အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းမြောက်ပိုင်းကိုဝင်ရန် ကြိုးစားသည့် စစ်တပ် ကလေးမြို့သို့နောက်ပြန်ဆုတ် 

စစ်ကိုင်းတိုင်းဘက်မှ အင်အားအလုံးအရင်းနှင့် ဝင်ရောက်လာသည့် စစ်တပ်ကို ချင်းတော်လှန်ရေးအင်အားစုက တိုက်ထုတ်စဉ် နှစ်ဘက် အကျအဆုံးရှိခဲ့သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်‌ကို ဝိုင်းဝန်း ခုခံတိုက်ခိုက်ကြရာ ဇူလိုင်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက် နောက်ပြန်ဆုတ်သွားကြောင်း  ချင်းတော်လှန်‌ရေးတပ်များက ပြောသည်။ 

မေလ ၁၈ ရက်နေ့မှ စ၍ စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲများမှာ  မေ၂၁ ရက်နေ့မှ စတင်ပြီး နေ့စဉ် ဖြစ်ပွားခဲ့သည်၊  ကလေးမြို့နှင့် ၁၇ မိုင်အကွာ မွာလ်ပီးကျေးရွာတွင်သာ စစ်ကောင်စီတပ် တစ်လကျော်ကြာ ခြေကုပ်ယူနိုင်ခဲ့သည်။ 

ချင်းတော်လှန်ရေးတပ်များက မွာလ်ပီးရွာရှိ ‌စေတီကုန်းတွင် ရှိနေသည့် စစ်တပ်ကို တစ်နေကုန် တိုက်ခိုက်ပြီး  ညနေပိုင်းတွင် ထိုနေရာကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။ 

တိုက်ပွဲများတွင် သုံ့ပန်း ၆ ဦး ရရှိခဲ့ကြောင်း စစ်မြေပြင်ရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။

“သူတို့ ထွက်ပြေးကုန်ပြီ၊ သေဆုံးတာလည်းများတယ်၊ ဖမ်းထားတာလည်းရှိတယ်။ သူတို့ လက်နက်တွေကိုလည်း သိမ်းဆည်းရမိတာလည်းရှိတယ်။ တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီက ကလေးမြို့ကနေ အမြောက်နဲ့ နေ့တိုင်းလိုလို ပစ်တယ်” ဟု သူက ပြောသည်။ 

တိုက်ပွဲများအတွင်း နှစ်ဘက် အကျအဆုံး များခဲ့ကြောင်း၊  ဇူလိုင် ၅ ရက်နေ့တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဘက်က ၇ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ 

ကလေး – သိုင်းငင်းလမ်းပေါ် စစ်တပ်နှင့် ချင်းတော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားသည့် နေရာပြမြေပုံ။

မွာလ်ပီးကျေးရွာတွင်  စစ်ကောင်စီတပ် ရှိနေစဉ်  နေအိမ်များကို ၀င်ရောက်မွှေနှောက်ကြသည်၊  နေအိမ် ၉ လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ 

ခရစ်ယာန်ဘုရားကျောင်းမှာ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်များကြောင့်  ခေါင်မိုး ပျက်စီးသွားတယ်။ 

ချင်းပြည်နယ်မြောက်ပိုင်း၏ အဓိက ၀င်ပေါက်လမ်းတစ်ခုဖြစ်သည့် ကလေး-သိုင်းငင်းလမ်းအတိုင်း ဝင်လာသည့်၊ အင်အား ၅၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်အတွက် လိုအပ်သည့် အကူအညီကို ကလေးမြို့နယ်ဘက်မှ ရရှိခဲ့သည်။ 

တိုက်ပွဲများကြောင့် ကလေး- သိုင်းငင်းလမ်းမဘေးရှိ မွာလ်ပီး၊ ထေးဇန်၊ ဟိန်ဇိန်၊ ဗွန်ဆမ် နှင့် သိုင်းငင်း စသည့်ကျေးရွာများရှိ ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

စစ်တပ် ဆုတ်ခွာသွားသည့် မွာလ်ပီးရွာတွင် ဒေသခံတို့က လေတပ် ဗုံးလာကြဲမည်ကို စိုးရိမ်သဖြင့် နေရပ် ပြန်မလာဝံ့သေးကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်လေယာဉ် နှစ်ကြိမ်ရောက်လာပြီး ဗုံးကြဲခဲ့သည်၊   ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။ 

စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ခဲ့သည့် တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာတွင်  နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၅ ဇူလိုင်လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးအဖွဲ့များမှာ စီးယင်းဒေသ၌ လှုပ်ရှားနေသည့် ချင်းပြည်ကောင်စီ အဖွဲ့ဝင်ဖြစ်သော ချင်းအမျိုးသားတပ်မတော် (CNA) ၊ CDF CDM Siyin အဖွဲ့၊ CDF မရာ၊  Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG)၊ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် PDF Zoland၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့  ဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ်ထိုးစစ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး ပစ်ခတ်သတ်ဖြတ်မှုများကြောင့် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတိုက်ခိုက်ကြရာတွင် ချင်းပြည်နယ်သည်လည်း ခုခံမှု အားကောင်းသည့် ဒေသတစ်ခု ဖြစ်လာသည်။ 

ချင်းပြည်နယ်တွင် အမဲလိုက်သည့်အခါ ကိုင်ဆောင်သည့် တူမီးသေနတ်များမှာ ခုခံစစ်တွင် စတင်အသုံးပြုကြသည့် လက်နက် ဖြစ်လာသည်။ နောက်ပိုင်းတွင် တိုက်ပွဲဝင်မောင်းပြန်သေနတ် ကိုင်ဆောင်လာနိုင်ကြသည်။

တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ နေထိုင်သွားသည့် အိမ်တစ်အိမ်ကို ၂၀၂၅ ဇူလိုင်လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

Related Articles

Back to top button