သတင်း

ငဖဲမြို့တွင် တော်လှန်ရေးတပ် ဖမ်းမိထားသည့် စစ်သား ၂၆ ဦး ရှိလာ

AA နှင့်ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်နေသည့် နတ်ရေကန်စခန်းမှ ယခုလအတွင်း ထွက်ပြေးသူ စစ်ကောင်စီတပ်သား ၂၆ ဦးကို ချင်းကာကွယ်ရေးတပ်-အရှို က ဖမ်းထားသည်။

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကို   ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းတွင် စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၆ ဦးကို လက်နက်ခဲ ယမ်းများနှင့်အတူ ယခုလအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်-အရှိုထံက သိရသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ထွက်ပြေးလာကြသူ အများစုမှာ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများဖြစ်ကြ သည်ဟု ဆိုသည်။ 

နတ်ရေကန် (ဗျူဟာကုန်း)အနီး မီတာ ၁၅၀၀ ပတ်လည် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်ရေး လုပ် ဆောင်နေစဥ် ဇွန် ၆ မှဇွန် ၁၂ ရက်အတွင်း စစ်ကောင်စီ တပ်သား ၂၃ ဦးကို ဖမ်းမိသည်ဟု  ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖမ်းဆီးရမိတာက တပ်မ ၉၉ လက်အောက်ခံဖြစ်တဲ့ ခမရ ၁၁၃ နဲ့ ၄၂၀ က များတယ်။ အကုန်လုံးက ပြည်သူ့စစ် (စစ်မှုထမ်းစုဆောင်းခံရသူများ) တွေပဲ။ အမှတ်စဥ် ၆ ကနေ ၁၀ အဓိကပါ” ဟု သူက ဆိုသည်။

ဇွန် ၄ ရက်နေ့ကလည်း ထိုစခန်းမှ ထွက်ပြေးလာသူ ၃ ဦးကို လက်နက်ခဲယမ်းများ နှင့်အတူ   ဖမ်းမိခဲ့သေးသည်။

နတ်ရေကန်လေကြောင်း ရန်ကာကွယ်ရေးစခန်းသည် ပဒါန်းရွာမှ ၁၅ မိုင်ခန့် အကွာ၊ ရခိုင် – မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့် အကွာ ဆက်သွယ်ရေးအရ အချက်အချာကျသည့်နေရာတွင် တည်ရှိ သည်။

အမ်းမြို့နယ်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်များ အမ်း – ပဒါန်းလမ်းမှတဆင့် မကွေးတိုင်းအတွင်း ဝင်ရောက်လာရာ နတ်ရေကန် စခန်း၏ ကာကင်းများဖြစ်သည့် တောင်စောက်တောင်၊ ကံမြင့်ကန်နှင့် ဂုတ်စီးရိုးစခန်းများကို သိမ်းပိုက်ခဲ့ သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက နတ်ရေကန်စခန်းကို AA နှင့်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူအများအပြားသုံးကာ ခုခံခဲ့သည်။  

နတ်ရေကန်စခန်းမှာ လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်သော်လည်း အမ်းမြို့ လက်လွှတ်ရပြီးနောက် မကွေးတိုင်းအတွင်း AA တပ်များ ဝင်ရောက်လာမှုကို ဖြတ်တောက်ရန် စစ်ကောင်စီက ထိုစခန်း၌ စစ်အင်အားအများအပြားဖြည့်တင်းထားပြီး တိုက်ပွဲများ ဆက်ရှိနေသည်။ 

“ဂုတ်ကြီးရွာအနီး တောရကျောင်း၊ နတ်ရေကန် ကြား ကော်ဖီခြံ၊ဂုတ် ကြီးရွာနဲ့ ဘုံးဘောရွာကြား ဦးထုပ် တောင်(ဒေသအခေါ်)စတဲ့နေရာတွေမှာ တပ်စွဲထား တာရှိပေမယ့် ပင်ပစခန်းကြီး ကတော့ နတ်ရေကန် စခန်းတစ်ခုပဲကျန်တော့တယ်” ဟု ချင်းကာကွယ်ရေး တပ်-အရှိုမှ တာဝန်ရှိသူက ပြောသည်။

“ကျေးရွာတွေနဲ့တောတွင်းမှာ စကစ စခန်း အနည်းဆုံး ၈ ခုအထိရှိနိုင်တယ်။ စစ်တပ်က နတ်ရေကန်လမ်းဟောင်းကိုသုံးပြီး စစ်အင်အားဖြည့်တာမျိုးရှိတယ်”

အမ်း-ပဒါန်းလမ်းအခြေအနေပြမြေပုံ။

လက်ရှိတွင် နတ်ရေကန်လမ်းဟောင်းဘက်၌   တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက် က စစ်အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို အပြင် အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်များ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့ စစ်ရေးလှုပ်ရှားကြသည်။

လက်နက်စက်ရုံအများအပြားရှိသော မကွေးတိုင်းအတွင်း ဝင်ရောက်လမ်းဖြစ်သော  အမ်း – ပဒါန်းလမ်း လက်မလွှတ်ရရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး ဒေသကာကွယ်ရေးအဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှုများ ရှိနေသည်။

အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက ဖမ်းဆီးရမိမှုဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေသည်။ 

စစ်ရေးဗျူဟာအရ အရေးပါသော နတ်ရေကန်စခန်း 

အမ်း – ပဒါန်းလမ်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ခဲ့ရာ အမ်းမြို့နှင့် မကွေးတိုင်း ကို ဆက်သွယ်ထားသော ရခိုင်ရိုးမကိုဖြတ်သန်းဖောက်လုပ်ထားသည့် မိုင် ၆၀ ကျော်ရှည်သည့် လမ်းဖြစ် သည်။

ပဒါန်းကျေးရွာမှ ၁၅ မိုင်ခန့်အကွာ ၊ ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် အဆိုပါလမ်း ပိုင်းပေါ်တွင် တည်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းသည် စစ်ရေးဗျူဟာအရ အရေးပါ သည်။ 

အမ်း-ပဒါန်းလမ်းမှ ၁၀ မိုင်ခန့်အကွာ ငဖဲမြို့အနီး စစ်တပ်၏ ယမ်းချက်စက်ရုံ အမှတ် (၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ တည်ရှိသဖြင့် နတ်ရေကန်စခန်းသာကျပါက ထိုစက်ရုံကို AA နှင့် မဟာမိတ်တပ်များက ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

အလားတူ ငဖဲမြို့အနီး မင်းလှ(အထက်) မလွန်မြို့ဝန်းကျင် မော်တာကျည်ဆန်နှင့် အမြောက်ဆန်များ ထုတ်သည့် ကပစ −၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီး ၄၀ မီလီမီတာ တာဝေးပစ် ယာဉ်တင်ဒုံး ထုတ်သည့် ကပစ−၁၀ တို့ တည်ရှိသည်။

ထို့ကြောင့် နတ်ရေကန်စခန်း တော်လှန်ရေးတပ်များလက်သို့ ကျသွားပါက မကွေးတိုင်းရှိ စစ်ကောင်စီ တပ်စခန်းများနှင့် စစ်တပ်၏ထောက်တိုင်များဖြစ်သည့် လက်နက်စက်ရုံများအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်၊ ထိုစခန်းကို လက်မလွှတ်ရရေး စစ်တပ်က အပြင်းအထန် ကြိုးပမ်းနေ ခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

Related Articles

Back to top button