ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးရွာအချို့ကို စက်တပ်လေထီး ငါးစီးက ဗုံးကြဲတိုက်ခိုက်ရာ ၁၅ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ အမျိုးသားသုံးဦး သေဆုံးသွားကြောင်း ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များထံက စုံစမ်းသိရှိရသည်။
စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅နာရီ နောက်ပိုင်း ပေါ်ပေါက်လာသည့် အဆိုပါတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီး သေဆုံးသူတို့မှာ ချင်းစုရွာမှ အသက် ၃၀ ကျော် အရွယ် ကိုချစ်ကောင်း၊ အသက် ၁၅နှစ် အရွယ် ကိုခန့်ကျော်သူနှင့် ကိုင်းကြီးကျေးရွာမှ အသက် ၃၀ကျော်အရွယ် ကိုတင်မျိုးမင်းတို့ ဖြစ်သည်။
ဒေသခံသို့ ပုံမှန်အတိုင်း သွားလာနေထိုင်စဉ် စစ်တပ်က လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ UDF OKPO ရဲဘော် အောင်ဇေယျာက ပြောသည်။
“ဒေသခံပြည်သူတွေကတော့ ညနေပိုင်းဆိုတော့ သူတို့ပုံမှန်ပါပဲ၊ အဲဒီအချိန် စက်တပ် လေထီးလာတော့ ဟိုပြေးဒီပြေး ပြေးနေကြတာပေါ့၊ အဲဒီ အချိန်မှာ ချတာဗျ” ဟု သူက ပြောပြသည်။
ဒေသခံအမျိုးသားများ သေဆုံးခဲ့သည့် ချင်းစုရွာတွင် နေအိမ် နှစ်လုံး၊ ကိုင်းကြီးရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဒေါင်းစပါးကွင်း ကျေးရွာတွင် နေအိမ် တစ်လုံး ပျက်စီးသွားခဲ့သည်ဟု အုတ်ဖိုမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် ချင်းစု၊ ကိုင်းကြီး၊ ဒေါင်းစပါးကွင်း ကျေးရွာတို့သည် ယခင်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် ရွာများဖြစ်ပြီး အိမ်ခြေ ၁၀၀ကျော်ရှိသည်။
ဒေသခံများသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်သည်ဟု ရဲဘော် အောင်ဇေယျာက ဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်း အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးကွင်း ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ သားအမိနှစ်ဦး သေဆုံးခဲ့သေးသည်။
အာဏာသိမ်းတပ်က လက်နက်ကိုင်ခုခံသူများရှိသည့် ဒေသအသီးသီးကို စစ်လေယာဉ်များ၊ ဒရုန်းများ စေလွှတ်ပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အရပ်သားအများအပြား သေဆုံးနေရသည်။
၂၀၂၄ ခုနှစ်ကစပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများအတွက် လူလိုက်ပါမောင်းနှင်နိုင်သော စက်တပ်တပ်လေထီးကို အသုံးပြုနေရာ စက်တပ်လေထီးသံကြားရပါက ဒေသခံများ တိမ်းရှောင်ကြရသည်။
ပဲခူးအနောက်ဘက်ခြမ်း ပျူစောထီးတို့ကို တိုက်ခိုက်ခြင်း
အုတ်ဖိုမြို့နယ်အတွင်း နယ်မြေတော်လှန်ရေးတပ်ဖွဲ့များကလည်း ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ပျူစောထီး ခေါ် ပြည်သူ့စစ်များ၊ ဒလန်ဟု ယူဆရသူများကို သတ်ဖြတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားကြသည်။
စက်တင်ဘာလ ၆ ရက်နေ့က အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူး ထွန်းသိန်းကို ပစ်ခတ် လုပ်ကြံခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူးသည် ပျူအဖွဲ့ တာဝန်ရှိသူများကို ကြီးကြပ်ခြင်း၊ စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပေးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း စသည့်အမှုများ ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခုရက်ထဲမှာတော့ အုတ်ဖိုမြို့နယ်မှာ ဒလန်နဲ့ ပျူတွေတော့ ဆက်တိုက်ရှင်းနေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ UDF OKPO ရဲဘော် အောင်ဇေယျာက ပြောသည်။
ဩဂုတ်လကလည်း ပြည်တော်သာရွာနေ ပျူစောထီး ပြည့်စုံ၊ စဉ့်ကူးရွာနေ ပျူစောထီး မျိုးမင်းသူ တို့ကို ရှင်းလင်းခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ Black Tiger ပြောက်ကျား အဖွဲ့က ဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ က ဖလန်ပင် ရွာနေ မြင့်ရွှေကို သတ်ဖြတ်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF)က ဆိုသည်။ ထိုသူမှာ စစ်တပ်သတင်းပေးဖြစ်သည်ဟုလည်း ထိုအဖွဲ့က စွပ်စွဲထားသည်။
အဆိုပါ ရှင်းလင်းခံရသူများသည် စစ်တပ်လက်အောက်ခံ ဒလန်နှင့် ပျူစောထီးများ ဟုတ်၊ မဟုတ်ကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။



