဆန်းစစ်လေ့လာ သုံးသပ်တင်ပြသွားမည် ဖြစ်သည်။
သိပ်သည်းကျစ်လစ်သော ခေါင်းဆောင်မှု
ERO များထဲတွင် ရှင်းလင်းသော နိုင်ငံရေးလမ်းစဉ်၊ သိပ်သည်းကျစ်လစ်သော ခေါင်းဆောင်မှု၊ မှန်ကန်သော စစ်ရေးမဟာဗျူဟာ ချမှတ်နိုင်မှုတို့က ယနေ့ AA အောင်မြင်မှုများ၏ အကြောင်းတရားများအဖြစ် တွေ့မြင်နိုင် ပါသည်။ ထို့အတူ AA အောင်မြင်မှုများ၏ ပဲ့ကိုင်ရှင် ထွန်းမြတ်နိုင်သည် စစ်ရေးခေါင်းဆောင်တစ်ဦး အဆင့်မှ နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ အရည်အသွေးများကို တဖြည်းဖြည်းချင်း ထုတ်ဖော်ပြသလာနေသည်ကို ယခု အခါ တဖြည်းဖြည်း တွေ့မြင်နေရပြီ ဖြစ်သည်။
AA ၏ စစ်ရေးအောင်မြင်မှုများက ပြည်တွင်းစစ်သမိုင်းတစ်လျှောက် စစ်တပ်ကသာလျှင် အောင်နိုင်သူ ဆိုသည့် မှတ်တမ်းကို ရိုက်ချိုးပစ်ခဲ့သည်။ ထိုအောင်ပွဲများ၏ ရင်းမြစ်ကို ပြန်လည်ဆန်းစစ်ကြည့်သည့်အခါ အာဏာ သိမ်း စစ်တပ်သည် AA ကို လျှော့တွက် အထင်သေးခဲ့ခြင်းကြောင့်လား၊ သို့မဟုတ် AA ၏ သိပ်သည်းကျစ်လစ် သော ခေါင်းဆောင်မှုနှင့် စစ်ရေးဗျူဟာကောင်းမှုကြောင့်လား၊ နှစ်ခုစလုံး ဖြစ်နိုင်ပါသည်။
ပြည်တွင်းနိုင်ငံရေးအသွင်ကူးပြောင်းမှုများနှင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအကြား အာဏာလုပွဲများဖြင့် အလုပ်ရှုပ်နေခဲ့သော ဆယ်စုနှစ် (၂၀၁၀ – ၂၀၂၀) အတွင်း ကချင်ပြည်နယ်မှ ထောင်နှင့်ချီသော ၎င်းတို့၏ တပ်ဖွဲ့များနှင့် လက်နက်ခဲယမ်းများကို စစ်ပွဲလုံးဝမရှိသော ရခိုင်ပြည်နယ်အတွင်းသို့ ခြေသံလုံလုံဖြင့် စနစ် တကျ ရွှေ့ပြောင်းခြေကုပ်ယူနိုင်ခဲ့သော AA သည် ခေါင်းဆောင်မှုနှင့် စစ်ရေးအစီအမံများ၏ သိပ်သည်း ကျစ်လစ်စွာ ဗျူဟာမြောက် ဖော်ဆောင်နိုင်ခဲ့မှုသည် ပြောင်မြောက်သေသပ်လှပပေသည်။
ရခိုင်မြေပေါ် ပထမဆုံးအကြိမ် ပြန်လည်ခြေချနိုင်ခဲ့သော AA ခေါင်းဆောင် ထွန်းမြတ်နိုင်က AA ၏ လက်ရှိစစ်ရေး အောင်မြင်မှု များနောက်ကွယ်တွင် အပင်ပန်းခံကြိုးပမ်းခဲ့ရပုံကို မကြာသေးမီက ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ Strategy တွေ (ဗျူဟာတွေ) ကို အကောင်အထည်ဖော်မှုမှာလည်း သိုသိုသိပ်သိပ်နဲ့ လုပ်တယ်၊ စနစ်တကျလုပ်တယ်ဆိုတာကတော့ ဒါမျိုး မလုပ်လို့လဲမရပါဘူး…သိုသိုသိပ်သိပ်နဲ့ ဖြည်းဖြည်းချင်း အရမ်းကို အပင်ပန်းခံပြီးမှ ပြောသင့်တာကို ပြောနိုင်သလောက်ပြောပြီးမှ လုပ်နိုင်တာ အကုန်လုံးကို မရပ်မနားလုပ်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” ဟု သူက ဧရာဝတီကို ပြောပြသည်။
၂၀၁၇ ခုနှစ်တွင် လက်နက်မဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ မောင်းထုတ်ခဲ့သော မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် ကချင်ပြည်နယ်ရှိ KIA ဌာနချုပ် လိုင်ဇာတွင် တည်ထောင်ဖွဲ့စည်း ခဲ့သော AA တပ်ဖွဲ့များ ရခိုင်ဒေသသို့ ဝင်ရောက်လာပြီး၊ ရခိုင်မြေပေါ် ကောင်းစွာခြေကုပ်ရယူနိုင်ခဲ့ခြင်းကို ဟန့်တားနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ယင်းဖြစ်စဉ်ကို ပြန်လည်ဆန်းစစ်သည့်အခါ AA သည် ၎င်း၏ လှုပ်ရှားမှုများကို စစ်ခေါင်းဆောင်ပိုင်းက သတင်းအချက်အလက်မရရှိနိုင်လောက်အောင် ခြေသံလုံခဲ့ကြသည်။
သက်တမ်းရင့် ERO အဖွဲ့များပင်လျှင် ထိုကဲ့သို့ မစွမ်းဆောင်နိုင်ကြပါ။ အကြောင်းမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမည်ခံ၍ သက်တမ်းရင့် EROs ခေါင်းဆောင်ပိုင်းနှင့် ကြိမ်ဖန်များစွာ ထိတွေ့ဆက်ဆံဖူးသည့်အလျောက်၊ ၎င်းတို့၏ အမူအကျင့်များ၊ တွေးခေါ်ပုံ၊ မူဝါဒချမှတ်ပုံနှင့် ခေါင်းဆောင်မှုအတွင်းပိုင်း အခြေအနေကို စစ်တပ်သည် အသေးစိတ်လေ့လာထားပြီး ERO ခေါင်းဆောင်မှုပိုင်း ပြိုကွဲစေရန်နှင့် ခွဲထွက်အဖွဲ့များ ပေါ်ပေါက်စေရန် နည်းလမ်းမျိုးစုံဖြင့် အောင်မြင်စွာ ကြိုးပမ်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုဖြစ်စဉ်များကို KIA နှင့် KNU ကဲ့သို့ သက်တမ်းအရင့်ဆုံးနှင့် နာမည်အကြီးဆုံး ERO နှစ်ဖွဲ့အတွင်း ခါးသည်း စွာ ခံစားခဲ့ရသည်။ ။ ၂၀၀၉ ခုနှစ်မှ ရခိုင်မြေနှင့် အလှမ်းဝေးလှသော ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမြို့ တွင် စတင်ဖွဲ့စည်းပြီး KIA ၏ အကူအညီဖြင့် တပ်တည်ထောင်လေ့ကျင့်ခဲ့သော၊ ယခုအခါ သက်တမ်း ၁၆ နှစ် ရှိလာပြီဖြစ်သော AA တပ်ဖွဲ့၏ ခေါင်းဆောင် ထွန်းမြတ်နိုင်သည် ဝါရင့် EROs များထံမှ သေချာလေ့လာသင်ခန်းစာယူ ထားနိုင်ခဲ့ပုံရသည်။
ထွန်းမြတ်နိုင်သည် မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များကို မည်မျှလှည့်စားနိုင်ခဲ့သနည်းဆိုလျှင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် “၁၀၂၇ စစ်ဆင်ရေး” မစတင်မီအထိ၊ AA သည် ရခိုင်ပြည်နယ်ကို ငြိမ်းချမ်းသော စစ်မက်ကင်းစင်သော နယ်မြေအဖြစ် လိုလားဟန် ပုံဖော်ထားနိုင်ခဲ့သည်။ ရခိုင်တွင် စစ်တပ်နှင့် စစ်ပြေငြိမ်းပြထားကာ၊ တစ်နိုင်ငံလုံး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေချိန် ရခိုင်တွင် ရခိုင်သင်္ကြန်ကို စည်စည်ကားကား ကျင်းပပြခဲ့သည်၊ မင်းအောင်လှိုင်ကိုယ်တိုင် AA ကို အကြမ်းဖက်အဖွဲ့ အဖြစ်မှ ပယ်ဖျက် ပေးခဲ့သည်အထိ ရန်သူကို လှည့်စားနိုင်ခဲ့သည်။
၂၀၂၁ – ၂၀၂၃ ခုနှစ် ၂နှစ်တာ ကာလတိုအတွင်း တတိုင်းပြည်လုံး စစ်အာဏာသိမ်းမှု ဆန့်ကျင်နေသူတို့ကို နှိမ်နင်းရင်း စစ်ခေါင်းဆောင်များ အလုပ်များနေချိန်၊ ရခိုင်တွင် AA သည် စစ်အင်အား အလျင်အမြန် တိုးချဲ့ပြီး၊ စစ်ရေးပြင်ဆင်နိုင်ခဲ့သည်။ ထို့ကြောင့် သက်တမ်းရင့် ERO အားလုံးကို ကျော်ဖြတ်ပြီး၊ ပြည်တွင်းစစ်သမိုင်းတွင် မကြံဖူးသော စံချိန်တင် စစ်ရေးအောင်ပွဲများကို ရယူပြနိုင်ခဲ့ပြီး၊ ပြည်နယ်တစ်ခုလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့ သည်အထိ အောင်မြင်ခဲ့သည်။
လက်ရှိအချိန်ထိ AA ခေါင်းဆောင်မှုပိုင်း စုဖွဲ့မှုတွင် စစ်ဦးစီးချုပ် ထွန်းမြင့်နိုင်၊ ဒု-စစ်ဦးစီးချုပ် ညိုထွန်းအောင် နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ တို့ကိုသာ အများပြည်သူများ သိရှိခွင့် ရရှိကြသည်။ စင်စစ် ထိုခေါင်းဆောင် ၃ ယောက် နောက်ကွယ်တွင် သိပ်သည်းကျစ်လစ်သည့် ဒုတိယအဆင့်နှင့် တတိယအဆင့် ခေါင်းဆောင်မှု စုဖွဲ့မှု ပုံသဏ္ဌာန် ခိုင်ခိုင်မာမာ ရှိနေပြီး၊ AA ကို ခန့်မှန်းရခက်ခဲသော အဖွဲ့အစည်းအဖြစ် တွေ့မြင်ရသည်။ ယင်းသည် ၎င်းတို့ထက် အဆမတန် အင်အားသာလွန်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရာတွင် စစ်မဟာ ဗျူဟာအရ အရေးကြီးသော ဦးဆောင်မှုစွမ်းရည် ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံအနှံ့ရှိ တော်လှန်ရေးအင်အားစုများကို ရင်ဆိုင်နေရပြီး တပ်တည် တပ်ဖြန့်မှု ဗျူဟာရေးဆွဲရန် ခက်ခဲနေချိန်၊ EROs များနှင့် PDFs များ၏ အင်အားနှင့် တည်နေရာဆိုင်ရာ သတင်းအချက် အလက်များ တိတိကျကျ ရရှိနိုင်သည်နှင့်အမျှ မည်သည့်စစ်မျက်နှာတွင် တပ်အင်အား မည်မျှဖြန့်ကျက်ထား ရမည် ဆိုသည့် ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချနိုင်မည် ဖြစ်သည်။
ယခုနောက်ပိုင်း စစ်တပ်က တန်ပြန်ထိုးစစ်များဖြင့် နယ်မြေဒေသတချို့ ပြန်လည်သိမ်းပိုက်လာနိုင်ခြင်းသည် တော်လှန်ရေးတပ်များ၏ အခြေအနေကို ထောက်လှမ်းနိုင်မှုစွမ်းရည် တိုးတက်မြင့်မားလာနေကြောင်း ပြသ နေခြင်း ဖြစ်သည်။
ဤနေရာတွင် AA သည် အများပြည်သူသို့ သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ တစ်ဦးတည်းထံမှ၊ တစ်နေရာတည်းမှ၊ ကျစ်လစ်သိပ်သည်းစွာ ထုတ်ပြန်သော နည်းလမ်းကျင့်သုံးပြီး၊ ထွန်းမြတ်နိုင်နှင့် ညိုထွန်းအောင် ကဲ့သို့ ခေါင်းဆောင်များက သော်လည်းကောင်း၊ AA တပ်ရင်းတပ်ဖွဲ့များ၊ တပ်ရင်းမှူးအဆင့်များက သော်လည်းကောင်း ဆိုရှယ်မီဒီယာပေါ်တွင် စိတ်ထင်တိုင်း ပြောဆိုခြင်း၊ ထုတ်ပြန်ခြင်းမျိုး မပြုလုပ်ကြပါ။
ထို့အတူ AA သည် တပ်ဖွဲ့ဝင်များကို ဆိုရှယ်မီဒီယာတွင် စစ်ရေးဆိုင်ရာ ဓာတ်ပုံနှင့် အချက်အလက်များ ထုတ် လွှင့်မှုကို စည်းကမ်းတင်းကျပ်ထားခြင်းကြောင့် ဆိုရှယ်မီဒီယာတွင် အဓိက ခြေရာခံနေသော စစ်တပ်၏ နည်းပညာသုံးထောက်လှမ်းရေးယန္တရားများအတွက် AA နှင့်သက်ဆိုင်သော သတင်းရရှိမှု ခက်ခဲစေနိုင်သည်။
ယင်းသည် AA တပ်ဖွဲ့အတွင်း အမိန့်နာခံမှု အားကောင်းခြင်း (Chain of Command) ကို ဖော်ညွှန်းလျက်ရှိပြီး၊ စစ်ရေးနှင့် နိုင်ငံရေးခြေလှမ်းများတွင် အမှားနည်းသော အဖွဲ့အစည်းအဖြစ် တွေ့မြင်ရသည်။ ထိုအချက်များသည် AA ၏ သိပ်သည်းသော စစ်ရေးမဟာဗျူဟာ၏ ထူးခြားသော အရည်အသွေးများ ဖြစ်ပြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) တွင် အားနည်းချက် အဖြစ် တွေ့မြင်ရဆဲ ဖြစ်သည်။
အထူးသဖြင့် PDF တပ်ရင်းတပ်ဖွဲ့အသီးသီးသည် မိမိတပ်ရင်း ရပ်တည်ရေးအတွက် အွန်လိုင်းမှ ရန်ပုံငွေရှာဖွေ ရပ်တည်ကြသဖြင့် Facebook စာမျက်နှာ အသီးသီး ထောင်ကြပြီး၊ ရန်ပုံငွေအတွက် ၎င်းတို့တပ်ရင်းများ၏ လုပ်ဆောင်ချက်တို့ကို ထုတ်ပြန်နေကြခြင်းကြောင့် အဆင့်မြင့် အွန်လိုင်းထောက်လှမ်းရေး နည်းပညာများ အသုံးပြုလာနေပြီ ဖြစ်သော စစ်တပ်အတွက် သတင်းအချက်အလက် အလွယ်တကူစုဆောင်း ရရှိနေပြီး၊ စစ်တပ်၏ တန်ပြန်ထိုးစစ်တွင် အဓိကလိုအပ်သော စစ်အင်အားတွက်ချက်မှု ဆုံးဖြတ်ချက်အတွက် များစွာ အထောက်အပံ့ဖြစ်လျက် ရှိသည်။
ရက္ခိတအိမ်မက် နှင့် အန္တရာယ်ထောင်ချောက်များ
AA ခေါင်းဆောင် ထွန်းမြတ်နိုင်သည် ရက္ခိတအိမ်မက် (Arakan Dream) ကို ဟစ်ကြွေးခဲ့ချိန်က ယနေ့ကာလ ကဲ့သို့ ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး AA သိမ်းပိုက်နိုင်ထားနိုင်သည့် အဖြစ်မျိုး မည်သူမျှ စိတ်ကူးပင်ယဉ်ကြည့် ကြလိမ့်မည် မဟုတ်ပါ။ သို့သော် ယခုအခါ ထွန်းမြတ်နိုင်သည် ရခိုင်မြေပေါ် အောင်ပွဲရ စစ်သူကြီးအဖြစ် ခြေချ နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ထွန်းမြတ်နိုင်၏ ရက္ခိတအိမ်မက်ကို ဖျက်ဆီးမည့် အန္တရာယ်ထောင်ချောက်များလည်း အပြည့် ရှိနေပါ သည်။ အဆိုပါ ထောင်ချောက်များအနက် ပထမနှင့် အကြီးမားဆုံး ထောက်ချောက်မှာ ရိုဟင်ဂျာပြဿနာဖြစ်ပြီး၊ ဒုတိယ ထောက်ခြောက်မှာ AA ကို မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်နေသည့် အဖွဲ့အဖြစ် စွပ်စွဲလာခြင်း ဖြစ် သည်။ လက်ရှိ ရင်ဆိုင်နေရသည့် စွပ်စွဲချက်များသည် AA ၏ စစ်ရေးအောင်မြင်မှုများကြောင့် အလျင်အမြန်တိုးတက်လာနေသော နိုင်ငံရေးဂုဏ်သိက္ခာကို ဖျက်ဆီးပစ်နိုင်သော အခြေအနေရှိသည်။
ဘူးသီးတောင်မြို့နယ်ကို AA သိမ်းပိုက်ခဲ့စဉ်က ထန်းရှောက်ခံကျေးရွာတွင် ရိုဟင်ဂျာလူမျိုး ၆၀၀ ခန့်ကို အစု အပြုံလိုက် သတ်ဖြတ်ခဲ့သည် ဟု မကြာသေးခင်က နိုင်ငံတကာရောက် ရိုဟင်ဂျာများ ဖွဲ့စည်းခဲ့သည် အာရ်ကန် ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) က စွပ်စွဲခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Fortify Rights အဖွဲ့ကလည်း ထိုဖြစ်ရပ်မှ အသက်ရှင်လွတ် မြောက်လာသူ မျက်မြင်သက်သေတစ်ဦး ဆိုသူနှင့် အင်တာဗျူးနိုင်ခဲ့သည် ဟု ထုတ်ဖော်ပြောဆိုလာသည်။
အဆိုပါ စွပ်စွဲချက်က ကြီးမားပြင်းထန်လှကာ၊ နိုင်ငံတကာတွင် ပြန့်နှံ့သွားခဲ့ပြီးမှ AA က တုံ့ပြန်ဖြေရှင်းနိုင်ခဲ့သည်။ ဖြေရှင်းရာတွင် AA သည် တိုက်ရိုက်တုံ့ပြန်သည့်နည်းလမ်းကို မသုံးခဲ့ပါ။ ယင်းအစား ထန်းရှောက်ခံကျေးရွာရှိ ဖြစ်စဉ်ဖြစ်ပွားခဲ့သည် နေရာသို့ ဒေသခံရိုဟင်ဂျာများကို စေလွှတ် လေ့လာစေခဲ့ပြီး၊ သေဆုံးသူတို့၏ ကျန်ရစ်သောအထောက်အထားများမှာ စစ်ယူနီဖောင်းများ၊ စစ်ဦးထုပ်များနှင့် စစ်ကောင်စီတပ်သားများ၏ ရုပ်ကြွင်းများ ဖြစ်နေပြီး၊ ရိုဟင်ဂျာလူမျိုးဟု ယူဆရသော အထောက်အထားများ မတွေ့ရကြောင်း ဒေသခံရိုဟင်ဂျာများကိုယ်တိုင် သက်သေခံ ပြောဆိုချက်ကို သတင်းမီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပေးခဲ့သည်။
ထန်းရှောက်ခံဖြစ်စဉ် ဖြစ်ပွားခဲ့သောနေရာ၌ တွေ့ရှိရသော သက်သေအကြွင်းအကျန်များနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ထွန်းမြတ်နိုင်က “အဲ့ဒီတိုက်ပွဲမှာပါခဲ့တဲ့ တပ်မမှူး၊ ဒု-တပ်မမှူး အဆင့်ကနေ အဆင့်ဆင့်၊ စကစ တပ်ရဲ့ မိသားစုဝင်တွေ အကုန်လုံး ကျွန်တော်တို့မှာ သက်သေအနေနဲ့ ရှိနေတုန်းပဲ။ အဲ့ဒီဖြစ်စဉ်တွေမှာလည်း ဥပမာ အရိုးစုတစ်ခုကို ဓာတ်ပုံရိုက်ဖို့ အဲ့ဒီအရိုးစုကို ဆွဲထုတ်လိုက်တဲ့အချိန်မှာ စစ်ဖိနပ်ကြီးတွေနဲ့၊ သံခမောက်ကြီးတွေနဲ့ ဆောင်းပြီးပါလာတာ…အမှန်တရားတွေက သက်သေတွေနဲ့ ပြနေ တယ်” ဟု ပြောဆိုခဲ့သည်။ ထို့အပြင် ထန်းရှောက်ခံရွာသည် လူဦးရေ ၉၀၀ ခန့်ရှိပြီး၊ လက်ရှိတွင် ထိုရွာသား ၈၀၀ ခန့်ကို ထန်းရှောက်ခံရွာသစ်တွင် ပြန်လည်နေရချထားပေးပြီး၊ ယခင် ရွာလူကြီးကိုယ်တိုင် လက်ရှိတွင် အုပ်ချုပ်နေကြောင်း ဆက်လက်ရှင်းလင်းပြောဆိုခဲ့သည်။
ရိုဟင်ဂျာပြဿနာ၏ ရှုပ်ထွေးပွေလီမှုကို ကောင်းစွာသိရှိထားသော၊ ၎င်း၏ရှေ့တွင် ကမ္ဘာကြီးက လေးစားခြင်းခံထားရသည့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မည်ကဲ့သို့ ကြုံတွေ့ခဲ့ရသည်ကို မျက်မြင်ဆင်ခြင်သုံးသပ်ထားနိုင်သော ထွန်းမြတ်နိုင်သည် မကြာသေးမီက သေချာတွက်ချက်ထားသော လုပ်ဆောင်ချက် နှစ်ခုကိုလည်း အများပြည်သူသိရှိရန် ပြုလုပ်ခဲ့သည်။
ပထမ လုပ်ဆောင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း ခေါ် ကင်မ်အယ်ရစ် နှင့် အွန်လိုင်းမှ တွေဆုံခဲ့ခြင်း ဖြစ်ပြီး၊ ထိုသို့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် သူ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ထွန်းမြတ်နိုင်က ပြောဆိုခဲ့ပုံ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ပေးဘဲ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဟု ပြောဆိုခဲ့ပုံများကို ကိုထိန်းလင်းက ၎င်း၏ Facebook စာမျက်နှာကတစ်ဆင့် တရားဝင်အသိပေး ထုတ်ပြန်ခဲ့သည်။
ထွန်းမြတ်နိုင်၏ပြောကြားခဲ့မှု နောက်ကွယ်တွင် ရိုဟင်ဂျာပြဿနာ၌ မင်းအောင်လှိုင် စနစ်တကျ အကွက်ဆင်ထားသော ထောင်ချောက်ထဲကို ဒေါ်အောင်ဆန်းစုကြည် ကျရောက်ခဲ့ရသည်ဟု ယခုအခါ ၎င်း၏လက်ထဲတွင် ရရှိထားသော အထောက်အထားများအရ သိရှိ လက်ခံထားပြီး၊ ၎င်း၏ စာနာနားလည်မှုကို ဖော်ပြသကဲ့သို့ ရှိပါသည်။
ဒုတိယ လုပ်ဆောင်ချက်မှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုး လူမှုအသိုက်အမြုံ၏ ဗဟိုချက် မောင်တောမြို့ရှိ အကြီးဆုံး ဂျာမေဗလီကြီးကို ထွန်းမြတ်နိုင်ကိုယ်တိုင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည့် လုပ်ရပ်ဖြစ်သည်။ AA သည် ဒေသတွင်း ရိုဟင်ဂျာလူများနှင့် လက်တွေ့ကျကျ၊ သဟဇာတဖြစ်ဖြစ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရန် ကြိုးပမ်းနေသည့် ထိုသတင်းကို ထုတ်ပြန်ခြင်းဖြင့် နိုင်ငံတကာ၏ စွပ်စွဲမှုများကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ထိုလုပ်ဆောင်ချက် နှစ်ခုစလုံးကို ထွန်းမြတ်နိုင်သည် အချိန်ကိုက်ရွေးချယ်ပြီး၊ ပါးနပ်စွာ လုပ်ဆောင်နိုင်ခဲ့သည် ဟု ဆိုနိုင်ပါသည်။
ဒုတိယ စွပ်စွဲချက်က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲက AA သည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်နေသည် ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏ စွပ်စွဲချက်သည် မကြာသေးခင်က အာဏာသိမ်းတပ်၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ၎င်းတို့ဖမ်းမိခဲ့သော မူးယစ်ဆေးဝါး များမှာ AA တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည်ဟု ထုတ်ပြန်ခဲ့မှုအပေါ် ပဲ့တင်ထပ်လိုက် သကဲ့သို့ ရှိသည်။
ဤတစ်ကြိမ်တွင် AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ၏ တုံ့ပြန်ချက်များက သာမန်ငြင်းပယ်ချက်မျိုးမဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို မွေး မြူထားမှုများ စသည့် ရာဇဝတ်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း တန်ပြန်စွပ်စွဲလိုက်ခြင်း ဖြစ်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နယ်ခြားမျဉ်းဖြစ်နေသော နတ်မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေ သော ရေပိုင်နက် နယ်မြေအတွင်း ခိုးဝင်ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများ တိုး၍ဖမ်းဆီးရမိနေခြင်းကလည်း AA ၏ ရေပိုင်နက်လုံခြုံရေး တိုးချဲ့လွှမ်းမိုးလာနိုင်စွမ်းကို တွေ့မြင်နေရပြီး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်သည် ထိုအခြေအနေကို လက်တွေ့ရင်ဆိုင်နေရပြီ ဖြစ်သည်။
ထိုအခြေအနေတွင် တရုတ်နိုင်ငံ အစိုးရ၏ အကူအညီရယူပြီး တရုတ်နယ်စပ်အခြေစိုက် ERO အဖွဲ့များကို ထိန်းချုပ်ရန် ကြိုးပမ်းမှု အထိုက်အလျောက်အောင်မြင်လာသော မင်းအောင်လှိုင်သည် AA ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရေးအတွက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများ၏ အကူအညီကို ရယူရန် နည်းလမ်းပေါင်းစုံ အသုံးပြုလျက်ရှိရာ မူးယစ်ဆေးဝါစွပ်စွဲချက်သည် နည်းလမ်းတစ်ခု ဖြစ်သည်။ အဆိုပါ ထောက်ချောက်ကို AA ခေါင်းဆောင် ထွန်းမြတ်နိုင် သတိထားကျော်လွှားနိုင်ရန် လိုအပ်သည်။
မင်းအောင်လှိုင်၏ တတိယ ထောင်ချောက်က ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နှင့် အိန္ဒိယတို့၏ စီးပွားရေး အကျိုးစီးပွားများကိုဘမ်းပြပြီး၊ ထိုနိုင်ငံကြီးနှစ်ခုက AA ကို ဖိအားပေးရန် အကူအညီတောင်းခံသည့် နည်းလမ်း ဖြစ်သည်။ ယခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအားလုံးနှင့် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ တစ်စိတ် တစ်ပိုင်းသည် AA ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး၊ အိန္ဒိယအစိုးရ၏ ဒေါ်လာ သန် ၅၀၀ ကျော် ရင်းနှီး မြုပ်နှံထားသော ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ စစ်တွေ-ပလက်ဝ ရေလမ်းကြောင်း နှင့် ပလက်ဝ-အိန္ဒိယနယ်စပ် ကုန်းလမ်းကြောင်းတစ်ခုလုံး ပါဝင်သည်။ ထို့အပြင် AA သည် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းက နှလုံးသားသဖွယ် အရေးပါသော ကျောက်ဖြူမြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး၊ ယင်း သည် ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်မည့် AA ၏ ရည်မှန်းချက်ကို မစွန့်လွှတ်ကြောင်း သက်သေပြနေပါ သည်။
ထွန်းမြတ်နိုင်၏ အနာဂတ်ခေါင်းဆောင်မှု လားရာ
စစ်အာဏာသိမ်းမှု ၅နှစ်နီးပါး ကာလအတွင်း ထွန်းမြတ်နိုင်သည် ၎င်း၏ စစ်ရေးခေါင်းဆောင်မှု အရည်အသွေးကို မှတ်ကျောက်တင် သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ရခိုင်စစ်မျက်နှာတွင် မရှုမလှ စစ်ရှုံးနိမ့်ခဲ့ပြီး၊ ခါးသည်းစွာ အရှက်ရနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် AA ကို ခြေမှုန်းရန် ကောက်ကျစ်ဆုံး၊ အယုတ်မာ ဆုံး နည်းလမ်းများကို အချိန်နှင့်အမျှ ကြံစည်နေသည်ကို ထွန်းမြတ်နိုင် သတိမလစ်ဟင်းဘဲ တုံ့ပြန်နိုင်ရန် လိုအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးခေါင်းဆောင်သက်သက် မဟုတ်သော၊ ယခုအခါ အင်အားကောင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ကို ဦးဆောင်နေသော ထွန်းမြတ်နိုင်အတွက် ရခိုင်ပြည်သူများသာမက မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်မှုတွင် တိုင်းရင်းသားအားလုံးက အသိအမှတ်ပြုလက်ခံနိုင်သော နိုင်ငံရေးခေါင်းဆောင် အဖြစ် တက်လှမ်းနိုင်မည့် အလားအလာများ တွေ့မြင်နေရပါသည်။
သို့သော် တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးက တညီတညွတ်တည်း ထောက်ခံကြသော အမျိုးသားခေါင်းဆောင် ဆိုသည့် အဆင့်အတန်းသို့ ရောက်ရှိရန်မှာ အစွမ်းထက်သော လက်ရုံးရည် ပြည်စုံရုံမျှဖြင့် မလုံလောက်ဘဲ “ကြီးမြတ်သော နှလုံးရည်” ကို ပိုင်ဆိုင်ကြောင်း အစမ်းသပ်ခံ သက်သေပြရန် လွန်စွာအရေးကြီးလှပါသည်။
ဗမာလူများစုထဲမှ ပေါက်ဖွားလာသော ဗိုလ်ချုပ်အောင်ဆန်းသည် ထိုခေတ်အချိန်ကာလက လက်ရုံးရည်နှင့် နှလုံးရည် နှစ်မျိုးစလုံး ပြည့်စုံသော အမျိုးသားခေါင်းဆောင်အဖြစ် သက်သေပြနိုင်ခဲ့ပြီး၊ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် တိုင်းရင်းသားပေါင်းစုံ၏ ချစ်ခင်လေးစား ထောက်ခံမှုရရှိသော စစ်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်အဖြစ် သမိုင်းမှတ်တမ်း တင်ခဲ့သည်။
၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ် လက်အောက် ကျရောက်ခဲ့ရသော မြန်မာပြည်သူများ၏ ဒုတိယမြောက် လွတ်လပ်ရေးကြိုးပမ်းမှု ကာလသည် အလွန်ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နိုင်ငံရေးတာဝန်ကို ၁၉၈၈ ခုနှစ် အသက် ၄၃ နှစ်တွင် စတင်ရယူခဲ့ပြီး စံပြုထိုက်သော နှလုံးရည်ခေါင်းဆောင်မှုဖြင့် စစ်ခေါင်းဆောင်များကို ဒူးမထောက် အညံ့မခံဘဲ ယနေ့အချိန်ထိ အကျဉ်းထောင်ထဲမှ ခုခံနေလျက်ရှိပြီး၊ ယခုအခါ အသက် ၈၀ ပြည့်ခဲ့ပြီ ဖြစ်သည်။
၁၉၈၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးတွင် စတင်ဦးဆောင်ခဲ့ချိန်က ထွန်းမြတ်နိုင်သည် အသက် ၁၀ နှစ်သားအရွယ်သာ ရှိသေးသည်။ ၁၉၇၈ ခုနှစ် မွေးဖွားခဲ့သော AA ခေါင်းဆောင်သည် တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍ ရယူခဲ့သည့် အသက်အရွယ်သို့ ယခု ရောက်ရှိနေပြီ ဖြစ်သည်။
မျိုးဆက်သစ်ခေါင်းဆောင်တစ်ဦး ဖြစ်လာသော ထွန်းမြတ်နိုင်သည် ရခိုင်လူမျိုး တစ်မျိုးတည်း၏ ခေါင်းဆောင် လုပ်မည်လား၊ လူများစု ဗမာများအပါအဝင် တိုင်းရင်းသားပေါင်းစုံက ယုံကြည်ကိုးစားရသော အမျိုးသား ခေါင်းဆောင်အဆင့်အတန်းကို တက်လှမ်းမည်လား ဆိုသည်မှာ ၎င်းကိုယ်တိုင်၏ ရွေးချယ်မှုပင် ဖြစ်ပါလိမ့်မည်။



