အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းတပ်နှင့် ကိုးကန့်တပ်တို့ စစ်ရေးပဋိပက္ခ ပြေလည်ရေး ဆွေးနွေး 

SSPP/SSA လှုပ်ရှားရာ ဒေသများထဲမှ သိန္နီ၊ လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း သိမ်းပိုက်ခဲ့ပြီးနောက် ထိုမြို့နယ်နှစ်ခုတွင် ထိုနှစ်ဖွဲ့ကြား နယ်မြေ အငြင်းပွားမှု မကြာခဏ ဖြစ်လာသည်။

လားရှိုး၊ သီပေါမြို့နယ်များအတွင်း နယ်မြေစိုးမိုးရေး ကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP နှင့်   လားရှိုးမြို့နယ်၊ သံလွင်ရွာတွင် ဇွန်လ ၁၇ ရက်နေ့က ဆွေးနွေးခဲ့ကြသည်ဟု ကိုးကန့်တပ်MNDAA က သတင်းထုတ်ပြန်သည်။

“MNDAA အနေဖြင့် အခြားတိုင်းရင်းသား အဖွဲ့များနှင့် ပဋိပက္ခဖြစ်လိုခြင်းမရှိကြောင်း၊ လက်နက်ကိုင် အဖွဲ့များ အား ဖိနှိပ်ရန်ဆန္ဒမရှိကြောင်း” MNDAA ၏ ဇွန်လ ၁၈ရက် ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပဋိပက္ခပြေလည်ရေးအတွက် အပြန်အလှန် ဆက်သွယ်မှု မြှင့်တင်ရန်၊ အဆင့်မြင့် ဆက်သွယ်ညှိနှိုင်းရေး ယန္တရားဖွဲ့ စည်းရန် သဘောတူညီခဲ့ပြီး ဆက်သွယ်ရေး တာဝန်ရှိသူများကို ခန့်အပ်ခဲ့သည်ဟု MNDAA က ဆိုသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ SSPP/SSA ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

လားရှိုးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲ။ (ဓာတ်ပုံ – The Kokang)

တွေ့ဆုံပွဲတွင် MNDAA တပ်ဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ် Mr. Peng De Jun, အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ၊ အထွေ ထွေအတွင်းရေးမှူး ဗိုလ်ချုပ် Mr. Song Kecheng တို့ ဦးဆောင်တက်ရောက်ပြီး SSPP/SSA  တပ်ဖွဲ့မှ ဒုတိယတပ်မှူး ချုပ် ဗိုလ်ချုပ်ကြီး ဦးနိုင်ဖ (Nai Pa) ဦးဆောင် တက်ရောက်ခဲ့သည်။

 UWSA “ ၀” တပ်ဖွဲ့မှ ( ၇၁၀ ) ရှေ့တန်းဒုတိယ ကွပ်ကဲရေးမှူး Mr. Bao Ni Guo နှင့် အဖွဲ့လည်း တက်ရောက် ခဲ့သည်ဟု MNDAA က ဆိုသည်။

ရှမ်းမြောက်ဒေသ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ သိန္နီ၊ နမ့်ခမ်း၊ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း မြို့နယ်များသည် ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းရွာအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊  ရှမ်းပြည်တပ်မတော် (SSPP/SSA)  တပ်ဖွဲ့လှုပ်ရှားရာ ဒေသများ ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိန္နီ၊ လားရှိုးမြို့တို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး အဆိုပါမြို့ နယ်များတွင် SSPP နှင့် MNDAA ကြား နယ်မြေ အငြင်းပွားမှု မကြာခဏဖြစ်နေသည်။

ဧပြီ ၂၈ ရက်နေ့တွင် သီပေါမြို့နယ်၊ နမ္မကျောက်မီးသွေးတွင်းအနီးရှိ နမ္မ၊ ကုန်း ပေါင်၊ နာနန်း ကျေးရွာရှိ SSPP တပ်စခန်းများကို ဖယ်ရှားပေးရန်  MNDAA တပ်ဖွဲ့က တောင်းဆိုခဲ့ပြီးနောက်  တိုက်ပွဲစတင် ဖြစ်ခဲ့သည်။

နောက်တစ်နေ့တွင်  သီပေါမြို့နယ်အတွင်းရှိ တင်ဟိုင်းကျေးရွာ၊ ဟူးမီးကျေး ရွာ အနီး   နှစ်နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ခဲ့ပြီး SSPP ထိန်းချုပ်မှု အောက်ရှိ စိန်ကျော့တပ်စခန်းကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

၂ ရက်ကြာ တိုက်ပွဲများအပြီး နောက်တစ်နေ့တွင် SSPP က သတင်းထုတ်ပြန်ရာ ၂ ရက်အတွင်း  တိုက်ပွဲ ၈ နေရာတွင် ဖြစ်ခဲ့သည်၊ ရိုက်နှက်ဖမ်းဆီးမှု ၂၄ နေရာတွင် ဖြစ်ခဲ့သည်၊ ဘာသာစကား နားလည်မှု အားနည်းခြင်း၊ ဖြတ်သန်းသွားလာမှုကို တရားဝင်အကြောင်းကြားမှု အားနည်းခြင်းတို့ကြောင့် “မလိုလားအပ်သော ရုပ်ဆိုးအကျည်းတန်သော” ထိပ်တိုက်တွေ့မှုများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နယ်မြေအငြင်းပွားမှု ပြဿနာများနှင့် ပတ်သက်၍ ၂၀၂၅ မေလဆန်းပိုင်းတွင် နှစ်ဖက်တပ် ထိပ်ပိုင်းခေါင်းဆောင်များ  UWSA ထိန်းချုပ်ဒေသ ပန်ဆန်းတွင် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ပေ။

စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် လုပ်အားပေးနေသော SSPP/SSA  တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ – SSPP/SSA)

ဇွန် ၁ တွင်  လားရှိုးမြို့နယ်နားလိုင်ကျေးရွာအနီ ထပ်မံ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း MNDAA ကိုးကန့်တပ်ဘက်မှ ၈ဦး သေဆုံးရာ  တင်းမာမှု အမြင့်ဆုံးဖြစ်လာသည်။

တင်းမာမှုများ အဆုံးသတ်ရေးအတွက်   ထပ်မံတွေ့ဆုံခဲ့ကြပြီး နှစ်ဖက်တပ်များ ဆက်လက် တိုက်ခိုက်ခြင်း မပြုရန်၊ အဆင့်မြင့် ဆက်သွယ်ညှိနှိုင်းရေး ယန္တရားဖွဲ့စည်းရန် သဘောတူညီခဲ့ကြ သည်ဟု MNDAA  က ဆိုထားသည်။

လားရှိုး အခြေစိုက် ရှမ်းလူငယ်ခေါင်းဆောင် တစ်ဦးကမူ ယခုတွေ့ဆုံမှုရလဒ်နှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြခြင်း မရှိသေးဟု ထောက်ပြသည်။

“တိကျတဲ့ အဖြေရတယ်ဆိုရင်၊ နှစ်ဖက်လုံးကလည်း သဘောတူတယ်ဆိုရင် နှစ်ဖက်တပ်ဖွဲ့တံဆိပ်တုံးနဲ့ ရလဒ်တွေကို ထုတ်ပြန်ရမှာ။ အခုက အဲလိုမျိုးမဟုတ်သေးတော့ စောင့်ကြည့်ရဦးမယ်ထင်တယ်” ဟု သူက ပြောသည်။

တရုတ်၏ ဝင်စွက်မှုကြောင့် MNDAA က လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီလက်ထဲ ပြန်ထည့်ပေးခဲ့ရပြီး ကျေးရွာများကို ဆက်လက် ထိန်းချုပ်ထားသည်။

SSPPနှင့် MNDAA နှစ်ဖွဲ့စလုံးသည် အင်အားကြီး “၀”တပ်ဖွဲ့ ပါဝင်သည့်  ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC)  အဖွဲ့ဝင်များ ဖြစ်သည်။

ထိုကော်မတီတွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)  မိုင်းလားတပ်ဖွဲ့ ၊ ကချင်လွတ် မြောက်ရေးတပ်မတော် (KIO/KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၊   အာရက္ခတပ်တော်  (AA) တို့ လည်း ပါဝင်သည်။

လုပ်အားပေးနေသော   MNDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – The Kokang)

Related Articles

Back to top button