မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ တစ်နှစ်အကြာ ထိန်းချုပ်ထားသည့် ဖယောင်းတောင်ရွှေတွင်းကို ပြီးခဲ့သည့်ရက်များတွင် စစ်တပ်က ပြန်လည်ရရှိသွားကြောင်း စစ်ရေး ရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် ပူးပေါင်းတပ်များက မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကို ပိုင်ဆိုင်သော ဖယောင်းတောင်ရွှေတွင်းမှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ် ဩဂုတ်လနောက်ဆုံးပတ်တွင် စစ်တပ် က ပြန်လည်ရရှိသွားခြင်းဖြစ်သည်။
ဖယောင်းတောင်ရွှေတွင်းမှ တော်လှန်ရေးတပ်များ ဆုတ်ခွာသွားကြသော်လည်း ထိုနေရာအနီးတဝိုက် တိုက်ပွဲများဆက်ဖြစ်နေသည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။



