စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေသည့် မြန်မာအရှေ့တိုင်းဘဏ် (MOB) ဝန်ထမ်း ၂၀၀ ကျော်ကို တစ်စုံတစ်ရာ ကြိုတင်အသိပေးမှုမရှိဘဲ အလုပ်ထုတ်လိုက်ကြောင်း ဘဏ်ဝန်ထမ်းများထံမှ သိရသည်။
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် ဧပြီလ ၁ ရက်မှစ၍ အလုပ်မှ ရပ်ဆိုင်းလိုက်သည်ဟု ဝန်ထမ်းတစ်ဦးချင်းထံ လိပ်မူပြီး စာထုတ်ခဲ့ကြောင်း MOB ဝန်ထမ်းများက ဆိုသည်။
“ဒီနေ့ (ဧပြီ ၂၈) မနက်မှ ကျွန်တော်တို့ကို နားလိုက်တယ်ဆိုတဲ့အကြောင်း ဘဏ်ခွဲကို အီးမေးလ်ရောက်တယ်ပေါ့နော်။ ဘဏ်ကို သွားမယူရသေးဘူး။ ကျွန်တော်တို့တော့ သိပြီးပြီ၊ ဘဏ်ကလည်း လှမ်းဆက်ပြီးပြီ” ဟု မန္တလေးရှိ MOB ဘဏ်ခွဲတစ်ခုမှ လုပ်သက် ၁၀ နှစ်ကျော်ရှိ CDM ဝန်ထမ်းက Myanmar Now ကို ပြောသည်။
အလုပ်ထုတ်ခံရသည့် ဘဏ်ဝန်ထမ်း ၂၀၀ ကျော်ရှိကြောင်း ဝန်ထမ်းအချင်းချင်းသတင်းပေးပို့မှုကြောင့် သိရှိရခြင်းဖြစ်ပြီး ဝန်ထမ်းအားလုံးထံ စာမရောက်သေးဟုလည်း သိရသည်။
“လောလောဆယ် အကုန်ထုတ်တယ်ကြားတာ။ ကျွန်တော့်ဆီတော့ မပို့လာသေးဘူး။ ကျွန်တော်တို့ကို ဆက်သွယ်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ကျွန်တော့်ဖုန်း အမြဲတမ်းဖွင့်ထားပါတယ်၊ မဆက်သွယ်ပါဘူး” မန္တလေးရှိ အခြား MOB ဘဏ်ခွဲတစ်ခုမှ အငယ်တန်းဝန်ထမ်းတစ်ဦးက ပြောသည်။
ဝန်ထမ်းများကို မတ်လ ၃ ရက်နေ့မှစ၍ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်သည့်နေ့မတိုင်မီအထိ လစာမဲ့ခွင့်အဖြစ် ခွင့်ပြုလိုက်ကြောင်း မတ်လလယ်ပိုင်းတွင် စာထုတ်ပြန်ခဲ့သော်လည်း တစ်စုံတစ်ရာ ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း MOB ဝန်ထမ်းများက ပြောသည်။
“အနည်းဆုံးတော့ သူတို့ညှိနှိုင်းသင့်တယ်။ ပြန်ခေါ်တာပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ဆက်သွယ်တာပဲဖြစ်ဖြစ် ပြောလို့ရတယ်။ ဘယ်နေ့ထိကို နောက်ဆုံးထားပြီးတော့ အလုပ်ဆင်းပေးပါ။ အလုပ်လာဖို့ ဘယ်လိုအခက်အခဲရှိတာလဲ၊ အဲလိုမျိုးဆွေးနွေးညှိနှိုင်းရမှာ” ဟု MOB ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ဧပြီ ၂၇ ရက်စွဲဖြင့် အလုပ်ထုတ်ခံရသူများတွင် ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်း ၅၅ ဦး၊ ဧပြီ ၂၈ ရက်စွဲဖြင့် အခြားဘဏ်ခွဲများမှ ၁၂၄ ဦး အလုပ်ထုတ်ခံရသည်ကို သိရှိခဲ့ရကြောင်းလည်း အဆိုပါဝန်ထမ်းက ဆိုသည်။
“ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံး အလုပ်ထုတ်ခံလိုက်ရချိန်မှာ ကိုယ်တွေက ဆက်ပြီးလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သူတို့က ဝန်ထမ်းတွေအပေါ် လေးစားမှုမရှိဘူး။ ထုတ်ချင်တဲ့အချိန် ထုတ်ပစ်လိုက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးလုပ်ပြတယ်။ ဒါကတော့ လုံးဝမဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။
၎င်းအနေဖြင့် ဖေဖော်ဝါရီလကတည်းက CDM လုပ်ထားပြီး မတ်လတွင် လစာမရခဲ့ကြောင်း၊ အကြွေးဆပ်စရာများရှိသောကြောင့် ဧပြီလတွင် ခေတ္တအလုပ်ပြန်ဆင်းခဲ့ပြီး လကုန်လျှင် CDM ပြန်လုပ်မည်ဟု ဆုံးဖြတ်ထားကြောင်း ပြောသည်။
တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲ ၅၀ ခန့်ရှိသော MOB ဘဏ်တွင် ဝန်ထမ်းအင်အား အနည်းဆုံး ၁,၅၀၀ ခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းခန့်မှာ CDM တွင် ပါဝင်ခဲ့ကြပြီး ဧပြီလတွင် အလုပ်ပြန်ဆင်းသူများပြားခဲ့ရာ CDM ဝန်ထမ်း ၂၀၀ ကျော်သာ ကျန်ရှိခဲ့သည်ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။
အလုပ်ပြန်ဝင်ရသည့် အဓိကအကြောင်းရင်းမှာ မိသားစုရှိသူများအနေဖြင့် စားဝတ်နေရေးအခက်အခဲနှင့် လူသုံးယောက်က အာမခံပေးရသည့် ဝိုင်းကြီးချုပ်ပုံစံမျိုးဖြင့် ဘဏ်မှယူထားသည့် ချေးငွေများကို ပြန်ဆပ်ရမည်ဖြစ်သောကြောင့်ဟု ၎င်းက ပြောသည်။
မြန်မာအရှေ့တိုင်းဘဏ်၏ ဝဘ်ဆိုက်တွင်ဖော်ပြထားချက်အရ ဥက္ကဋ္ဌမှာ ဒေါ်ကြည်ကြည်သန်းဖြစ်ပြီး အမှုဆောင်အရာရှိချုပ် (CEO) မှာ ဦးကျော်စိုးမင်းဖြစ်သည်။ အခြားဒါရိုက်တာအဖွဲ့ဝင်များမှာ ဒေါ်ကြိုင်ကြိုင်စိန်၊ ဦးသန်းဝင်း၊ ဦးလှကြည်၊ ဦးလှသောင်း၊ ဦးညိုမြင့်၊ ဦးမြဘူး၊ ဦးအောင်သန်း၊ ဦးဇင်ဝင်းထက်၊ ဦးကျော်စောစံ၊ ဦးမြင့်ဆွေတို့ဖြစ်ကြောင်း သိရသည်။



