စစ်ကောင်စီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် နေထိုင်သူများကို မြို့ပြင်ထွက်ခွင့်၊ ကုန်စည်သယ်ဆောင်ခွင့်တို့ကို ကန့်သတ်ထားသည့်အတွက် မြို့တွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်ဟု ဒေသခံတို့က ပြောသည်။
ကော့ကရိတ်တွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၅၀၀၊ ဆန်ကြမ်းတစ်တင်းလျှင် ၈၀,၀၀၀ ဖြစ်နေရာ စားသောက်ကုန်စျေးနှုန်းမှာ အခြားမြို့များထက် သုံးဆ ကြီးမားနေသည်၊ ဓာတ်ဆီ ၁ လီတာလျှင် ၃၀,၀၀၀ ဖြစ်နေရာ စျေး ဆယ်ဆ တက်နေခြင်း ဖြစ်သည်။
စားသောက်ကုန်၊ လူသုံးကုန်များ စျေးတက်သည့်အပြင် ပြတ်လပ်လာသည်ဟု ကော့ရိတ်မြို့၊ ချောင်းတောင်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသား တစ်ဦးက ပြောသည်။
“အဲဒါတောင် လိုသလောက်မရဘူး၊ အကန့်အသတ်နဲ့ပဲ ဝယ်နေရတယ်။ အခု ပိတ်မိနေတာ ၂ လ ပဲ ရှိသေးတာ ဒီအခြေအနေဖြစ်နေပြီ။ နောက်ဆို မလွယ်ဘူး။ ပြည်သူတွေကိုပါ စစ်တပ်က ဓားစာခံသဘော လုပ်ထားတာ” ဟု သူက ပြောသည်။
ပိတ်မိနေသူတို့မှာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ စစ်ကောင်စီဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ ဖြစ်ကြောင်း သိရသည်။
ဧပြီလလယ်မှ စတင်ကာ ကရင်နှင့် မွန်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကော့ကရိတ်-ဘားအံ လမ်းပိုင်းကို ဖြတ်တောက်ကာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်။
ထိုလမ်းပေါ်ရှိ ကျုံဒိုးမြို့အနီး တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလ အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာ-ထိုင်း အာရှလမ်းမပေါ်ရှိ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ခုနှစ်တိုင် စသည့် စခန်းများ ဖြစ်သည်။
ထို့အတူ ကော့ကရိတ်နှင့် ကျုုံဒိုးမြို့အခြေစိုက် စစ်စခန်းများကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားကြသည်။ ထို့ကြောင့် ထိုစခန်းများသည် ၎င်းတို့ လိုအပ်သည့် ရိက္ခာနှင့် လက်နက်ခဲယမ်းကို လေကြောင်းအကူအညီဖြင့် ရယူနေရသည်။
မြို့တွင်း ပိတ်မိနေသည့် ဒေသခံတို့မှာ လျှို့ဝှက် ထွက်ခွာရန် ငွေအမြောက်အများ အကုန်ကျခံနေရသည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
“မြို့ထဲက ထွက်ချင်ရင် ခိုးထွက်နေရတယ်။ ကော့ကရိတ်ကနေ ဘားအံကို လူတစ်ယောက် ကယ်ရီခ ကျပ် တစ်သိန်းပေးရတယ်” ဟု သူက ပြောသည်။
ယခင်က မြဝတီလမ်းသည် ရန်ကုန်သို့ အမြန်ဆုံး ရောက်ရှိသော ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်သည်။ ထိုဒေသတွင် တိုက်ပွဲများ ပြင်းထန်လာရာ အာရှလမ်းမဟု ခေါ်သော မြဝတီနှင့် ကော့ကရိတ်ကြား အဝေးပြေးလမ်းမကြီးကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။
ယခုအခါ မိုးရာသီတွင် သွားလာရခက်ခဲလွန်းသော လမ်းများကို အသုံးပြုနေကြသည်။
လတ်တလော အခြေအနေများကြောင့် မြဝတီနှင့် ဘားအံ ကုန်စည်ပို့ဆောင်ခများလည်း အဆမတန်မြင့်တက်နေသည်။
မြ၀တီ-ထို့ကော်ကိုး-ဘားအံ လမ်းပိုင်းတွင် ကုန်တင်ယာဉ်တစ်စီးငှားရမ်းခမှာ ကျပ် သိန်း ၁၃၀ ဝန်းကျင် အထိရှိနေသည်။
အဆိုပါလမ်းပိုင်းရှိ ဂိတ်များတွင် ပေးရသည့်အခွန်အခ ကြီးမြင့်နေသည့်အတွက် ငှားရမ်းခ ထိုသို့ များပြားသွားခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။
မြဝတီ-ထို့ကော်ကိုး-ဘားအံ လမ်းပိုင်းတွင် ကရင်နယ်ခြားစောင့်-BGF၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ-PC တို့ပါဝင်သည့် ကရင်လက်နက်ကိုင်အဖွဲ့စုံဂိတ် ၂ ခု ရှိသည်၊ ဂိတ်တစ်ခုလျှင် ကျပ်သိန်း ၃၀ အခွန် ဆောင်ရသည်ဟု ကုန်သည်များက ပြောသည်။
“အရင်ကဆိုရင် ဂိတ်ကြေးက မြဝတီကနေ ဘားအံအရောက် သိန်း ၄၀ လောက်ပဲ ရှိတာ၊ အခုက ကော့ကရိတ်လည်း ဝင်မရဘူး၊ ကွေ့ပတ်သွားရတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆင်နွှဲခဲ့သည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲနှင့်အတူ ကုန်စည်စီးဆင်းမှုပြတ်တောက်ခဲ့သည်။
ထိုစဉ်က တော်လှန်ရေးပူးပေါင်းတပ်များက မြို့ကို လေးလကြာ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးဝင်ရောက်လာပြီးနောက် ပြန်လည်လက်လွှတ်ခဲ့ရသည်။
ထိုအချိန်မှစပြီး ယနေ့အထိ စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့အပြင်ဘက်၊ အာရှလမ်းမကြီးအနီး ရွှေကြက်မင်း ဘုန်းကြီးကျောင်းတွင် ခြေကုပ်ယူကာ အာရှလမ်းမ ပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြင်ဆင် ခဲ့သည်။
အောင်ဇေယျစစ်ဆင်ရေးမှာ မြဝတီမြို့ဘက်သို့ စစ်ကြောင်းထိုး သွားရောက်ရန် ရည်ရွယ်ချက်နှင့် အစပြုခဲ့ခြင်း ဖြစ်သော်လည်း တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ဟန့်တားမှုကြောင့် ရှေ့တိုးရန် ခက်ခဲခဲ့ပြီးနောက် မအောင်မြင်သော စစ်ဆင်ရေး ဖြစ်သွားသည်။
လတ်တလောတွင်လည်း မြန်မာ-ထိုင်း အာရှလမ်းမကြီးတလျှောက် ထိတွေ့ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေသည်။
မြဝတီခရိုင်အတွင်း စစ်စခန်းများကို တော်လှန်ရေးအင်အားစုက ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည်ဟုသိရသည်။
စစ်တပ်က ထိုဒေသ တိုက်ပွဲများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
ပြီးခဲ့သည့် ရက် ၃၀ အတွင်း စစ်တပ်၏ အင်တာနက်စာမျက်နှာတွင် ကရင်ပြည်နယ်သတင်း ၄ ပုဒ် ဖော်ပြထားသော်လည်း ထိုသတင်းများမှာ နယ်စပ်ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်းသို့ ရောက်နေသူများ နေရပ်ရင်း ပြန်ပို့ခံရမည့်အကြောင်းများ ဖြစ်သည်။



