မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တော်လှန်ရေးတပ်များ အခွန်ရရှိမှုကိုဖြတ်တောက်ရန် စစ်ကောင်မရှင်သည် နယ်စပ်ကုန်သွယ်ရေး တံတားကို ပိတ်ပင်ပြီး ၎င်းတို့ထိန်းချုပ်နိုင်သည့် ကော့သောင်း-ရနောင်းရေလမ်းကြောင်းမှ သွင်းကုန်လိုင်စင်များကို ဦးစားပေးခွင့်ပြုရန် စီစဉ်နေသည်ဟု စုံစမ်းသိရသည်။
ထိုင်းနယ်စပ် မြဝတီမှ ရန်ကုန်နှင့် အခြားဒေသအသီးသီးသို့ ကုန်သွယ်သည့်လမ်းကြောင်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံချီတန်ဖိုးရှိသည်။ နယ်စပ်မြို့ မြဝတီတွင် စစ်တပ်က အထိုင်ချထားသော်လည်း ကရင်ပြည်နယ်အတွင်းရှိ အာရှလမ်းမကြီးနှင့် ကုန်သွယ်ရေးလမ်းပိုင်းအချို့ကို တော်လှန်ရေးတပ်များက အပိုင်းလိုက်စိုးမိုးထားရာ ကုန်စည်ကူးသန်းရောင်းဝယ်မှုများမှ အခွန်အခများရနေသည်။
ထိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အပြည့်အဝမထိန်းချုပ်နိုင်သည့် စစ်ကော်မရှင်သည် ထိုကုန်သွယ်မှုမှ အခွန်အခအနည်းငယ်သာရရှိပြီး ထိုအခြေအနေတွင် လိုင်စင်မဲ့ကုန်သွယ်မှုကြီးထွားလာသည်ကို စိစစ်ရန် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် ပိတ်ခဲ့ကြောင်း စစ်ကော်မရှင်၏ ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောသည်။
အောင်နိုင်၊ မြတ်ကြီး/ Myanmar Now



