တိုက်ပွဲများငြိမ်သက်နေသည့် မူးမြစ်အရှေ့ဘက်ကမ်း စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့ပေါ်တွင် ယနေ့ (ဇူလိုင် ၁ ရက်) နံနက်က စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိကြောင်း မြို့ခံများနှင့် တော်လှန်ရေးတပ်များထံက သိရသည်။
မြို့တွင်း ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြို့တောင်ဘက်၌ ထိပ်တိုက်တိုးပြီး အပြန် အလှန်ပစ်ခတ်ခဲ့ကြရာမှ တစ်နာရီခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ ၁ ဦး သေဆုံးပြီး ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိ သွားကြောင်း အဆိုပါတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ခင်ဦးနယ်အခြေစိုက် ဌာနေဝမ်းအမည်ရှိ ဒေသကာကွယ် ရေးတပ်ဖွဲ့မှ ခေါင်းဆောင် ကိုတရုတ်ကြီးက ပြောသည်။
“ရန်သူ့က သူတို့တပ်စွဲထားတဲ့ ဆေးရုံထဲကနေ ကင်းထွက်တဲ့သဘောရှိပါတယ်၊ ကျွန်တော်တို့က ကြားလို့ သွားချောင်းတာပါ၊ ဘာမှ လုပ်ဖို့အစီအစဉ်မရှိပေမယ့် ကျွန်တော်တို့ကို မြင်ပြီး လိုက်ပစ်တာနဲ့ ထိတွေ့မှု ဖြစ်သွားတာ”ဟု သူက ဆိုသည်။
တိုက်ပွဲဖြစ်ပွားချိန် ခင်ဦးမြို့ပေါ်မှ စစ်ကောင်စီတပ်က စစ်ကူအင်အားများ စုပြုံရောက်ရှိလာခဲ့သလို၊ တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း စစ်ကူများရောက်ရှိလာခဲ့သည့်အတွက် တိုက်ပွဲမှာ တစ်နာရီခန့် အထိ ကြာမြင့်သွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“မြို့တောင်ဘက်ခြမ်းမှာ အတော်ပြင်းထန်ပုံရတယ်၊ သေနတ်သံတွေ ပေါက်ကွဲသံတွေ အတော် ဆူညံ နေတာ၊ သေနတ်သံတွေက (ကျည်)ဘောက်လိုက် ဆွဲတယ် ထင်တယ်”ဟု ခင်ဦးမြို့ပေါ် ရောက်ရှိနေ သည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီဘက်မှ ခင်ဦးတိုက်ပွဲကို ယနေ့ မွန်းလွဲချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရသေး ပေ။
ခင်ဦးမြို့နယ်တွင် မြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာ မန်ကျည်းတုံရွာနှင့်မြို့နယ်အနောက်ခြမ်း ပျဉ်ထောင်ရွာ တို့တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ အခြေချလှုပ်ရှားသလို ခင်ဦးမြို့ပေါ်၌ စစ်ကောင်စီ တပ်တချို့ ရှိပြီး ကျန်ကျေးလက် ဒေသအများစုတွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသည်။
မြို့ဧရိယာအတွင်းတွင်လည်း ပုဂ္ဂလိကဆေးဆိုင်တစ်ခု၊ ရဲစခန်းနှင့် ဆေးရုံတို့တွင်သာ စစ်ကောင်စီတပ် များ နေရာယူထားပြီး ကျန်နေရာများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်များ လှုပ်ရှား သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းပြင်ပထွက်လာချိန်တွင် တော်လှန်ရေးတပ်များက ချောင်းမြောင်းတိုက် ခိုက်လေ့ရှိသလို၊ တော်လှန်ရေးဘက်မှ နယ်မြေကျွံလာပါက စစ်ကောင်စီတပ်က ချောင်းမြောင်း ဖမ်းဆီး သတ်ဖြတ်လေ့ရှိသည့် မြို့လည်းဖြစ်သည်။
ခင်ဦးမြို့နယ်သည် တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက်တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ ယခင်က စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ ဝင်ရောက်လေ့ရှိသည်။
၂၀၂၃ ဩဂုတ်အတွင်းက ကပ်လျက်မြို့နယ်များဖြစ်သော ကန့်ဘလူနှင့် ရေဦးတို့မှ စစ်ကြောင်းများ စီးနင်းဝင်ရောက်ခဲ့စဉ်က ခင်ဦးမြို့နယ် ရွာပေါင်း ၂၀ ဝန်းကျင်မှ သောင်းနှင့်ချီသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည်။
အလားတူ ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းထက်မနည်း ခင်ဦးမြို့ နယ် အနောက်ခြမ်းမှတစ်ဆင့် ဝင်ရောက်လာသောကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးခဲ့ရကာ နေအိမ် အများအပြား မီးရှို့ခံခဲ့ရသည်။
မီးရှို့ဖျက်ဆီးခံရမှုများကို စာရင်းကောက်ယူနေသည့် Data for Myanmar မှ အချက်အလက်များအရ ၂၀၂၁ မှ ၂၀၂၄ အတွင်း လက် နက်ကိုင်ခုခံမှုအားကောင်းရာ ခင်ဦးမြို့နယ်တွင် စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၄၈၀၀ ကျော် ပျက်စီးခဲ့သည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ရှမ်းမြောက်စစ်ဆင်ရေးများ အားကောင်းလာပြီးနောက် စစ်ကိုင်းတိုင်း အတွင်း တိုက်ပွဲများ ငြိမ်သက်သွားခဲ့ရာ ခင်ဦးနယ်လည်း အပါအဝင်ဖြစ်သည်။
ယင်းနောက်ပိုင်း ခင်ဦးနယ်တွင် စစ်ကြောင်းထိုးမှုများနည်းသွားသလို တိုက်ပွဲများလည်းမရှိ သလောက် ငြိမ်သက်သွားခဲ့ရာမှ ထိတွေ့တိုက်ပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိတွေ့တိုက်ပွဲဖြစ်သော်လည်း မြို့ပေါ်အခြေအနေမှာ ပုံမှန်အတိုင်းသာဖြစ်သည်ဟု မြို့ခံများက ပြောကြ သည်။




