သတင်း

AA ထိုးစစ်ကြောင့် ရေကြည်အမြောက်တပ် လက်နက်ကြီးများ ကျုံပျော်သို့ ပြောင်းရွှေ့

ဧရာဝတီတိုင်း ရေကြည်မြို့အမြောက်တပ်မှ လက်နက်ကြီးများကို နေရာရွှေ့လိုက်ပြီ ဖြစ်ပြီး ထိုးစစ်ဆင်ခံနေရမှုမှာ တပ်ရင်းဌာနချုပ်၏ အဓိကကျသည့်နေရာဖြစ်သည့် ဗဟိုကင်းအထိ ရောက်သွားပြီဖြစ်သည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ်သည်  ဇွန် ၁၂ ရက်နေ့က စတင်ပြီး   ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသဖြင့်   လက်နက်ကြီးများကို  နေရာပြောင်းရွှေ့၍ အသုံးပြုနေသည်ဟု ဒေသခံများထံက သိရသည်။

အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့်   ဂွ-ငါးသိုင်းချောင်းကားလမ်း ပေါ်ရှိ      မြောက်စမ်းရွာအနီး အမြောက်တပ်၏ ကာကင်းစခန်းများကို ပြီးခဲ့သည့်အပတ်က သိမ်းပိုက်နိုင်ခဲ့ပြီး အမြောက်တပ်၏ဗဟိုကင်းအထိ ထိုးစစ်ဆင်နေပြီဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦး က Myanmar Now ကို ပြောသည်။ 

ဗဟိုကင်းသည် တပ်ရင်းဌာနချုပ်၏ အရေးပါ၊ အဓိကကျသည့်နေရာ ဖြစ်သည်။

“အဓိက ကာကင်းစခန်းတွေကို AA နဲ့ တော်လှန်ရေးတပ်တွေက သိမ်းထားပါပြီ။ အမတ (၃၄၄) က လက်နက် ကြီးတချို့ကိုတော့ မြောက်စမ်းရွာနဲ့ ၂၃ မိုင် ၅ ဖာလုံပဲ ဝေးတဲ့ ကျုံပျော်အခြေစိုက် ခမရ (၃၆) ထဲ ပြောင်းပြီး ကျုံပျော်မြို့မှာပဲ ခံစစ်ပြင်ထားတယ်” ဟု ၎င်းက ပြောသည်။ 

အမြောက်တပ်ကို သိမ်းပိုက်နိုင်ပါက ဧရာဝတီတိုင်း -ပဲခူးတိုင်း-မကွေးတိုင်းတို့ကို ချိတ်ဆက်ထားသည့် ပုသိမ်-မုံရွာလမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်နိုင်သွားမည်ဖြစ်သည်။

အမြောက်တပ်ကို ယခု နှစ်ဆန်းမှ စပြီး  AA နှင့် ပူးပေါင်းတပ်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်၊ မတ် ၂၈ ရက်နေ့ ငလျင်အပြီး တိုက်ပွဲများ ထိုနေရာအနီး ငြိမ်သက်သွားရာမှ ဇွန်လ ဒုတိယပတ်မှစတင်ကာ တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာသည်။ 

၎င်းတို့၏ အဓိကအရေးပါသည့် လက်နက်ကြီးများ ရှိသည့်နေရာ ထိုးစစ် ဆင်ခံရပြီးနောက်  နောက်တစ်ရက်တွင်   လက်နက်ကြီးများကို  ရွှေ့ပြောင်းလိုက်သည်ဟု ဒေသခံများထံက သိရသည်။

 ရွှေ့ပြောင်း သယ်ဆောင်လာသည့် လက်နက်ကြီး အရေအတွက် မသိရှိရသေးပေ။  

ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် ကျုံပျော်မြို့နယ် ညောင်ပင်ဆိပ်ရွာအနီးရှိ ခြေမြန်တပ်ရင်း  ခမရ (၃၆) တပ်သို့ လက်နက်ကြီးများတင်ဆောင်လာသည့် ယာဉ်များ  ရောက်ရှိလာသည်၊  အနီးရှိ ကျေးရွာများကိုလည်း တိမ်းရှောင်ရန် ညွှန်ကြားထားသည်ဟု ကျုံပျော်မြို့ခံတစ်ဦးက ပြောသည်။ 

“မနေ့က (ဇွန် ၁၅) က တိုင်းမှူးလာတယ်။ ခမရ ၃၆ အနားက ရွာတွေကို လက်နက်ကြီး စမ်းမှာမို့လို့ လန့်တတ် တယ်ဆိုရင် ရှောင်နေဖို့ အကြောင်းကြားထားတယ်” ဟု ၎င်းက ဆိုသည်။ 

ခမရ (၃၆) အနီးရှိ ပျဉ်ချောက်စိပ်၊ ဖိုးထောင့် နှင့် ညောင်ပင်ဆိပ်ရွာများမှ ဒေသခံများမှာ တိမ်းရှောင်နေကြသည်။

အမြောက်တပ်ကို  ခလရ (၃၆) က စစ်ကူအင်အား ဖြည့်တင်းပေးနေသည်၊ လေတပ်ကလည်း တရစပ် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာသတင်းဌာန သတင်းတစ်ပုဒ်တွင်  ယနေ့ (ဇွန် ၁၆)  ဖော်ပြထားသည်။ 

ဂွ-ငါးသိုင်းချောင်းလမ်းတလျှောက် နေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုင်ကျဆုံးမှုများနိုင် သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်က ဂွ-ငါးသိုင်းချောင်းလမ်းပိုင်းရှိ အဓိက အရေးပါသည့် ရေနံ့သာဂိတ်၊ စက်စက်ယို လမ်းဆုံဂိတ်တို့ကို အထိုင်ချ ပိတ်ဆို့ ထားပြီး ငါးသိုင်းချောင်းမြို့တည်ရှိရာ ငဝန်မြစ် အနောက်ဘက်ကမ်း ဒေသကို ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆင်ထားသည်ဟု ထိုဒေသ အခြေစိုက် ဧရာဝတီလူငယ်များသမဂ္ဂ (AYU) ၏ ပြောရေးဆိုခွင့်ရှိသူ ယောနသံ က ပြောသည်။ 

“ဒေါင့်ကြီးရွာက ရွာကျောင်းဘုန်းကြီးကျောင်းမှာလည်း စစ်တပ်က အထိုင်ကျပြီး ပိတ်ဆို့ ခံစစ်ပြင်နေတယ်။ ငါးသိုင်းချောင်းမြို့နဲ့ ရေကြည်မှာလည်း လူငယ်တွေကို ဧည့်စာရင်းစစ်ပြီး ပေါ်တာဆွဲတာတွေ ဖမ်းဆီးပြီး ရှေ့တန်းပို့တာတွေရှိတယ်” ဟု ၎င်းက ပြောသည်။ 

“အဓိကက တိုက်ပွဲဧရိယာအနီးက ကျေးရွာတွေက စစ်ရှောင်ရတယ်။ ငါးသိုင်းချောင်း၊ ရေကြည်နှင့် ကျုံပျော်မြို့ပေါ်တွင်ကို စစ်ဘေးရှောင် ပြောင်းရွေ့နေကြသူတွေလည်း ၂၀၀ ဝန်းကျင်ရှိတယ်။ ကျန်တဲ့ရွာ တွေက ပြည်သူတွေကတော့ ရွာနီးခြောက်စပ်နဲ့ ရိုးမတောင်ခြေအနီးကိုပဲ စစ်ရှောင်ကြရတာ”  

အဆိုပါ တိုက်ပွဲများကြောင့် ငါးသိုင်းချောင်း၊ရေကြည်နှင့်ကျုံပျော်မြို့များတွင် စစ်ရှောင်များ တိုးလာပြီး ဆေးဝါးနှင့်   ရိက္ခာများ လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

နှစ်ဆန်းပိုင်းက စတင်ပြီး  AA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မကျီးဇင်၊ ဘောမီနှင့် စစ်စခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ 

ငါးသိုင်း ချောင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များကို အဓိက ထိုးစစ်ဆင်ဝင်ရောက်လာခြင်း ဖြစ်သည်။

မတ်လက ရခိုင်ရိုးမတောင်ခြေ လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစု ရွာများကို ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရပြီးနောက် ထိုဒေသကို လေတပ် က လေကြောင်းဖြင့် နေ့စဉ်  ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် မေလ ဒုတိယပတ်အတွင်း လေးမျက်နှာမြို့မြောက်ဘက် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများအထိ တိုက်ပွဲများ ပြင်းထန်ခဲ့သေးသည်။ 

တိုက်ပွဲများနှင့် ပတ်သက်ပြီး နှစ်ဘက်တပ်များ သတင်းထုတ် ပြန်ခြင်း မရှိသေးပေ။

ဂွ-ငါးသိုင်းချောင်းလမ်းနှင့် ဆက်စပ်နေသည့်လမ်းပိုင်းကို စစ်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ် ထား၍ အဆိုပါလမ်းများကို အရေးတကြီးကိစ္စမှအပ အသုံးမပြုရန် ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်သော ထိုးစစ်အတွင်း AA သည် ရခိုင် ၁၄ မြို့နယ်နှင့် ချင်း ၁ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီနောက်  ရိုးမနှင့်ထိစပ်နေသော ရခိုင်ပြင်ပဒေသ များဖြစ်သော ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင်ပါ စစ်ရေးလှုပ်ရှားနေသည်။ 

Related Articles

Back to top button