အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်

တိုက်ပွဲများငြိမ်သက်နေသော ခင်ဦးနယ်အတွင်း ယမန်နေ့က တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့တောင်ဘက် လူနေရပ်ကွက်တစ်ခုကို စီးနင်းကာ အမျိုးသားတစ်ဦးအား ခေါင်းဖြတ်သတ်သွားသည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း၊ ခင်ဦးမြို့ပေါ်တွင် ယမန်နေ့ (ဇူလိုင် ၁) က တိုက်ပွဲဖြစ်ပြီးနောက် ညနေတွင် စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို ဦးခေါင်းဖြတ် သတ်သွားခဲ့သည်ဟု  မြို့ခံများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံက သိရသည်။

ယမန်နေ့နံနက်ပိုင်းက တစ်နာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ညနေ ၆ နာရီ ဝန်းကျင် တွင် မြို့မြောက်ဘက်နှင့်တောင်ဘက်မှ နှစ်ဖွဲ့ခွဲကာ မြို့ပေါ်ကို စီးနင်းခဲ့ပြီး မြို့တောင်ဘက် အောင်သီရိရပ်ကွက်ကို ဝင်ရောက်စီးနင်းစဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထိုရပ်ကွက်အနီး Sky Eagle အမည်ရ တော်လှန်ရေးတပ်ဖွဲ့၏ ကင်းစခန်းလည်းတည်ရှိသည်ဟု မြို့ခံများ ထံက သိရသည်။ 

“မြောက်ဘက်ကနေ စစ်တပ်ဝင်လာပြီဆိုတော့ ကျွန်တော်တို့က တောင်ဘက်ကိုပြေးရတာပါ၊ မြို့အစွန်နား လောက်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ကင်းတစ်ခုရှိတယ်၊ အဲ့မှာနားပြီးတော့ အခြေအနေကြည့်နေတုန်း တောင်ဘက်ကနေ လာတဲ့တစ်ဖွဲ့က ကျွန်တော်တို့ကို ဝိုင်းပစ်တော့တာပဲ၊ တရကြမ်းကို ပစ်ပြီးတော့ ဝင်ပြေးလာကြတာ”ဟု ထွက်ပြေးလွတ်မြောက်ခဲ့သည့် အောင်သီရိရပ်ကွက်သားတစ်ဦးက ပြောသည်။

“ကျွန်တော်နဲ့အတူတူ ပြေးလာတဲ့ တစ်ယောက်က ဗိုက်ကိုမှန်သွားပြီး ဆက်မပြေးနိုင်တော့ဘဲ အဲဒီနားက မြောင်းထဲမှာပဲ ပုန်းနေရတယ်။ ကျွန်တော်ကတော့ ခပ်လှမ်းလှမ်း မီတာ ၅၀ လောက်ထင်တယ် ထွက်ပြေး ခဲ့ပြီး လယ်ထဲပဲ ပုန်းနေခဲ့ရတာ”

စစ်ကောင်စီတပ်က သေနတ်ထိမှန်ကာ ဒဏ်ရာရနေသည့် အသက် ၂၇ နှစ်ခန့်အရွယ် ကိုချစ်မျိုးအောင် ဆိုသူကို ပုန်းနေရာမှာ ဆွဲထုတ်ပြီး ရိုက်နှက်သံများကြားနေခဲ့ရပြီး ယင်းနေရာမှာပဲ ဦးခေါင်းဖြတ်သွားခဲ့ ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အော်ဟစ်ပြောဆိုနေတာတွေ ကြားနေရတာ။ သွေးကြွေးဆပ်နိုင်ပြီတို့၊ မင်းတို့သွေးနဲ့ ခြေဆေးမယ်တို့၊ သေနတ်တွေရပြီတို့ ပြောဆိုနေပြီး မကြာဘူး၊ ကားရောက်လာပြီးတော့ အနားက ဆိုင်ကယ်တွေ ဆွဲတင်၊ ဖြတ်ထားတဲ့ ခေါင်းကိုလည်း ကားပေါ်တင်ပြီး ထွက်သွားကြတာ”ဟု ထိုအမျိုးသားက ပြောသည်။

ကိုချစ်မျိုးအောင်သည် တော်လှန်ရေးအစ မှ ၂၀၂၂ ခုနှစ်အထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွင် ပါဝင်ခဲ့သော်လည်း အိမ်ထောင်ကျပြီးနောက် ပကဖအဖြစ်မှ နုတ်ထွက်ထားပြီးသူဖြစ်ကြောင်း တော်လှန် ရေးအဖွဲ့များက ပြောကြသည်။

စစ်တပ်ထွက်သွားပြီးနောက် ကိုချစ်မျိုးအောင်၏ ဦးခေါင်းမပါသော ရုပ်အလောင်းကို ပြန်လည်ကောက် ယူခဲ့ရပြီး ယနေ့ နံနက်တွင် သင်္ဂြိုဟ်ခဲ့ရသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်၏ပစ်ခတ်စီးနင်းမှုကြောင့် အဆိုပါရပ်ကွက်မှ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး လည်း ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ 

အဆိုပါရပ်ကွက်သည် တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားသည့်နယ်မြေဖြစ်သည်ဟု မြို့ခံများက ပြောကြ သည်။

စစ်ကောင်စီတပ်သည် မြို့တောင်ဘက်ရှိ Sky Eagle အမည်ရ တော်လှန်ရေးတပ်ဖွဲ့၏ ကင်းစခန်းကို ဦးတည်စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းကင်းစခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ များထံက သိရသည်။

ကင်းစခန်းအတွင်းမှ လက်လုပ်သေနတ်တချို့ကိုလည်း ရရှိသွားပြီး၊ ယင်းသေနတ်များရရှိပြီးနောက် ပြန်ထွက်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီက နေရာ ၃ ခုတွင် စခန်းချနေရာယူထားပြီး ကျန်နေရာများကို တော်လှန် ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။

ယမန်နေ့က စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ တစ်နာရီခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူကိုလည်း မြို့အတွင်းမှ မြောက်ရွာသုသန်တွင် နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်သည် ထိုနေ့ညနေပိုင်းမှာပင် မြို့တောင်ဘက်ခြမ်းတွင် ကင်းများ ချပြီး ကျေးရွာများတွင် ဈေးပတ်ရောင်းသူ ဈေးသည်များ၊ သွားလာနေသူများကို ဖမ်းဆီးပြီး၊ ဖုန်း၊ ပိုက်ဆံနှင့် ဆိုင်ကယ်သော့များ ယူဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က တုပ်နှောင်ထိန်းသိမ်းနေစဉ်မှာပင် တော်လှန်ရေးဖွဲ့များက ဝင်ရောက်ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ခင်ဦးမြို့နယ်သည် တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက်တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ ယခင်က စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ ဝင်ရောက်လေ့ရှိသည်။

သို့ရာတွင် ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများငြိမ်သက်သွားရာမှ ယမန်နေ့က တိုက်ပွဲဖြစ်ပြီး အမျိုးသား တစ်ဦး သတ်ဖြတ်ခံရခြင်းဖြစ်သည်။ 

Related Articles

Back to top button