အာဏာသိမ်း စစ်ကောင်စီကို အောင်နိုင်ရန်နှင့် စနစ်ပြောင်းတော်လှန်ရေး တစ်ခုကို လက်တွေ့ဖော်ဆောင်ရာတွင် နိုင်ငံရေးအရ ဦးဆောင်မှုပေးခြင်းသည် မရှိမဖြစ်လိုအပ် လက်တွေ့လုပ်ဆောင် သက်သေပြရမည့် အရာ ဖြစ်ပြီး၊ အောင်ပွဲကို ပြတ်သားစွာ အဆုံးအဖြတ်ပေးသော အရေးကြီးဆုံးအခန်းကဏ္ဍ ဖြစ်သည်။ ထိုအခန်းကဏ္ဍကို လစ်လျူရှုရန် မသင့်သလို၊ လစ်လျူရှု၍ မရနိုင်ပါ။
သို့သော် ယနေ့အချိန်ထိ တော်လှန်ရေး၏ ခါးသီးသော အမှန်တရားတစ်ခုကို ပြောပါဆိုလျှင် NUG ကို လက်နက်ကိုင်တော်လှန်ရေးအင်အားစု အသီးသီးက ၎င်းတို့နှင့်တန်းတူ မဟာမိတ်အဆင့်သာ ဆက်ဆံနေကြသည်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး NUG ၏ အခန်းကဏ္ဍကို ကန့်သတ်ထားခြင်း သို့မဟုတ် နိုင်ငံရေးဦးဆောင်မှုကို ကန့်သတ်ထားခြင်းပင် ဖြစ်သည်။ ယင်းသည် တော်လှန်ရေးတစ်ခုလုံးအပေါ် သက်ရောက်မှု ကြီးမားပါသည်။
လက်နက်ကိုင်တော်လှန်ရေးသည် နည်းလမ်းတစ်ခုသာ ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် အမှန်တကယ် ချုပ်ငြိမ်းစေလိုလျှင် အရေးကြီးဆုံး လိုအပ်ချက်မှာ စုစည်းညီညွတ်စွာ နိုင်ငံရေးဦးဆောင်မှုပေးရန် ဖြစ်သည်။ ထို့အတွက် NUG ကို အသိအမှတ်မပြုလျှင် ၎င်းထက်သာလွန်ပြီး၊ မြန်မာပြည်သူများကို စစ်စစ်မှန်မှန် ကိုယ်စားပြုသော၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်သော၊ နိုင်ငံကိုယ်စားပြု အစိုးရတစ်ရပ်၏ အင်္ဂါရပ်များဖြင့် တည်ဆောက် ထားသော အဖွဲ့အစည်း တစ်ရပ်ကို အဘယ်ကြောင့် မတည်ဆောက်နိုင်ကြသနည်း။
ယင်းသည် ပြည်သူတစ်ဦး၏ ရှုထောင့်မှ အံ့ဩနားမလည်နိုင်သော မေးခွန်း ဖြစ်သည်။ အကြောင်းတရားများ အမျိုးမျိုး ရှိနေနိုင်သော်လည်း၊ ယနေ့ လက်ငင်း မြင်တွေ့နေရသော အကျိုးတရားကို မျက်ကွယ်ပြုထားရန် မသင့်လျော်သည့် အခြေအနေအထိ ရောက်ရှိနေပြီ ဖြစ်သည်။
နိုင်ငံတကာမျက်နှာစာတွင် တိုင်းပြည်ကို တည်ငြိမ်မှုရှိစေရန်၊ စုစည်းညီညွတ်မှုရှိစေရန် စွမ်းဆောင်နိုင်သည့် ခေါင်းဆောင်မှု သို့မဟုတ် အဖွဲ့အစည်းအဖြစ် NUG ကို ယုံကြည်မှုမပေး၊ မဝန်းရံနိုင်လျှင်၊ NUG ၏ နေရာတွင် မည်သည့် ခေါင်းဆောင်မှု သို့မဟုတ် အဖွဲ့အစည်းက အစားထိုး တာဝန်ယူနိုင်သနည်း။ ခေါင်းဆောင်မှု ရှာပုံတော် ဖွင့်ရပေလိမ့်မည်။
ဤနေရာတွင် NUG ကို ခေါင်းဆောင်မှုနေရာ မပေးချင်သော အကြောင်းရင်းများထဲ ဗမာလူများစုကြီးစိုးသော အဖွဲ့အစည်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရခဲ့သော အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြီးစိုးသော အဖွဲ့အစည်း စသဖြင့် တိုးတိုးမှ ကျယ်ကျယ် ဖြစ်လာသော၊ လျှို့ဝှက်ချက် မဟုတ်သည့် ခေါင်းဆောင်မှုပြဿနာကို တော်လှန်ရေးအင်အားစုများအကြား တွေ့မြင်နေရသည်မှာ နှစ်နှင့်ချီ ကြာနေပြီး၊ ရေစုန်မျှောလိုက်နေကြသည်။
NUG ၏ နိုင်ငံရေးဦးဆောင်မှုကို လက်မခံလိုလျှင် ဗမာအများစုထောက်ခံသော၊ တစ်နိုင်ငံလုံးကို ဦးဆောင်မှု ပေးနိုင်သော တိုင်းရင်းသားခေါင်းဆောင်များ တစ်နိုင်ငံလုံးလွှမ်းခြုံသော နိုင်ငံရေးဦးဆောင်မှုပေးရန် သတ္တိရှိရှိ ရှေ့တန်းထွက်ရန် လိုအပ်နေပြီ ဖြစ်သည်။ ၎င်းတို့၏ တစ်နိုင်ငံလုံးကို ဦးဆောင်မှုပေးနိုင်သော နိုင်ငံရေးအမြော် အမြင်များကို ပြည်သူများလက်ဝယ် အရောက်ပို့ဆောင်ရန် အချိန်ရောက်ပြီ ဖြစ်သည်။
သို့သော် နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သော ဗမာလူများစု၏ နှလုံးသားနှင့် ထောက်ခံမှု ရရှိရန် လိုအပ် သည်။ ယင်းသည် နိုင်ငံတစ်ခု၏ ပြင်ဆင်ခွင့်မရှိသော ပေးထားချက် ဖြစ်သည်။ နိုင်ငံတစ်ခုကို ဦးဆောင်မှုပေးရန် ရည်မှန်းချက်ရှိသော မည်သည့်လူပုဂ္ဂိုလ် အဖွဲ့အစည်းမဆို ကျော်လွှား၍မရ သော အချက်မှာ “ပြည်သူအများစု၏ ထောက်ခံမှု” ရှိခြင်း မရှိခြင်း ဆိုသည့်အချက် ဖြစ်သည်။ အင်အား ၁ သန်း ရှိသော လက်နက်ကိုင်အဖွဲ့ ဖြစ်နေပါစေ၊ ထိုပေးထားချက်ကို ရှောင်ရှား၍ မရနိုင်ပါကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။



