တိုင်းပြည်အာဏာ ကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီး၊ လွန်ခဲ့သော ၄နှစ်ခွဲလုံးလုံး တိုင်းပြည်ကြေမွပျက်စီးခဲ့သော အကြမ်းဖက်လုပ်ရပ် များကို မရပ်မနားလုပ်ဆောင်ခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။
“ပထမစာမျက်နှာကတော့ ကျနော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာ အစ” ဟု ကြွေးကြော်ပြီး၊ မိမိကိုယ်ကို ယာယီသမ္မတ အဖြစ်ခံယူကာ အဖွဲ့ဝင် (၁၀) ဦး ပါဝင်သော “အမျိုးသားကာကွယ်ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” ဟု အမည်သစ်ပေး၍ စစ်ကောင်စီအဖွဲ့ဝင်များနှင့်ပင် ပြန်လည်ဖွဲ့စည်းလိုက်သည်။
အညံ့ဖျင်းဆုံး တစ်ကွက်မျက်လှည့်ဖြင့် ကမ္ဘာပတ် လိမ်ညာလှည့်ဖြားရန် ကြိုးပမ်းမှု ဖြစ်သည်။ သို့သော် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စသည့် အာဏာရှင်နိုင်ငံတစ်သိုက် ရှိနေသ၍ သူ့ကို လက်ခံကြိုဆို လက်ဆွဲနှုတ်ဆက် ကြမည် မဟုတ်ပါလား။
မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်တွင် လက်တွေ့လုပ်ဆောင်နေသည်မှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားနိုင်ရေးကို အထောက်အကူပြုသော အခြေအနေ တစ်ရပ်ဖန်တီးရန် ကြိုးပမ်းနေခြင်းမဟုတ်၊ နိုင်ငံအနှံ့ တန်ပြန်ထိုးစစ်များ ဆင်နွဲနေပြီး စစ်ရှိန်မြှင့်တင်နေခြင်း ဖြစ်သည်။ တနည်းဆိုရလျှင် တိုင်းပြည်နေရာအနှံ့ မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေရန် အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နေခြင်းဖြစ်သည်။


