ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အား သိမ်းပိုက်နိုင်ရေးအတွက် တောင်းခမ်းကျေးရွာမှ ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်သည် ဇွန် ၃၀ ရက်နေ့တွင် မြို့နှင့်လေးမိုင်ကျော်အကွာ မျက်ချီးနု၊ နောင်ဩရွာ အထိ ရောက်ရှိလာ၍ TNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများနေ့စဉ် ပြင်းထန်နေသည်ဟု မြို့ခံ များက ပြောသည်။
မျက်ချီးနု၊ နောင်ဩရွာအား စစ်တပ်က သိမ်းပိုက်လိုက်သည်ဟု စစ်တပ်ဝါဒဖြန့်သူများက ဓာတ်ပုံများနှင့် ဖော်ပြကြသော်လည်း မြေပြင်တွင် ယနေ့ (ဇူလိုင် ၂) အထိ တိုက်ပွဲ ဆက်ဖြစ်နေသည်ဟု နောင်ချိုမြို့ခံ တစ်ဦးက ပြောသည်။
“စစ်တပ်ဘက်က လူတွေကတော့ ဓာတ်ပုံတွေနဲ့ တင်နေတာ။ တကယ် မြေပြင်မှာက နေရာအနှံ့မှာ တိုက်ပွဲ ဖြစ်နေတုန်း ဖြစ်ပါတယ်။ အကုန်လုံး စစ်တပ်က မရသေးပါဘူး” ဟု ဆိုသည်။
ဇွန် ၂၉ ရက်နေ့တွင် မျက်ချီးနုရွာ၊ ကျောက်တော၊ လုံစံကျေးရွာအနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက် မှ Y12၊ တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးအလုံးရေ ၁၅၉ လုံးဖြင့် တိုက်ခိုက်ခဲ့ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု TNLA ဘက်က ဆိုသည်။
အလားတူ နောင်ချိုမြို့နှင့် ၁၂ မိုင်အကွာ ပြင်ဦးလွင်-နောင်ချို လမ်းပိုင်း အုမ္မသီးကျေးရွာအနီး စစ်တပ် နှင့် TNLA တို့ တိုက်ပွဲ ဆက်ဖြစ်နေသည်ဟု နောင်ချိုမြို့ခံ နောက်တစ်ဦးက ဆိုသည်။
“အုမ္မသီးရွာကနေ စစ်တပ်က ရှေ့တိုးတိုးလာနေတယ်။ အုမ္မခါးရွာနားနဲ့ ဆမ္မဆယ် တကြောမှာ ဒီမနက် အထိ ဖြစ်နေတုန်းပဲ”
၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းကာလအတွင်း TNLA၊ DPLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ယမန်နှစ် ဇူလိုင် ၁၀ ရက်တွင် နောင်ချိုမြို့နှင့် မိုင် ၂၀ အကွာ တောင်ခမ်းရွာအထိ သိမ်းပိုက်ထားနိုင်ခဲ့ သည်။
စစ်တပ်ဘက်မှ တပ်မ ၁၁၊ တပ်မ ၅၅ ဦးဆောင် သည့် စစ်ကြောင်းများက ၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်း တွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် တောင်းခမ်းရွာဘက်မှ ပြန်လည် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။
စစ်တပ်မှ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး သာလွန် အင်အားများကြောင့် နောင်ချိုနှင့် တောင်းခမ်း ကျေးရွာကြားရှိ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာ တပ်စခန်းနှင့် ကျေးရွာများအား ပြန်လည် စွန့်လွှတ် ခဲ့ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့များဘက်က ထုတ်ဖော် ပြောဆိုထားသည်။
တော်လှန်ရေးတပ်ဖွဲ့များ ခြေကုပ်ယူသည်ဟု ယူဆသည့် အရပ်သား ပစ်မှတ်များအားလည်း စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားများ ထိခိုက် သေဆုံးခဲ့ရသည်။

ယမန်နေ့ (ဇူလိုင် ၁) တွင် အုမ္မသီးရွာနှင့် ငါးမိုင်ခန့်အကွာ သုံးဆယ်ရွာအား လေကြောင်းမှ တိုက်ခိုက်ခဲ့ သဖြင့် အမျိုးသား သုံးဦး သေဆုံးခဲ့သည်ဟု သုံးဆယ်ကျေးရွာ ဒေသခံတစ်ဦးထံက သိရသည်။
နောင်ချိုမြို့တွင် တိုက်ပွဲပြင်းထန်နေသည့် ဇွန် ၂၄ ရက်နေ့မှ ၂၉ ရက်အတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အား စစ်တပ်မှ လေကြောင်းမှ လေကြိမ်အထိ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး နှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လေကြောင်း တိုက်ခိုက်ခံရပြီးနောက် နေရပ်ပြန်လာသည့် မြို့ခံ ထက်ဝက်ကျော် ထပ်မံ၍ နေရပ် စွန့်ခွာ သွားကြသည်ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
“လူတွေက မနေရဲတော့ဘူးလေနော်။ နောင်ချိုကလည်း ဘာမှန်းမသိရသေးဘူး။ လေယာဉ်က ခဏခဏ လာနေတော့ ထက်ဝက်ကျော်က ပြန်ထွက်ပြေး သွားကြပြီဗျာ”
တိုက်ပွဲများနှင့် လေကြောင်း တိုက်ခိုက်ခံရမှုများကြောင့် နောင်ချိုနှင့် ကျောက်မဲရှိ ဒေသခံ တစ်သောင်း ကျော် သည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု ဒုက္ခသည်အရေး ကူညီပေးနေသူများက ဆိုသည်။
အဆိုပါ ဒုက္ခသည်များအတွက် အစားအသောက်များ ကူညီပေးရန် ကူညီရေးအဖွဲ့များက မေတ္တာရပ်ခံ ထားကြသည်။
ကျောက်မဲမြို့နှင့် နောင်ချိုမြို့များသည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့်မြို့များ ဖြစ်သည်။
တရုတ်ဖိအားကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဧပြီ ၂၈ ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့တွေ့ဆုံချိန် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုထားသည်။
TNLA ဘက်မှ စစ်တပ် တောင်းဆိုချက်ကို လက်မခံ၍ စစ်တပ်က နောင်ချိုမြို့အား ဆက်လက် ထိုးစစ် ဆင်နေကာ TNLA ထိန်းချုပ်မြို့များဖြစ်သော ကျောက်မဲ၊ မိုးကုတ် စသည့် မြို့များအား လေကြောင်းမှ နေ့စဉ် နီးပါး တိုက်ခိုက်နေသည်။



