အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ခေါင်းဆောင်၏ ခရီးစဉ်မတိုင်မီ ထောက်လှမ်းရေးဟောင်းများ တရုတ်ကို ရှေ့ပြေးရောက်နေ 

ဗိုလ်မှုးချုပ်ဟောင်း သိန်းဆွေနှင့် ဗိုလ်မှုးကြီးဟောင်းလှမင်းတို့အဖွဲ့သည် စစ်ခေါင်းဆောင်၏ တရုတ် ခရီးစဉ်နှစ်ခုဆက်တိုက် ရှေ့ပြေးများအဖြစ် ကြိုတင်သွားရောက်ခဲ့သည်ကို တွေ့ရှိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် တရုတ်ခရီးစဥ်မတိုင်မီ ဗိုလ်မှုးချုပ်ဟောင်း သိန်းဆွေနှင့် ဗိုလ်မှုးကြီးဟောင်းလှမင်းတို့အဖွဲ့ တရုတ်နိုင်ငံသို့ ကြိုတင် ရောက်ရှိနေကြသလို စစ်ခေါင်းဆောင်၏ ယခုတစ်ခေါက် တရုတ်ခရီးစဥ်တွင်လည်း   ၎င်းတို့ ကြိုတင် ရောက်ရှိနေကြသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံရေးနှင့် ကုမ္ပဏီများမှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့်  Paragon Institute Think Tank ဟုဆိုသည့် ၎င်းတို့အဖွဲ့သည် ယမန်နှစ်က မင်းအောင်လှိုင်ခရီးရှေ့ပြေးအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ပြီး  တရုတ်အစိုးရကို  နိုင်ငံခြားရေးမူဝါဒများ ချမှတ်ရန်အတွက် အကူအညီပေးနေသည့် အဖွဲ့နှစ်ဖွဲ့ကို တွေ့ဆုံခဲ့သည်။ 

ထိုနှစ်ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည့် Chahar Institute ၏ သတင်းထုတ်ပြန်ချက်အရ “မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှ လူမျိုးစု လက်နက်ကိုင်တပ်များ၏ အခြေအနေများကို”  ၎င်းတို့နှင့် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။ 

၎င်းတို့အဖွဲ့သည် ယခုအခါတွင်လည်း စစ်ခေါင်းဆောင်၏ ရှေ့ပြေးအဖြစ် တရုတ်နိုင်ငံတွင် ရောက်ရှိနေသော်လည်း ၎င်းတို့၏ လှုပ်ရှားမှုများကို   သတင်းထုတ်ပြန်ခြင်း မပြုလုပ်ရန် တရုတ်ကို မေတ္တာရပ်ခံထားသည်ဟု စုံစမ်းသိရှိရသည်။  

သို့ရာတွင် သြဂုတ်လ၊ ၁၄ ရက်နေ့က Shenzhen Shanxing Medical Technology Co., Ltd. ကုမ္ပဏီ သို့ ၎င်းတို့အဖွဲ့ရောက်ရှိစဥ် ဉာဏ်ရည်တုအာရုံခံ ECG ဓာတ်မှန်စနစ်ပါရှိသော ဆေးရုံသုံးအဝတ်အထည်များ ထုတ်လုပ်ရန် မြန်မာနိုင်ငံတွင် ဧရာမစက်ရုံတစ်ခု တည်ဆောက်၍ ထိုလုပ်ငန်းအတွက် တရုတ်ယွမ်ငွေ သန်းပေါင်းခြောက်ထောင် ထိုကုမ္ပဏီက ရင်းနှီးမြှုပ်နှံသွားမည့် အကြောင်းဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။  

ထိုစီမံကိန်းအကောင်ထည်ဖော်ရန် မြေနေရာရွေးချယ်ခြင်းနှင့် ဆောက်လုပ်ရေးဆိုင်ရာ အစီအမံများကို ထောက်လှမ်းရေးများ ဦးဆောင်သည့်၊ မြန်မာနိုင်ငံတွင် မည်သူမျှ မသိရှိကြသည့် Paragon Institute အဖွဲ့နှင့် ကုမ္ပဏီတို့က ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆက်စပ်အနေဖြင့် တရုတ်ပြည်ရောက်ရှိနေသော မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ဝူဟန်တက္ကသိုလ်သို့ ယမန်နေ့က ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်အကြီးအကဲများနှင့် တွေ့ဆုံစဥ် မြန်မာနိုင်ငံအတွက် ဂြိုလ်တုနည်းပညာဆိုင်ရာ အကူအညီများဆောင်ရွက်ပေးရန်  တောင်းခံခဲ့သည်ဟု စစ်ကော်မရှင် ထိန်းချုပ်နိုင်ငံပိုင် သတင်းများတွင် ဖော်ပြထားသည်။ 

 မင်းအောင်လှိုင်နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ယမန်နေ့က တရုတ်နိုင်ငံတွင် တွေ့ဆုံကြပုံ (မြန်မာ့အလင်း)

ဗိုလ်မှုးချုပ်ဟောင်း သိန်းဆွေနှင့် ဗိုလ်မှုးကြီးဟောင်းလှမင်းတို့သည် ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း မြန်မာပြည်၏ နာဇီ ဂတ်စတာပို သဖွယ် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော တပ်မတော် ထောက်လှမ်းရေးအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ အနီးကပ်လက်ထောက်များဖြစ်သည်။

ထိုအဖွဲ့သည်  ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားများနှင့် ကျောင်းသားများကို ဖမ်းဆီး နှိပ်စက်ပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်။ 

 ဗိုလ်မှုးကြီးဟောင်းလှမင်း နှင့် DCI ကုမ္ပဏီတို့ စာပေးစာယူတွင် မြန်မာပြည်သည် တိုးတက်မှုများဖြစ်ပေါ်နေပြီဖြစ်ကြောင်း ရေးသားထားပုံ ( ထောက်လှမ်းရေးနှင့် DCI မူရင်းစာချုပ်) 

ဗိုလ်မှုးချုပ်ဟောင်းသိန်းဆွေသည် ထောက်လှမ်းရေးတပ်ဖွဲ့တွင် ဗိုလ်ချုပ်ခင်ညွန့်၏ နိုင်ငံတကာဆက်ဆံရေးဆိုသည့် စိတ်ဓာတ်စစ်ဆင်ရေး လှုပ်ရှားမှုများဆိုင်ရာ တာဝန်ယူခဲ့သူဖြစ်သည်။

ဗိုလ်မှူးကြီးလှမင်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းကဲ့သို့ သန်းရွှေခေတ်တွင် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် မင်းအောင်လှိုင်နှင့် ခင်ညွန့်တို့ ပြန်လည်တွေ့ဆုံခဲ့ကြသလို၊ လှမင်း၊ သိန်းဆွေနှင့် ထောက်လှမ်းရေးအချို့သည် စစ်တပ်၏ ပြည်တွင်းပြည်ပ စိတ်ဓာတ်စစ်ဆင်ရေး နှင့် သံတမန်ရေးလှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်နေကြသည်။

ထောက်လှမ်းရေးတပ်ဖွဲ့သည် သဘောထားပျော့ပြောင်းသည့် အဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာအစိုးရများနှင့် သံတမန်များကြားတွင် ပုံဖော်ရန် အမေရိကန်လော်ဘီ DCI ကုမ္ပဏီကို စစ်တပ်ထောက်လှမ်းရေးက ၂၀၀၂ ခုနှစ်တွင် ငှားရမ်းခဲ့ပြီး၊ ထိုအဖွဲ့၏ ဆက်ဆံရေးများကို အဓိကကိုင်တွယ်သူမှာ သိန်းဆွေနှင့် လှမင်းတို့ဖြစ်သည်။ 

၎င်းတို့အတွက် မြေပြင်တွင် DCI ကုမ္ပဏီနှင့် လှုပ်ရှားခဲ့သူမှာ လွန်ခဲ့သည့်လက ကွယ်လွန်ခဲ့သည့် အမေရိကန်ဆိုင်ရာ မြန်မာသံအမတ် ဦးလင်းမြိုင်ဖြစ်သည်။ 

DCI ကုမ္ပဏီနှင့် စစ်ကော်မရှင်တို့ မကြာသေးမီက လော်ဘီလုပ်ငန်းများ လုပ်ဆောင်ရန် စာချုပ် ချုပ်ဆိုခဲ့ကြပြီး ထိုလုပ်ငန်းတွင် ထောက်လှမ်းရေးဟောင်းများပါဝင်သည်လား ဆိုသည်ကိုမူ မသိရှိရပေ။ 

Related Articles

Back to top button