စစ်တပ်ထောက်ခံသူများကတော့ တရုတ်ကိုစည်းရုံးနိုင်ခဲ့သည့် စစ်ကောင်စီ၏သံခင်းတမန်ခင်းစွမ်းရည်ကြောင့် သေနတ်တချက်မှမဖောက်ရဘဲ လားရှိုးကိုပြန်သိမ်းနိုင်သည်ဟု ဝင့်ကြွားခဲ့ကြသည်။ လားရှိုးတွင်ခြေချနိုင်သည့်တိုင် စစ်ကောင်စီအတွက်တော့ လားရှိုးက ရန်သူဝိုင်းနေသည့်မြို့ ဖြစ်နေသည်။
ကိုးကန့်တပ် MNDAA တို့သည် မြို့အရှေ့ဘက်မှ ကွမ်းလုံ၊ မြောက်ဘက်မှ သိန္နီ၊ တအာင်းတပ် TNLA သည် အနောက်ဘက်မှ သီပေါ၊နမ္မတူ၊ တောင်ဘက်မှ ကျောက်မဲမြို့များကို ထိန်းချုပ်ထားသည်။ စစ်တပ်အတွက် တောင်ဘက် မိုင်းရယ် နှင့်အရှေ့တောင်ဘက်မှ တန့်ယန်းမြို့များသာ လားရှိုးကိုအဝင်အထွက်လုပ်နိုင်သည်။
တရုတ်ဝေခြမ်းပေးသည့် လားရှိုးအုပ်ချုပ်ရေးအကြောင်းကို နေပြည်တော်၊ကိုးကန့်နှင့် ဘေဂျင်းတို့က လျှို့ဝှက်ထားသည်။
စစ်တပ်သည် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို အုပ်စိုးစေ၊ ကိုးကန့်တပ် MNDAA သည် ကျေးရွာ ၄၅၀ ကိုအုပ်စိုးစေဟု တရုတ်ကကြားဝင်စေ့စပ်ပေးခဲ့သည်ဟု Myanmar Now ၏သတင်းအရင်းအမြစ်များကဆိုသည်။
စစ်တပ်သည် မြို့မြောက်ဘက်ရှိ အေတီတံတား၊ အနောက်ဘက်ရှိ အီနိုင်းတံတား၊ တောင်ဘက်ရှိ မန်ဟန်ရွာကို ကျော်လွန်ပြီးတပ်စွဲခွင့်မရှိဟုလည်းသိရသည်။ ထိုနယ်မြေခွဲဝေမှုအတွက် ဘေဂျင်းမှလွှတ်လိုက်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့က လားရှိုးတွင်ရုံးထိုင်ကာ အနီးကပ်စောင့်ကြည့်မည်ဟုဆိုသည်။
လားရှိုးမြို့ဝေခြမ်းရေးအတွက် စစ်ကောင်စီနှင့်ကိုးကန့်တပ်များသည် တရုတ်အစိုးရကိုကျေးဇူးတင်ကြသည်ဟု တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၂ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် မြို့ခံအရပ်သားများ၏ လုံခြုံရေးနှင့် အနာဂတ်အတွက် မည်သည့်အဖွဲ့ကမှ အာမခံချက်မပေးဘဲ နှုတ်ဆိတ်နေကြဆဲဖြစ်သည်။
မင်းမောင်၊ နိုရာပြည့်၊ ဟန်လင်း/Myanmar Now



